စီးပွားရေးပိတ်ဆို့မှုများကြားမှ တန်ဖိုးပြန်တက်လာသော ရုရှားရူဘယ်ငွေ

စီးပွားရေးပိတ်ဆို့မှုများကြားမှ တန်ဖိုးပြန်တက်လာသော ရုရှားရူဘယ်ငွေ
ဖေဖော်ဝါရီ ၂၈ ရက်က မော်စကိုမြို့တွင် ရုရှားရူဘယ်နှင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေတို့ လဲလှယ်နှုန်းကို ပြသထားသော ငွေလဲလှယ်သည့် ရုံးတစ်ခုကို လူများ ဖြတ်လျှောက်သွားကြစဉ် ( Photo-AP)
ဖေဖော်ဝါရီ ၂၈ ရက်က မော်စကိုမြို့တွင် ရုရှားရူဘယ်နှင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေတို့ လဲလှယ်နှုန်းကို ပြသထားသော ငွေလဲလှယ်သည့် ရုံးတစ်ခုကို လူများ ဖြတ်လျှောက်သွားကြစဉ် ( Photo-AP)
Published 1 April 2022
မိုးဧအောင်

ရုရှား-ယူကရိန်းစစ်ပွဲ သုံးဆယ့်သုံးရက် တင်းတင်းပြည့်ချိန်၊ ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်၌ ရုရှားသုံးငွေ ရူဘယ် (ruble) တန်ဖိုးသည် စစ်မဖြစ်မီက ငွေလဲလှယ်နှုန်းအတိုင်း ပြန်လည်မြင့်တက်လာခဲ့သည်။ ယူကရိန်းကို ရုရှားတို့ အထူးစစ်ဆင်ရေး စတင်ခဲ့ပြီးနောက် မတ်လပထမပတ်တွင် အမေရိကန်ဒေါ်လာနှင့် ရူဘယ်လဲလှယ်နှုန်း အထူးတလည် ကျဆင်းသွားခဲ့ရာမှ ယခု ရူဘယ်တန်ဖိုး ၆၀ ရာခိုင်နှုန်း ပြန်တက်လာရာ တစ်လအတွင်း ကမ္ဘာ့စွမ်းဆောင်ရည် အမြင့်ဆုံးငွေသားအဖြစ် စာရင်းအင်းအချက်အလက်များနှင့် ဂရပ်များက ညွှန်ပြနေသည်။



မတ်လ ၇ ရက်က အမေရိကန်တစ်ဒေါ်လာလျှင် ၁၃၉ ရူဘယ်အထိ တန်ဖိုးကျဆင်းခဲ့ရာမှ၊ မတ်လ ၂၉ ရက် အင်္ဂါနေ့တွင် တစ်ဒေါ်လာလျှင် ၈၅.၁ ရူဘယ်နီးပါး တန်ဖိုးပြန်လည်မြင့်တက်လာသည်။ ယခုနှုန်းထားမှာ ယူကရိန်းစစ်ပွဲ မစတင်မီ အမေရိကန်ဒေါ်လာ - ရုရှားရူဘယ် လဲလှယ်နှုန်းအောက် ၁၀ ရာခိုင်နှုန်းအောက်သာ လျော့ပါးတော့သည့် အနေအထားသို့ ပြန်လည်ရောက်ရှိသွားခြင်း ဖြစ်သည်။ Bloomberg ၏ စာရင်းအချက်အလက်များအရ ရုရှားကျူးကျော်စစ်မတိုင်မီ ကုန်သွယ်ရေးကဏ္ဍ၌ ရူဘယ်၏ အမေရိကန်တစ်ဒေါ်လာနှုန်းထားမှာ ၇၆ ဖြစ်သည်။ နောက်တစ်ရက်တွင် ရူဘယ်တန်ဖိုး ၅.၂ ရာခိုင်နှုန်း ထပ်မံမြင့်တက်ကာ အမေရိကန်တစ်ဒေါ်လာလျှင် ၈၂.၉ ရူဘယ်၊ ဥရောပတစ်ယူရိုလျှင် ၉၄.၇၆ မှ ၉၂.၁၀ ရူဘယ်အထိ တန်ဖိုးတက်လာသည်။



ငွေကြေးသရုပ်ခွဲစိစစ်သူ ပညာရှင်များက စစ်ပွဲစတင်ပြီးနောက် ရူဘယ်၏ တန်ဖိုးလျော့ကျခြင်းမှာ ဥရောပနှင့် အမေရိကန်တို့၏ တားဆီးကန့်သတ် ပိတ်ဆို့မှုများ (sanctions) အတိုင်းအတာနှင့် နှိုင်းစာသော် အဆိုးကြီးမဟုတ်လှဟု သုံးသပ်ကြသည်။ ဆန်ရှင်၏ အစိတ်အပိုင်းအဖြစ် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့သည် ရုရှားဗဟိုဘဏ်၏ နိုင်ငံခြားသုံး သီးသန့်ရံပုံငွေ (ရုရှားနိုင်ငံပြင်ပရှိ မြှုပ်နှံတန်ဖိုး) ၏ ထက်ဝက်ပမာဏဖြစ်သော အမေရိကန်ဒေါ်လာ ၆၄၀ ဘီလီယံခန့်ကို သုံးစွဲ၍မရအောင် ဆိုင်းင့ံပစ်ခဲ့သည်။



ရုရှားကုမ္ပဏီများနှင့် ရုရှားပုဂ္ဂလိကလုပ်ငန်းရှင်များ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အမေရိကန်ဒေါ်လာနှင့် ယူရိုငွေ အသုံးပြုမှုအား ပိတ်ပင်ခဲ့သည်။ ရုရှားနိုင်ငံအတွင်း စီးပွားရေးလုပ်နေသည့် အနောက်နိုင်ငံများမှ ကုမ္ပဏီ ၄၀၀ ကျော်သည် ဆောင်ရွက်ဆဲလုပ်ငန်းများကို ပိတ်သိမ်းရပ်တန့်ခဲ့ကြသည်။ ရုရှား၏ အဓိကဘဏ်ကြီးများကို ကမ္ဘာလုံးဆိုင်ရာ ဘဏ်လုပ်ငန်းစု၏ ဘဏ္ဍာရေးဆိုင်ရာ ဆက်သွယ်ရေးအဖွဲ့ (Society for Worldwide Interbank Financial Telecommunication - SWIFT) က ကွန်ရက်အသုံးပြုခွင့်အား ဖြတ်တောက်ခဲ့သည်။ SWIFT သည် ဘဏ္ဍာရေးဆိုင်ရာ စာရင်းအရွှေ့အပြောင်းနှင့် ငွေပေးငွေယူကိစ္စရပ်များကို ကမ္ဘာအနှံ့ရှိ ဘဏ်များအကြား ဆက်သွယ်ဆောင်ရွက်၍ ဝန်ဆောင်မှုပေးနေသော အဖွဲ့အစည်းဖြစ်သည်။ သို့ဖြစ်၍ ရုရှား၏ အနောက်နိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်နေသော ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေးကဏ္ဍ လုပ်ငန်းများအားလုံးကို SWIFT က ဖြတ်တောက်ပစ်လိုက်သည်။



ရုရှားဈေးကွက်သည် ဖေဖော်ဝါရီ ၂၄ ရက်၊ အထူးစစ်ဆင်ရေးကို အကြောင်းပြု၍ အနောက်အုပ်စု ဆန်ရှင်ကန့်သတ်မှုများကို "စစ်ဦးဘီလူး" ခံခဲ့ကြရပြီး ယခုအခါ တဖြည်းဖြည်းချင်း ပြန်လည်လှုပ်ရှားလာကြသည်။



ကျွမ်းကျင်သူတို့၏ အဆိုအရ ရူဘယ်ငွေ အခြေအနေ ပြန်လည်တိုးတက်လာရခြင်းမှာ အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများသည် အစပိုင်း၌ မျှော်မှန်းခဲ့သည်ထက် ပိုမိုပျော့ပျောင်းခဲ့ခြင်းက အချက်တစ်ခုဖြစ်သည်။ ဆန်ရှင်များ၊ ထိန်းချုပ်မှုများသည် ရုရှားစီးပွားရေး အဆောက်အအုံကို ကြွေးမဆပ်နိုင်သည့် အခြေအနေအထိ ထိုးချခဲ့သော်ငြား၊ အချိန်တိုအတွင်း အက်ဆက်များကို အမြတ်ရရန် ထုတ်ရောင်းခဲ့ကြသဖြင့် ရူဘယ်ငွေအခြေအနေ ပြန်ကောင်းသွာခြင်းဖြစ်သည်။



ITI Capital ၏ မဟာဗျူဟာ ပညာရှင် အစ္စကန်ဒါ လူကိုက "လက်ရှိဈေးကွက် အခြေအနေဟာ ရုရှားနဲ့ ယူကရိန်းအကြား စေ့စပ်ဆွေးနွေး ညှိနှိုင်းမှုအပေါ်မှာလည်း မူတည်နေတယ်"ဟု ပြောကြားသည်။ ရုရှား၏စတော့ဈေးကွက်သည် စစ်ဖြစ်နေသော နှစ်နိုင်ငံကိုယ်စားလှယ်များ တူရကီတွင် စေ့စပ်ဆွေးနွေးချိန်မှစတင်၍ အခြေအနေ ပြန်ကောင်းလာခြင်းဖြစ်သည်။



ဆန်ရှင်များ ရှိနေသည့်တိုင် ဥရောပနိုင်ငံများသည် ရုရှားထံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ဆက်လက်ဝယ်ယူနေရခြင်း၊ တရုတ်အပါအဝင် စန်းပွင့်သောဈေးကွက်များမှာ ရုရှားနှင့် အဓိကကုန်သွယ်နေကြခြင်းတို့ကြောင့် စီးပွားရေးဆိုင်ရာဖိစီးမှုများ လျော့ပါးရခြင်းဖြစ်ကြောင်း JM ဘဏ္ဍာရေးမှ အုပ်ချုပ်မှုဒါရိုက်တာ ဒါနန်ဂျေဆင်းက ထောက်ပြသည်။



အချို့ကျွမ်းကျင်သူများက ရုရှားနိုင်ငံသုံးငွေ၏ ရုန်းကန်မှုမှသည် အထူးသဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို နိုင်ငံတကာဈေးကွက်၌ အရောင်းအဝယ်ပြုရာတွင် ဒေါ်လာကို ကြားခံထားသည့်စနစ် ခေတ်ကုန်ရန် အရိပ်အယောင်တွေ့နေရပြီဟု သုံးသပ်ကြပါသည်။



ရူဘယ်ငွေဈေး ထိုးတက်သွားရသော အကြီးမားဆုံး အကြောင်းရင်းခံတစ်ရပ်မှာ ရုရှားသမ္မတက မိတ်ဆွေရင်းချာမဟုတ်သော နိုင်ငံများဖြစ်သည့် ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဩစတေလျ၊ နယူးဇီလန်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် တိုင်ဝမ်တို့ကို ရုရှားဓာတ်ငွေ့များ ဝယ်ယူရာတွင် ရူဘယ်ငွေဖြင့် ပေးချေရန် ကြေညာလိုက်ခြင်းပင် ဖြစ်သည်။



အကယ်၍ ဥရောပနိုင်ငံများက ထိုသို့ပေးချေရမည့် အတင်းအကြပ်အခြေအနေသို့ ရောက်ရှိခဲ့သော် သူတို့သုံးစွဲနေကျ ယူရိုနှင့် ဒေါ်လာများကို ရူဘယ်ငွေအဖြစ် လဲလှယ်ကြရတော့မည်။ ထိုအခါ ကမ္ဘာလုံးဆိုင်ရာ ရူဘယ်ငွေသားလိုအပ်ချက် ပေါ်ပေါက်လာပြီး၊ ဒေါ်လာ၊ ယူရိုတို့နှင့်ယှဉ်သော ရူဘယ်တန်ဖိုးမှာ ထပ်မံမြင့်တက်လာဦးမည်။ ရုရှားနိုင်ငံတ့င်း၌မူ ရူဘယ်ကို အများဆုံးအသုံးပြုသောစနစ် ထွန်းကားပြီးဖြစ်သည်။



အမေရိကန်နှင့် မဟာမိတ်များပါဝင်သော စက်မှုထိပ်သီး ခုနစ်နိုင်ငံအုပ်စု (G7) က ရုရှားဓာတ်ငွေ့ဝယ်ယူရာတွင် ရူဘယ်ငွေဖြင့် ပေးချေရန်အဆိုကို ငြင်းပယ်ထားကြသည်။ ဥရောပသမဂ္ဂက သုံးစွဲလျင်ရှိသော သဘာဝဓာတ်ငွေ့၏ ၄၀ ရာခိုင်နှုန်းကို ရုရှားထံမှ ရရှိနေခြင်းဖြစ်သည်။



ထိုအတောအတွင်း ဧပြီ ၁ ရက်မှစတင်ကာ ရုရှား၏ သဘာဝဓာတ်ငွေ့ကို မိတ်ဆွေရင်းချာမဟုတ်သော နိုင်ငံများအတွက် ရူဘယ်ငွေဖြင့်သာ ရောင်းချမည့် အမိန့်ဒီကရီကို သမ္မတ ပူတင်က လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။



ပြင်သစ်နိုင်ငံ၊ ပဲရစ်အခြေစိုက် နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (International Energy Agency - IEA) က ရုရှားနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှု ဆန်ရှင်များသည် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းဆီ ဦးတည်သွားနိုင်ကြောင်း ညွှန်းဆိုခဲ့သည်။ "ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်စနစ်မှာ ရုရှားရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပါ။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းရဲ့နောက်မှာ စွမ်းအင်အကျပ်အတည်းပါ ကပ်လိုက်လာလိမ့်မယ်"ဟု IEA အကြီးအကဲ ဖာတီဘာရိုက ပြောကြားခဲ့သည်။



Credit Suisse ၏ သရုပ်ခွဲပညာရှင် ဇိုလ်တန် ပိုဇာကလည်း ရုရှားအပေါ် ကန့်သတ်ပိတ်ဆို့ အရေးယူမှုများသည် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအစီအစဉ်သစ်ဆီ ဦးတည်သွားလိမ့်မည်ဟု အစောပိုင်းကပင် သတိပေးခဲ့ဖူးသည်။ "ကျွန်ုပ်တို့သည် ငွေကြေးဆိုင်ရာအစီအစဉ် လောကသစ်တစ်ရပ် ပေါက်ဖွားလာခြင်းကို မျက်တွေ့လက်တွေ့ မြင်နေရသည်။ ကုန်ပစ္စည်းအပေါ် အခြေပြုသော အရှေ့တိုင်း၏ ငွေစက္ကူများက ယူရိုဒေါ်လာစနစ်ကို အားပျော့စေကာ အနောက်နိုင်ငံများသို့ ငွေကြေးဖောင်းပွစေရန် တွန်းအားပေးသွားလိမ့်မည်"ဟု မတ်လ၊ ပထမပတ် အစီရင်ခံစာတွင် ရေးသားခဲ့သည်။



သမ္မတ ဂျိုးဘိုင်ဒင်၏ အမေရိကန်အစိုးရသည် ရူဘယ်ငွေ အခြေမလှဖြစ်စေရန်အတွက် တားဆီးပိတ်ဆို့မှု ဆန်ရှင်များ ချမှတ်ခဲ့သည့်အပြင် ရုရှား၏ သီးသန့် နိုင်ငံခြားရံပုံငွေများကို သုံးစွဲ၍မရအောင် အားထုတ်ခဲ့ပြီး ဖြစ်သည်။



"အခုလိုမျိုး အရင့်အရင် တစ်ခါမှမရှိဖူးတဲ့ ဆန်ရှင်တွေကို ချမှတ်ခြင်းအားဖြင့် ရူဘယ်ငွေတွေအားလုံး မကြာခင်မှာ သုံးစားမရအောင် တန်ဖိုးကျသွားမှာပါ"ဟု လွန်ခဲ့သောသီတင်းပတ်၊ ပိုလန်ခရီးစဉ်အတွင်း သမ္မတ ဘိုင်ဒင်က မိန့်ခွန်းခြွေခဲ့သည်။ အတိုက်အခံ ရီပတ်ဘလစ်ကင်များရော၊ ယူကရိန်းသမ္မတ ဇယ်လင်စကီးကပါ ပိတ်ဆို့မှုဆန်ရှင်များ တစ်ရစ်ထက်တစ်ရစ် ပိုမိုတင်းကြပ်ရန် ဖိအားပေးမှုကို ဘိုင်ဒင်အနေနှင့် ရင်ဆိုင်နေရသည်။



ဘိုင်ဒင်၏ စကားမဆုံးမီ တန်ဖိုးတက်၍ ပြန်လည်နိုးကြွလာသော ရူဘယ်ငွေကြေးကို အမှန်တကယ် တန်ဖိုးကျဆင်းစေလိုလျှင် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့သည် ရုရှား၏ ပြည်ပသို့တင်ပို့နေသော စွမ်းအင်ကဏ္ဍကို ဖြတ်တောက်ပစ်လိုက်ရန်သာ ရှိပါသည်။ ဤလမ်းကို ရွေးချယ်ရန်အတွက် "မှိုနှင့်မျှစ်ကို နုတ်ချင်၏၊ ကျဉ်တုပ်ခံဝံ့ မခံဝံ့"ဟု မေးခွန်းထုတ်ရန်သာ အကြောင်းရှိပါသည်။ ။


 

Most Read

Most Recent