ကမ္ဘာ့ကပ်ရောဂါများ

ကမ္ဘာ့ကပ်ရောဂါများ
Photo: researchoutreach.org
Photo: researchoutreach.org
Published 27 March 2022
ဒေါက်တာလွင်သန့်

ကမ္ဘာတစ်ဝန်း (၂၀၁၉-၂၀၂၀) မှာဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံ ဂူဟန်တုပ်ကွေး (COVID-19) ကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် (၂၀၂၀ ပြည့်နှစ် မတ် ၁၁ ရက်က သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကို (Pandemic disease) လို့ သုံးနှုန်းပါတယ်။ ဂရိစကားဖြစ်ပြီး (pan” အားလုံး) နဲ့ (denic = လူများ) များလို့ အဓိပ္ပာယ်ရပြီး ကမ္ဘာ့လူသားအများစုမှာ ဖြစ်ပွားတဲ့ရောဂါလို့ ဆိုလိုပါတယ်။

ကပ်ရောဂါ (Pandemic) ဟာ အချိန်တိုတစ်ခုအတွင်း လူ့အသိုင်းအဝန်းကြားမှာ လျင်မြန်စွာပျံနှံ့ပြီး ဒုက္ခပေးတတ်တဲ့ ကူးစက်ရောဂါတစ်မျိုးကို ခေါ်ဆိုပါတယ်။ အင်္ဂလိပ်ဘာသာ အပ္ပီဒါးမစ် (epidemic) လို့ သုံးနှုန်းပါတယ်။ နိုင်ငံတစ်ခုအတွင်း အစာရေမသန့်ရှင်းလို့ဝမ်းလျှောဝမ်းပျက်ရောဂါဖြစ်ရင် အဆိုပါဒေသကို (epidemic outbreak) လို့ခေါ်ဆိုပါတယ်။ တစ်ကမ္ဘာလုံးပျံ့နှံ့ခြင်း မဟုတ်ဘဲ ဒေသတစ်ခုမှာဖြစ်ပွားတာပါ။

ရောဂါတစ်ခုဟာ ဒေသတစ်ခုမှဒေသတစ်ခုသို့ နိုင်ငံတစ်ခုမှ ကျန်ကမ္ဘာ့နိုင်ငံများကို လျင်မြန်စွာကူးစက်ပြီး သေဆုံးမှုအများအပြား ပေါ်ပေါက်လာရင်အဆိုပါရောဂါကို ပင်ဒါးမစ် (pandemic) ကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်ပါတယ်။ အဆိုပါ သတ်မှတ်ခြင်းကိုနိုင်ငံများစွာပါဝင်ဖွဲ့စည်းထားတဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က သတ်မှတ်ပေးပါတယ်။ ကမ္ဘာ့ကုသသမဂ္ဂ မပေါ်ခင်က ကပ်ရောဂါရှိဖူးပါတယ်။

(က) အေသင်ကပ်ရောဂါ (Plague of Althens) (BC430-426) - လေးနှစ်ကြာဖြစ်ခဲ့ဖူးပါတယ်။ အေသင်မြို့မှာ ဖြစ်ပွားခဲ့တဲ့ကပ်ရောဂါဆိုးကြီးဖြစ်ပါတယ်။

ရောဂါဖြစ်ပွားတဲ့ လေးနှစ် ကာလအတွင်း နိုင်ငံရဲ့လူဦးရေ လေးပုံတစ်ပုံ သေဆုံးခဲ့ကြပါတယ်။ အင်အားကြီးမားတဲ့အေသင်စစ်တပ်ကြီးဟာ လူအင်အားအကြီးအကျယ် လျော့နည်းခဲ့ပြီး ဂရိတို့ရဲ့တန်ခိုးအာဏာမှာ လျော့ကျခဲ့ပါတယ်။ ကပ်ရောဂါဖြစ်ပွားရတဲ့အကြောင်းရင်းကို သေသေချာချာမသိခဲ့လို့ သမိုင်းသုတေသီများ၊ ဆေးပညာရှင်များ ငြင်းခုံခဲ့ကြရပါတယ်။ ၂၀၀၆ ခုနှစ် ဇန်နဝါရီမှာ အေသင်တက္ကသိုလ်မှ သုတေသီများဟာ အေသင်မြို့တစ် နေရာမှာ လူအများအပြားကို မြှုပ်နှံထားတဲ့ ရှေးဟောင်းသချႋုင်းတစ်ခုကို တွေ့ရှိခဲ့ကြပါတယ်။ အဆိုပါသချႋုင်းရှိ ဦးခေါင်းရိုးမှ သွားအချို့ရရှိထားရာ အဆိုပါသွားတွေကို ခေတ်မီသိပ္ပံ နည်းကျ ဓာတ်ခွဲစစ်ဆေးကြည့်ရာ ရုပ်ကြွင်းများ၊ သွားအားလုံးမှာ တိုက်ဖွိုက် (Typhoid) ပိုးတွေရှိခဲ့ပါတယ်။ ထိုအချိန်မှာ အေသင်ပလိပ်ရောဂါကပ်ဟာ ပလိပ်ရောဂါ (Plague) ကြောင့်မဟုတ်ဘဲ တိုက်ဖွိုက်ရောဂါ တစ်နိုင်ငံလုံးကူးစက်ဖြစ်ပွားရာမှ သေဆုံးရခြင်းဖြစ်ကြောင်း ဖော် ထုတ်နိုင်ခဲ့ပါတယ်။

 (ခ) ဂါလန်းပလိပ်ရောဂါ- နိုင်ငံအရှေ့ဘက်ကို စစ်ချီတက်ပြီး ပြန်လာတဲ့ ရောမစစ်သားများနဲ့အတူ ပါလာတဲ့ရောဂါဖြစ်ပါတယ်။  အေဒီ (၂၅၀-၂၆၆) မှ (၁၆၅-၁၈၀)အထိ ၁၅ နှစ်ကြာဖြစ်ပွားခဲ့ပြီး လူငါးသန်း သေဆုံးခဲ့ရပါတယ်။ အဆိုပါပလိပ် ရောဂါဟာ အေဒီ(၂၅၀-၂၆၆) ခုနှစ် များမှာ ထပ်မံဖြစ်ပွားခဲ့ရာ တစ်နေ့ တည်း လူငါးထောင်သေဆုံးခဲ့ကြောင်း သမိုင်းမှတ်တမ်းအရ သိရပါတယ်။ ဂါလန်းပလိပ်ရောဂါလို့ နာမည်တပ်ထားပေမဲ့ နောက်ကြောင်း ပြန်လေ့လာမှုများအရ “ကျောက်ရောဂါ” ကူးစက်မှုကြောင့် သိရှိနိုင်ခဲ့ပါတယ်။

(ဂ) ဂျပ်စတင်နီယန်ပလိပ်ရောဂါ- “ကမ္ဘာ့ပထမဆုံးပလိပ်ရောဂါကပ်ဖြစ်ပြီး ခရစ်နှစ် (၅၄၁-၇၅၀) အထိ နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့ပါတယ်။ အီဂျစ်နိုင်ငံမှ ပလိပ်ဖြစ်ပွားခဲ့ပြီး ကျန်ကမ္ဘာ့နိုင်ငံများအထိ လျင်မြန်စွာကူးစက်ခဲ့ပါတယ်။  ဥရောပနဲ့ အခြားဒေသများကို သင်္ဘောကတစ်ဆင့်သယ်ဆောင် ကူးစက်သွားခဲ့ပါတယ်။ “ပလိပ်ရောဂါ” ကူးစက်မှုကြောင့် ဥရောပတိုက်ရဲ့ လူဦးရေ ၅၀ ရာခိုင်နှုန်း (သို့မဟုတ်) ထက်ဝက်ကျော်လျော့ကျ သွားခဲ့ဖူးတယ်။

 (ဃ) ပလိပ်ရောဂါ (Black Death) ကမ္ဘာ့ဒုတိယပလိပ်ရောဂါကပ်ဖြစ်ပြီး နှစ်ပေါင်း ၆၀ ကြာ (၁၃၃၁-၁၃၅၃) ခုနှစ်အထိ ဖြစ်ခဲ့တဲ့ ပလိပ်ရောဂါကပ်ဆိုးကြီးပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာသေဆုံးသူပေါင်း ၇၅ သန်းကျော်ရှိခဲ့ပါတယ်။ ငြိမ်သွားလိုက်၊ ပြန်ထဖြစ်လိုက် ပြီးသွားတယ်မရှိဘဲ ထပ်ပြန်တလဲလဲ ပေါ်ပေါက်လာတဲ့အတွက် လူအသေအပျောက်များခြင်းဖြစ်ပါတယ်။ အဆိုပါ ပလိပ်ရောဂါဟာ ၁၈၆၅-၁၈၆၆ ခုနှစ်မှာ လန်ဒန်မြို့ကို ကူးစက်ရောက်ရှိလာခဲ့ရာ လူဦးရေ ရဲ့ငါးပုံတစ်ပုံရှိတဲ့ လူဦးရေတစ်သိန်း သေဆုံးသွားခဲ့ပါတယ်။

(င)တတိယမြောက်ပလိပ်ရောဂါ- ၁၈၅၅ ခုနှစ်မှာ တရုတ်နိုင်ငံမှစတင်ပြီး အချိန်တိုအတွင်း အိန္ဒိယနိုင်ငံကို ကူးစက်သွားခဲ့တယ်။ ၁၈၅၅ ခုနှစ်တစ်နှစ်တည်းမှာ ပလိပ်ကပ်ရောဂါကြောင့် သေဆုံးသူ ၁၀ သန်းခန့်ရှိပါတယ်။ နောင်မှာ ပလိပ်ရောဂါဟာ အမေရိကန်ပြည်ထောင်စုပါ ကူးစက်ခဲ့ရာ အမေရိကန်သမိုင်းမှာ ပထမဆုံးဖြစ်ပွားတဲ့ ကပ်ရောဂါအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

(စ) စပိန်တုပ်ကွေး (Inflenza) ကပ် - (၁၈၁၈-၁၉၂၀)ပြည့်နှစ်အထိ ကြာမြင့်ပြီး လူသန်း ၅၀၀ ကူးစက်ခံခဲ့ ပါတယ်။ စပိန်နိုင်ငံက စတင်ခဲ့တဲ့ တုပ်ကွေးရောဂါဟာ  ပစိဖိတ်ကျွန်း နိုင်ငံများ အာတိတ်စက်ဝိုင်းအထိ ပျံနှံ့ ရောက်ရှိသွားပါတယ်။ လူသန်း (၅၀-၁၀၀) အထိ သေဆုံးခဲ့ရပြီး ပထမကမ္ဘာစစ်အတွင်းသေဆုံးသွားတဲ့ တစ်ကမ္ဘာလုံးမှ စစ်သားအရေအတွက်ထက်ပိုမိုနေပါတယ်။ ၂၅ နှစ်အတွင်း အေအိုင်ဒီအက် (HIV/AIDS)ကြောင့် သေဆုံးသွားရသူ တစ်ကမ္ဘာလုံးရှိလူနာအရေအတွက်ထက် စပိန်တုပ်ကွေးက ၂၅ ပတ် ကာလအတွင်း သေဆုံးသူပိုများပြားပါတယ်။

(ဆ) ၁၅၁၈ ကျောက်ရောဂါကပ် - ၁၅၁၈ ခုနှစ်မှာ မက္ကဆီကိုမှ စတင်ခဲ့တဲ့ ကျောက်ရောဂါဖြစ်ကာ တစ်နေရာတည်းမှာ လူတစ်သိန်းခွဲ သေဆုံးခဲ့ရတဲ့ ရောဂါဖြစ်ပါတယ်။ ထပ်ခါတလဲလဲပြန်ဖြစ်သွားတတ်လို့ တစ်ကမ္ဘာလုံးမှာ ကျောက်ရောဂါဆိုးကြီးကို ကြောက်လန့်ခဲ့ကြပါတယ်။ ဒေါက်တာဂျင်းနာက ကျောက်ရောဂါကာကွယ်ဆေး တီထွင် ထိုးနှံနိုင်ခဲ့ရာမှ ယခုအခါ လူသားတို့က အနိုင်ရသွားတဲ့ ပထမဆုံး ဗိုင်းရပ်ကူးစက်ရောဂါ ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ ကမ္ဘာမြေပေါ်မှ ကျောက်ရောဂါပျောက်သွားပြီဖြစ် ပါတယ်။

(ဇ) ကာလဝမ်းကပ်ရောဂါ (Cholera) - ယခုအချိန်အထိ ကမ္ဘာ့နိုင်ငံများကို ခြိမ်းခြောက်နေတဲ့ ကပ်ရောဂါဆိုးကြီးဖြစ်ပါတယ်။ (၁၈၁၇- ၁၈၂၄) ခုနှစ်မှာ ပထမဆုံးကာလ ဝမ်းကပ်ရောဂါ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယမှစတင်ကာ တစ်ကမ္ဘာလုံး ကူးစက်ပျံ့နှံ့ခဲ့ပါတယ်။ အင်္ဂလိပ်စစ်သားတစ်ထောင်ကျော်နဲ့ ဒေသခံတိုင်းရင်းသားတို့ သေကျေခဲ့ပါတယ်။  (၁၉၆၁-၁၉၇၅)အထိ ကမ္ဘာ့ကပ်ရောဂါအဖြစ်ထပ်မံပေါ်ပေါက်ခဲ့ပြီး ယနေ့တိုင် ကြိုကြားကြိုကြား ဖြစ်နေပါတယ်။

(င) တုပ်ကွေးကပ်ရောဂါ- တရုတ်နိုင်ငံမှ ကပ်ရောဂါ (SARS) က ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့ပြီး ကူး စက် ၈၀၉၆ ဦး၊ သေဆုံး ၇၇၄ ဦး၊  ၉ ဒသမ ၆ ရာခိုင်နှုန်းအထိ သေဆုံးခဲ့ဖူးပါတယ်။ မားစ် (MERS) ကပ် ရောဂါက  ၂၀၁၃ ခုနှစ် တရုတ်နဲ့ အာဖရိကမှာ ကုလားအုတ်က တစ်ဆင့်ဖြစ်ပွားခဲ့ပြီး လူနာ ၂၉၄၉ ဦး၊ သေဆုံး ၈၅၈ ဦး (သို့မဟုတ်) ၃၄ ဒသမ ၄ ရာခိုင်နှုန်း သေဆုံးခဲ့ဖူးပါတယ်။

ကြက်ငှက်တုပ်ကွေး၊ (H,N) ဝက်တုပ်ကွေး (Swine Flue) ပေါ်ပေါက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံမှာ လူတုပ်ကွေးရောဂါကြောင့် ၃၆ ဦး၊ ၂၀၁၉ ခုနှစ်မှာ လူတုပ်ကွေးကြောင့် ၈၂ ဦးသေဆုံးခဲ့ဖူးတဲ့ ဒေသန္တရကပ်ရောဂါ ဖြစ်ခဲ့ဖူးပါတယ်။

(ည) ကိုဗစ် (COVID-19) ကပ်ရောဂါ-တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ် (COVID-19) ဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှ  ၂၀၂၂ ခုနှစ် မတ်လအထိ ကမ္ဘာ့လူဦးရေ ၄၅၈ သန်း ကူးစက်ခဲ့ရပြီး ရောဂါကြောင့် သေဆုံးသူ ခြောက်သန်း ကျော်ရှိလာပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာ မတ် ၂၅ ရက် အထိ ၆၁၀၁၇၆ ဦး ကူးစက်ခံရပြီး ၁၉၄၂၈ ဦးသေဆုံးခဲ့ရပါတယ်။ ကိုဗစ်ကပ်ရောဂါက ပထမလှိုင်း-တရုတ်နိုင်ငံ၊ ဂူဟန်မြို့မှ တရုတ်တစ်နိုင်လုံး၊ ဒုတိယလှိုင်း-အီတလီ၊ ဗြိတိန်၊ အ‌မေရိကန်၊ ဘရာဇီးမှ အခြားအနောက်နိုင်ငံများ၊ တတိယလှိုင်း-အရှေ့တောင်အာရှ အိန္ဒိယနှင့်တရုတ်နိုင်ငံများ ကူးစက်ပျံ့နှံ့နေခဲ့ပြီး အိုမီခရွန်ဗီဇပြောင်း ကမ္ဘာ့ကပ်ရောဂါအဖြစ် ၂၀၂၂ ခုနှစ်တိုင်ဆက် လက်တည်ရှိနေဆဲဖြစ်ပါတယ်။

Most Read

Most Recent