မွန်ညီညွတ်ရေးပါတီ (MUP) ၏ ပထမဆုံးအကြိမ် ပါတီညီလာခံအပြီးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ နိုင်လဝီအောင်(ခ)နိုင်မြင့်ဆွေ ပါတီဥက္ကဋ္ဌဖြစ်လာ

မွန်ညီညွတ်ရေးပါတီ (MUP) ၏ ပထမဆုံးအကြိမ် ပါတီညီလာခံအပြီးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ နိုင်လဝီအောင်(ခ)နိုင်မြင့်ဆွေ ပါတီဥက္ကဋ္ဌဖြစ်လာ
Published 22 March 2022

မော်လမြိုင်မြို့ရှိ ရာမည ဟိုတယ်တွင် ပြီးခဲ့သည့် မတ်လ ၁၈ ရက်မှ ၂၀ ရက်အထိ  သုံးရက်ကြာကျင်းပပြုလုပ်ခဲ့သည့် မွန်ညီ ညွတ်ရေးပါတီ (MUP) ၏ ပထမဆုံးအကြိမ် ပါတီညီလာခံအပြီးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ နိုင်လဝီအောင် (ခ) နိုင်မြင့်ဆွေ ပါတီဥက္ကဋ္ဌဖြစ်လာကြောင်း သိရသည်။

မွန်ညီညွတ်ရေးပါတီ (MUP)  ဥက္ကဋ္ဌ အသစ်ဖြစ်သူ နိုင်လဝီအောင် (ခ) နိုင်မြင့်ဆွေမှာ မွန်ပြည်သစ်ပါတီ၌ စစ်ထောက်ချုပ် ဗိုလ်မှူးကြီးဟောင်းတစ်ဦးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ဖူးပြီး ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၌ ရေးမြို့နယ် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁)တွင် အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၀ ပြည့် နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးအဖွဲ့တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပါတီဒုဥက္ကဋ္ဌ (၁) အဖြစ် နိုင်တလညီ၊ ပါတီဒုဥက္ကဋ္ဌ (၂) အဖြစ် နိုင်ချမ်းတွဲ့တို့အား ဗဟိုအလုပ်အမှုဆောင်ဝင် ၂၇ ဦးတို့ ရွေးချယ်အတည်ပြုပေးခဲ့ကြောင်း၊ ၎င်းပါတီဒုဥက္ကဋ္ဌ နှစ်ဦးမှာလည်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ဟောင်းများဖြစ်ကြကြောင်း၊ ထို့အတူ မွန်ညီညွတ်ရေးပါတီအထွေထွေအတွင်းရေးမှူး အဖြစ် နိုင်စံတင်၊ တွဲဖက်အတွင်းရေးမှူး (၁) အဖြစ် နိုင်လယီ တမနှင့် တွဲဖက်အတွင်းရေးမှူး (၂) အဖြစ် မိစန္ဒာနွန်တို့ကို ရွေးချယ်ခဲ့ကြကြောင်း သိရ သည်။

“ကျွန်တော်တို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနဲ့ မွန်နိုင် ငံရေးအင်အားစုတွေအားလုံးပေါင်းစည်းပြီးတဲ့အချိန်မှာ ပါတီရဲ့ညီလာခံကျင်းပနိုင်တဲ့အချိန်မှာ ပါတီရဲ့ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွေကို ဖြည့်စွက် ပြင်ဆင်သွားနိုင်ဖို့ကို သဘောတူထားပြီးသားဖြစ်ပါတယ်။ အခု လည်း ညီလာခံမှာ အဲ့ဒီပါတီဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းတွေကို ဖြည့်စွက်တာ ပြင်ဆင်တာတွေကို အဓိကလုပ်ဆောင်ခဲ့ပါတယ်။ နောက်ပြီး ပါတီရဲ့ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ် သက်လို့ ဆွေးနွေးအတည်ပြုတာတွေကို နှစ် ရက်တာ လုပ်ဆောင်ခဲ့ပါတယ်။ တတိယနေ့မှာတော့ ပါတီဗဟိုအလုပ်အမှုဆောင် ရွေးချယ်တယ်။ နောက် ပါတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးနဲ့အတွင်းရေးမှူးအဖွဲ့တွေ ကို ဆက်လက်ရွေးချယ်အတည်ပြုခဲ့ပါတယ်” ဟု မွန်ညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူးဖြစ်သူ နိုင်စံတင်က ပြောကြားသည်။

မွန်ညီညွတ်ရေးပါတီ၏ ရှေ့လုပ်ငန်း စဉ်နှင့်ပတ်သက်ပြီး မွန်တိုင်းရင်းသားများနှင့် မဲဆန္ဒရှင်ပြည်သူများအတွက်  ကြေညာချက် တစ်ရပ်ထုတ်ပြန်ပြီး အသိပေးသွားရန် စီစဉ် ထားပါကြောင်း နိုင်စံတင်က ဆိုသည်။

“COVID-19 ကြောင့်ရယ်၊ လက်ရှိနိုင် ငံရေးအခြေအနေတွေကြောင့် MUP ရဲ့ ညီလာခံကို ရွှေ့ရင်းနဲ့ မတ်လ တတိယအတွင်း ထဲကို ရောက်သွားတာပါ။ ညီလာခံမှာတော့ အဓိကအားဖြင့် ပေါင်းစည်းရေးလုပ်ဆောင် ခဲ့စဉ်က သဘောတူထားတဲ့အချက်တွေအ တိုင်းကို အကောင်အထည်ဖော်ကြတာပါ။ ညီလာခံကျင်းပပြုလုပ်ခဲ့တဲ့ သုံးရက်တာအ တွင်းမှာ အခက်အခဲကြီးကြီးမားမားမရှိခဲ့ဘူး။ ညီလာခံ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်အားလုံးကလည်း ပွင့်ပွင့်လင်းလင်း လုပ်ဆောင်ခဲ့ကြတော့ ပြဿနာမရှိခဲ့ဘူး။ ပါတီညီလာခံကို အောင်အောင်မြင်မြင်နဲ့ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ ပြောလို့ရပါ တယ်” ဟု နိုင်စံတင်က ဆက်လက်ပြောကြား သည်။

သုံးရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် မွန်ညီညွတ်ရေးပါတီ၏ ပထမဆုံးအကြိမ် ပါတီညီလာခံသို့ ကိုယ်စားလှယ် ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း၊ ပါတီညီလာခံတွင် ဗဟိုကော်မတီဝင် ၈၁ ဦးနှင့် အရန်ခုနစ်ဦးတို့ ကို ရွေးချယ်အတည်ပြု၍ ညီလာခံကိုယ်စား လှယ်များရှေ့မှောက်တွင် ကတိသစ္စာ အဓိဋ္ဌာန် ခံယူခဲ့ခြင်း၊ ဗဟိုအလုပ်အမှုဆောင်ဝင် ၂၇ ဦးတို့ကို ဗဟိုကော်မတီများက ထပ်မံရွေး ချယ်အတည်ပြုခြင်း၊ ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ကပါတီ၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား အသီးသီးရွေးချယ်ခဲ့ကြကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း မွန်နိုင်ငံ ရေးပါတီ နှစ်ပါတီဖြစ်သည့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)၊ မွန်အမျိုးသားပါတီ (MNP) နှင့် မွန်နိုင်ငံရေးအင်အားစု တို့ ပေါင်းစည်းရေးသဘောတူညီမှုရရှိပြီး နောက် မွန်ညီညွတ်ရေးပါတီ (MUP) အဖြစ် တည်ထောင်ခဲ့ကြပြီးနောက် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအား ဝင် ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် မွန်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၁၁ နေရာနှင့် ကရင်ပြည်နယ်တွင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် တစ် နေရာ၊ စုစုပေါင်း မဲဆန္ဒနယ် ၁၂ နေရာ အနိုင်ရရှိခဲ့သည်။

သို့သော်လည်း လက်ရှိ နစက၏ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့်အဖွဲ့ဝင်များအဖြစ် မွန်ညီညွတ်ရေးပါတီ (MUP) မှကိုယ်စားလှယ်တချို့ တာဝန်ယူရန် ပါတီဗဟိုကော်မတီအစည်းအဝေးက ဆုံးဖြတ်ခဲ့ပြီး သည့်နောက်ပိုင်းတွင် ပါတီထပ်ပိုင်းခေါင်း ဆောင်တချို့အပါအဝင် ပါတီဝင်များ နှုတ်ထွက်ခဲ့ကြပြီး လက်ရှိတွင် မွန်ရေးရာအဖွဲ့ အနေဖြင့် မွန်အမျိုးသားဆိုင်ရာလှုပ်ရှားမှုများ လုပ်ဆောင်နေကြကြောင်း သိရသည်။

 

Most Read

Most Recent