ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
Published 15 March 2022

ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အစီအစဉ်ဖြင့် ပြုလုပ်လျက်ရှိသည့် မဲစာရင်း ပြည့်စုံမှန်ကန်ရေးအတွက် ရှေ့ပြေးလုပ်ငန်း (PILOT PROJECT) ဖြစ်သည့် အခြေခံလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အထက(၄) သီရိရတနာခန်းမတွင် မတ် ၁၀ ရက်က ပြုလုပ်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခရိုင်မှ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်တာဝန်ရှိသူများ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တာဝန်ရှိသူနယ်မြေတာဝန်ခံများ၊ ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၄၅ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ တာဝန်ခံဝန်ထမ်းများ၊ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ရန်ကုန်အနောက်ပိုင်းခရိုင် အလုံမြို့နယ်ရှိ ရပ်ကွက် ၁၁ ခုမှ  အခြေခံလူဦးရေစာရင်းနှင့် မြေပြင်စာရင်းတိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများအား သက်ဆိုင်ရာဌာနများက ဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ Pilot Project ကို မတ် ၁၀ ရက်မှ ၁၂ ရက်အထိ ဆောင်ရွက်ခဲ့ကြသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို မတ် ၈ ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း UEC က သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးဦး ဦး‌ဆောင်၍ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း စတင်ဆောင်ရွက်မှုအား မတ် ၈ ရက်တွင် သာယာဝတီမြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ရုံးဟောင်း(စုပေါင်းရုံး)တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် အဖွဲ့ဝင် ဦးစိုးဦးက မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးရခြင်း၏ အကြောင်းရင်းကို ရှင်းလင်းမှာကြားပြီး လုပ်ဆောင်ကြမည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးမှ ဝန်ထမ်းများ၊ သာယာဝတီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှဝန်ထမ်းများ၊ သာယာဝတီမြို့ ရပ်ကွက်၊ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများအားလည်း စာရင်းပြုစုရာတွင် အမှန်ကန်ဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း၊ ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆုပြည့်ဝန်းက လူဦးရေစာရင်း ရေးသွင်းပုံနည်းလမ်းများကို Power Point ဖြင့် စနစ်တကျရှင်းလင်းပြသခဲ့သည်။

အခမ်းအနားသို့ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူ၊ သာယာဝတီခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှမျိုးထွန်း၊ သာယာဝတီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် သာယာဝတီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးအရာရှိ ဦးစန်းထူးတို့ တက်ရောက်ခဲ့ကြပြီး ရပ်ကွက်/ကျေးရွာ ၆၉ အုပ်စုမှ အုပ်ချုပ်ရေးမှူးများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

မတ် ၁၂ ရက်က ပြည်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေနော် ဦးဆောင်သော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အရာရှိများ၊ ပြည်ခရိုင်အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသီးသီးမှ ဒုတိယဦးစီးမှူးများသည် သာယာဝတီမြို့နယ်သို့ လာရောက်၍ အခြေခံလူဦးရေစာရင်းပြုစုခြင်းအား လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

 

 

Most Read

Most Recent