UNA အဖွဲ့ဝင် ကရင်အမျိုးသားပါတီဥက္ကဋ္ဌ မန်းသိန်းရွှေ ကွယ်လွန်

UNA အဖွဲ့ဝင် ကရင်အမျိုးသားပါတီဥက္ကဋ္ဌ မန်းသိန်းရွှေ ကွယ်လွန်
Published 14 March 2022

စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)အဖွဲ့ဝင် ကရင်အမျိုးသားပါတီဥက္ကဋ္ဌ မန်းသိန်းရွှေသည် ၂၀၂၂ ခုနှစ် မတ် ၁၃ ရက်တွင် ကွယ်လွန်သွားကြောင်း သိရသည်။

မန်းသိန်းရွှေသည် ကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ်အရွယ်ရှိပြီဖြစ်ပြီး ၎င်းကွယ်လွန်သွားခြင်းသည် အမျိုးသားရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုတစ်ရပ်ဟုခံယူကြောင်းနှင့် မိသားစုနှင့်အတူ ဝမ်းနည်းကြေကွဲရကြောင်း ကရင်အမျိုးသားပါတီက ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့ပြင်မန်းသိန်းရွှေသည် ကရင်အမျိုးသားပါတီကို ၂၀၁၄ ခုနှစ် ပါတီတည်ထောင်ချိန်မှစ၍ ပါတီတည်ထောင်သူအဖြစ်လည်းကောင်း၊ ပါတီဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အသက်ထက်ဆုံးပါတီတာဝန်များကို ဦးလည်မသုန် ကျေပွန်ထမ်းရွက်ခဲ့သူတစ်ဦးဖြစ်ပြီး  မြန်မာ့အရေး၊ ကမ္ဘာ့အရေး ဝေဖန်သုံးသပ်ဟောပြောပို့ချရာတွင် ကျွမ်းကျင်ပိုင်နိုင်မှု ကောင်းလှသောကြောင့် လူအများနှစ်ခြိုက် သဘောကျသည့်အပြင် ချစ်ခင်လေးစားမှုကိုလည်း ခံယူရရှိခဲ့သူတစ်ဦးဖြစ်ကြောင်း၊ မြန်မာ့အရေး၊ ကမ္ဘာ့အရေးနှင့် ကရင်အမျိုးသားတို့၏ အရေးတို့နှင့်ပတ်သက်သော စာအုပ်စာတမ်းများကိုလည်း ရေးသားပြုစုထုတ်ဝေခဲ့ကြောင်း၊ ဘဝတစ်သက်တာတွင် နိုင်ငံရေး၊  အမျိုးသားရေးနှင့် လူမှုရေးတာဝန်များကို  ကိုယ်ကျိုးမဖက်ဘဲ ဂုဏ်သိက္ခာရှိစွာ ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်းလည်း ကရင်အမျိုးသားပါတီ၏ ဝမ်းနည်းကြောင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။

အလားတူ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(UNA)၏ ဝမ်းနည်းကြောင်းသဝဏ်လွှာတွင် မန်းသိန်းရွှေ ကွယ်လွန်ခြင်းသည် အစားထိုးမရသည့် တိုင်းရင်းသားခေါင်းဆောင်တစ်ဦး ဆုံးရှုံးရခြင်းပင်ဖြစ်ကြောင်း၊ မန်းသိန်းရွှေသည် UNA အဖွဲ့နှင့်အတူ တိုင်းရင်းသားလူမျိုးများအရေး၊ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် မူဝါဒချင်း၊ ရည်ရွယ်ချင်းတူညီသော အင်အားစုပေါင်းစုံနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။

ကရင်အမျိုးသားပါတီဥက္ကဋ္ဌ မန်းသိန်းရွှေသည် ရွာသစ်ကြီးဖွံ့ဖြိုးရေးတက္ကသိုလ် အင်္ဂလိပ်နှင့် သမိုင်းဌာန လက်ထောက်ကထိက အငြိမ်းစားတစ်ဦးဖြစ်ကြောင်း သိရသည်။