ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြ ထိထီသည် ယခုလကုန်ပိုင်း ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲအတွက် လူစာရင်းထုတ်ပြန်ရာတွင် အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြကစားနေသည့် လူငယ်ကြယ်ပွင့်ကစားသမား မာတင်နယ်လီကို ပထမဆုံးအကြိမ် ထည့်သွင်းရွေးချယ်ခဲ့ကြောင်း သိရသည်။
အသက် ၂၀ သာရှိသေးသည့် တိုက်စစ်ကစားသမား မာတင်နယ်လီသည် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြ ကစားနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ၁၇ ပွဲ ကစား၊ ငါးဂိုးသွင်းယူကာ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ပေးထားသည်။ ထို့ကြောင့် ထိထီက ချီလီ၊ ဘိုလစ်ဗီးယားအသင်းတို့နှင့် ကစားမည့် ခြေစစ်ပွဲ နှစ်ပွဲအတွက် မာတင်နယ်လီကို ထည့်သွင်းရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားသည့် ဘရာဇီးလ်အသင်းသည် မတ် ၂၄ ရက်တွင် ချီလီနှင့် အိမ်ကွင်း၊ မတ် ၂၉ ရက်တွင် ဘိုလစ်ဗီးယား နှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။
ဘရာဇီးလ်အသင်း လူစာရင်း
ဂိုး ■ အယ်လစ်ဆန် (လီဗာပူးလ်)၊ အီဒါဆန် (မန်စီးတီး)၊ ဝီဗာတန် (ပါလ်မီးရပ်စ်)
နောက်တန်း ■ ဒန်နီလို(ဂျူ ဗင်တပ်စ်)၊ အဲလ်ဗတ်စ် (ဘာစီလိုနာ)၊ တယ်လက်စ် (မန်ယူ)၊ အာရာနာ (မင်နဲရိုး)၊ သီယာဂိုဆေးလ်ဗား (ချယ်လ်ဆီး)၊ မီလီတို (ရီးယဲလ်)၊ မာကွင်ဟို့စ် (PSG)၊ ဂါဘရီယဲလ် (အာဆင်နယ်)
အလယ်တန်း ■ ကက်ဆီမီရို (ရီးယဲလ်)၊ ဖာဘင်ညို (လီဗာပူးလ်)၊ ဖရက်ဒ် (မန်ယူ)၊ ပါကေတာ (လိုင်ယွန်)၊ အာသာ (ဂျူဗင်တပ်စ်)၊ ဂီမာရေ့စ် (နယူးကာဆယ်)၊ ကော်တင်ဟို (ဗီလာ)
ရှေ့တန်း ■ နေမာ (PSG)၊ ရစ်ချာလီဆန် (အဲဗာတန်)၊ ဗင်နီစီယပ်စ်၊ ရိုဒရီဂို (ရီးယဲလ်)၊ မာတင်နယ်လီ (အာဆင်နယ်)၊ အန်တိုနီ (အေဂျက်စ်)၊ ရာဖင်ညာ (လိဒ်စ်)















