နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံပြီး နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ကိစ္စရပ်များနှင့် လူသားချင်းစာနာထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံပြီး နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ကိစ္စရပ်များနှင့် လူသားချင်းစာနာထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေး
Photo-MOI
Photo-MOI
Published 9 March 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mrs.Suphatra Srimaitreephithak တို့ မတ် ၉ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရုံးဧည့်ခန်းမ၌ တွေ့ဆုံပြီး နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ကိစ္စရပ်များနှင့် လူသားချင်းစာနာထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ထိုင်းနှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုလုပ်ငန်းများတွင် မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေများကို တိုက်ရိုက်ပေးချေနိုင်မှုကြောင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာမည့် အခြေအနေနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ဒုတိယလှိုင်းကာလအတွင်း ကုသမှုအတွက်လိုအပ်သည့် အောက်ဆီဂျင်များရရှိရေး ထိုင်းနိုင်ငံမှ ကူညီဆောင်ရွက်ပေးခဲ့မှုအခြေအနေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Most Read

Most Recent