ကမ္ဘာ့ အလျင်မြန်ဆုံး နစ်မြုပ်နေသော အဓိကမြို့ကြီးအဖြစ် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်က ရာသီဥတုပြောင်းလဲမှုသည် လူမနေနိုင်သောနေရာများ မည်ကဲ့သို့ပိုမို များပြားနေသနည်းဆိုသည့်အချက်ကို ပြသနေသည်။
ဂျာဗား ပင်လယ်ရေမြင့်တက်လာမှု၏တစ်စိတ်တစ်ပိုင်းကြောင့် လာမည့်ဆယ်စုနှစ်အတွင်းမြို့တော်၏ သုံးပုံတစ်ပုံသည် နစ်မြုပ် နိုင်ဖွယ် ရှိနေသည်ဟု ခန့်မှန်းချက်နှင့်အတူ အင်ဒိုနီးရှားအစိုးရသည် ၎င်း၏မြို့ တော်ကို ဘော်နီယိုကျွန်း၏အရှေ့မြောက်ပိုင်း မိုင်၁,၂၄၀ အကွာသို့ ပြောင်းရွှေ့ပြီး အစိုးရဝန်ထမ်း၁.၅ သန်းကို ပြန်လည်နေရာချထားပေးရန် စီစဉ်နေသည်။
ယင်းသည် ကြီးမားသည့်လုပ်ဆောင်မှုတစ်ခုဖြစ်လာပြီး လာမည့်နှစ်များတွင် အရှိန်မြှင့်တင်လုပ်ဆောင်ရန် မျှော်မှန်းထားသော လူများအစုလိုက် ရွှေ့ပြောင်းမှု၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ပင်လယ်ရေမြင့်တက်မှု၊ မိုးခေါင်မှု၊ အပူချိန်မြင့်တက်လာမှုနှင့် အခြား ရာသီဥတုဆိုင်ရာ ကပ်ဘေးများကြောင့် လာမည့်နှစ်ပေါင်း၃၀ ကျော်အတွင်း လူပေါင်း ၁၄၃ သန်းသည် အိမ်ခြေမဲ့ဖြစ်နိုင်ဖွယ်ရှိသည်ဟု ကုလသမဂ္ဂက ဖေဖော်ဝါရီ ၂၈ ရက်၌ ထုတ်ပြန်သည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအစိုးရအဖွဲ့အစီရင်ခံစာတွင် ဖော်ပြထားသည်။
အာရှတွင် အစိုးရများသည် ယင်းပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းနေရပြီး ဖြစ်သည်။
ဆိုးရွားသည့် ရာသီဥတုအခြေအနေ၊ ပြင်းထန်သည့်မုန်တိုင်းများနှင့် ရေကြီးမှုများကြောင့် ကမ္ဘာတစ်ဝန်းတွင် ပြောင်းရွှေ့နေထိုင်ရသည့် ရွှေ့ပြောင်းနေထိုင်သူ သုံးဦးတွင် တစ်ဦးမှာ အာရှမှဖြစ်သည်ဟု ယင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကျေးလက်ဒေသများတွင် လူများမရှိကြတော့ဘဲ ဂျကာတာကဲ့သို့ မြို့ပြကြီးပင် အန္တရာယ်ရှိနေသည့် အခြေအနေနှင့်အတူ သိပ္ပံပညာရှင်များက ရွှေ့ပြောင်းနေထိုင်သူများ စီးဝင်မှုကိုခန့်မှန်းထားကြပြီး အစီအ စဉ်တကျနေရာရွှေ့ပြောင်းပေးရန် လိုအပ်မှု မြင့်တက်လာလိမ့်မည်ဟု ဆိုသည်။
“ကမ္ဘာကြီးပိုမိုပူနွေးလာမှုနဲ့အတူ လူဦးရေသိပ်သည်းတဲ့ အချို့ဒေသတွေဟာ ဘေးကင်းလုံခြုံမှုမရှိတာ ဒါမှမဟုတ် လူနေထိုင်လို့မရတာတွေ ဖြစ်လာပါလိမ့်မယ်”ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။
တောင်အာရှရှိ လူ သန်း ၄၀ သည် ရေရှားပါးမှု၊ သီးနှံမဖြစ်ထွန်းမှု၊ မုန်တိုင်းများ ပိုမိုများပြားလာမှုနှင့် အခြား သဘာဝဘေးအန္တရာယ်များကြောင့် လာမည့်နှစ်ပေါင်း ၃ဝအတွင်း ရွှေ့ပြောင်းနေထိုင်ရဖွယ်ရှိနေသည်ဟု ခန့်မှန်းထားကြသည်။
အပူချိန်မြင့်တက်လာမှုသည် အထူးသဖြင့် စိုးရိမ်ရသည့်အခြေအနေဖြစ်သည်ဟု ယခင်နှစ်ကုလအစီရင်ခံစာကို ဦးဆောင်ခဲ့သည့် စတန်းဖိုဒ့်တက္ကသိုလ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှင် ခရစ် ဖီးလ်ဒ် က ပြောကြားခဲ့သည်။
“လက်ရှိအချိန်မှာတော့ ကမ္ဘာပေါ်မှာ နေထိုင်ဖို့ အရမ်းပူလွန်းတဲ့ နေရာအနည်းငယ်သာရှိပါသေးတယ်။ ဒါပေမဲ့ အာရှမှာတော့ ဒီအခြေအနေတွေက စတင်နေပါပြီ။ အနာဂတ်မှာ ဒီလိုနေရာတွေပိုမိုများ ပြားလာတော့မှာပါ။ ဒီပြဿနာအတွက် ကျွန်တော်တို့တွေ သေချာစဉ်းစားဖို့လိုအပ်နေပါပြီ”ဟု ၎င်းကဆိုသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံရေးခိုလှုံခွင့် သို့မဟုတ် အခြားဥပဒေဆိုင်ရာ ကာကွယ်မှုများပေးရန် မည်သည့်နိုင်ငံမှ ကမ်းလှမ်းထားခြင်း မရှိသေးသော်လည်း အမေရိကန်သမ္မတဘိုင်ဒင်၏ အစိုးရအဖွဲ့က ယင်းစိတ်ကူးအပေါ် လေ့လာသုံးသပ်နေသည်။
လူများသည် အကြမ်းဖက်မှုများနှင့် ဆင်းရဲမွဲတေမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့နေအိမ်များကို စွန့်ခွာထွက်ပြေးကြသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြုံတွေ့နေမှုများသည် ရာသီဥ တုပြောင်းလဲမှု၏အခန်းကဏ္ဍကိုပုံ ဖော်ပြသနေသည်ဟုရာသီဥတုဆိုင်ရာ ဒုက္ခသည်အဖွဲ့အစည်းကိုတည် ထောင်သည့် အမ်မလီ တာဝါကဆိုသည်။
မြေနိမ့်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်တွင် ၂၀၅၀ ပြည့်နှစ်၌ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် လူ နှစ်သန်းခန့်ရွှေ့ပြောင်း နေထိုင်ရဖွယ်ရှိသည်ဟုသိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။ နေ့စဉ် ရွှေ့ပြောင်းနေထိုင်သူ ၂,ဝဝဝကျော် ဒါကာမြို့တော်သို့ ရောက်ရှိလာကြပြီးအများစုမှာ ကမ်းရိုးတန်းမြို့များမှ ဖြစ်သည်။
အမေရိကန်နှင့် ဥရောပနိုင်ငံများကဲ့သို့ နိုင်ငံများက ၎င်းတို့၏ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို သုညအထိ လျှော့ချနိုင်လျှင် ရွှေ့ပြောင်းနေထိုင်သူ စီးဆင်းမှု နှေးကွေးသွားနိုင်သည်ဟ တာဝါကဆိုသည်။
ဖန်လုံအိမ်ဓာတ်ငွေ့ ပိုမို ထုတ်လွှတ်သည့် ချမ်းသာသောနိုင်ငံများက ယင်းသက်ရောက်မှုကို ခံစားရ သည့်နိုင်ငံများမှ ပြည်သူများကို လူသားချင်းစာနာထောက်ထားမှု ဗီဇာများ ကမ်းလှမ်းပေးသင့်ကြောင်း ကျွမ်းကျင်သူများက တိုက်တွန်းပြောကြားခဲ့သည်။















