တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ကျပ်သိန်း ၈၀၀ ခန့်တန်ဖိုးရှိ တရားမဝင် ဒီဇယ်ဆီ၊ ကျောက်စိမ်းအရိုင်းတုံး၊ သစ်ခွဲသား၊ မော်တော်ယာဉ်နှင့် လူသုံးကုန်ပစ္စည်းများအပြင် အမေရိကန်ဒေါ်လာ ၂၅၀၂၅၀ ဖမ်းဆီးရမိ

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ကျပ်သိန်း ၈၀၀ ခန့်တန်ဖိုးရှိ တရားမဝင် ဒီဇယ်ဆီ၊ ကျောက်စိမ်းအရိုင်းတုံး၊ သစ်ခွဲသား၊ မော်တော်ယာဉ်နှင့် လူသုံးကုန်ပစ္စည်းများအပြင် အမေရိကန်ဒေါ်လာ ၂၅၀၂၅၀ ဖမ်းဆီးရမိ
Published 23 February 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ကျပ်သိန်း ၈၀၀ ခန့်တန်ဖိုးရှိ တရားမဝင် ဒီဇယ်ဆီ၊ ကျောက်စိမ်းအရိုင်းတုံး၊ သစ်ခွဲသား၊ မော်တော်ယာဉ်နှင့် လူသုံးကုန်ပစ္စည်းများအပြင် အမေရိကန်ဒေါ်လာ ၂၅၀၂၅၀ ဖမ်းဆီးရမိကြောင်း ဖေဖော်ဝါရီ ၂၂ ရက်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁၈ ရက်တွင် တနင်္သာရီတိုင်းရေတပ်စခန်းဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး မင်းသူရ ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် ပင်လယ်ပြင်စိုးမိုးရေး ဆောင်ရွက်နေစဉ် MT ကျော်မင်းသူအမည်ရှိ အလျား ၃၂ ဒသမ ၃ မီတာ၊ အနံ ခုနစ်မီတာ၊ ရေစူး ၂ ဒသမ ၅ မီတာခန့် (သံကိုယ်ထည်) တရားမဝင် လိုင်စင်မဲ့ဆီသယ်ရေယာဉ်တစ်စင်း ဖမ်းဆီးရမိခဲ့ပြီး အဆိုပါရေယာဉ်ပေါ်တွင် ပါရှိသော ကျပ် ၅၆၀၀၀၀၀၀ ခန့်တန်ဖိုးရှိ ဒီဇယ်ဆီဂါလန် ၈၀၀၀ နှင့် အမေရိကန်‌‌ဒေါ်လာ ၂၅၀၂၅၀ သိမ်းဆည်းရမိကာ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက ရှောင်တခင်စစ်ဆေးရာတွင် မြန်အောင်မြို့နယ်အတွင်း ကျပ် ၅၇၆၉၁၂ ခန့်တန်ဖိုးရှိ တရားမဝင်သစ်ခွဲသား ၈ ဒသမ ၂၄၁၆ တန် ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ အေးရှားဝေါလ်ကုန်သေတ္တာ စစ်‌ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က တရုတ်နိုင်ငံမှ တင်သွင်းလာသော ကုန်သေတ္တာများကို စစ်ဆေးရာ သွင်းကုန်ကြေညာလွှာ (ID) ထက် ပိုမိုပါရှိလာသော အဝေးထိန်းခလုတ်ပါရှိသော ကျပ် ၄၀၅၆၀၀၀ ခန့် တန်ဖိုးရှိ အရုပ်မျိုးစုံ (Toys Small With Remote Control) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အ‌ရေးယူဆောင်ရွက်လျက်ရှိသည်။

ဖေဖော်ဝါရီ ၂၂ ရက်ကလည်း ကရင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်းတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ကျပ် ၂၀၀၀၀၀၀ ခန့်တန်ဖိုးရှိ Washing Powder (ဆပ်ပြာမှုန့်) အထုပ် ၁၀၀ ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရှောင်တခင်စစ်ဆေးခဲ့ရာ စစ်ကိုင်းမြို့နယ်အတွင်း TOYOTA HINUX SURF အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး (ခန့်မှန်းကျပ် ၄၅၀၀၀၀၀) နှင့် ခင်ဦးမြို့နယ်အတွင်း TOYOTA DYNA အမျိုးအစား လိုင်စင်မဲ့ ခရီးသည်တင်မော်တော်ယာဉ် တစ်စီး (ခန့်မှန်းကျပ် ၁၀၀၀၀၀၀) စုစုပေါင်း ကျပ် ၅၅၀၀၀၀၀ ခန့် ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အရေးယူ‌ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ရှမ်းပြည်နယ်၊ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းရှိ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် ကျပ် ၅၀၀၀၀၀၀ ခန့်တန်ဖိုးရှိ တရုတ်နိုင်ငံထုတ် စားသောက်ကုန်မျိုးစုံနှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော TOYOTA WISH အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်းကျပ် ၄၀၀၀၀၀၀)၊ စုစုပေါင်းကျပ် ၉၀၀၀၀၀၀ ခန့် ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရှောင်တခင်စစ်ဆေးခဲ့ရာ ကျောက်စိမ်းအရိုင်းတုံး အထုပ်ကြီး၊ ငယ် ၃၄၄ ထုပ် (ခန့်မှန်းတန်ဖိုး စိစစ်ဆဲ) ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့ကျောက်မျက်ရတနာ ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတွက်ကြောင့် ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲကိုးမှုဖြစ်ပြီး ကျပ် ၇၇၁၃၂၉၁၂ ခန့်နှင့် အမေရိကန်ဒေါ်လာ ၂၅၀၂၅၀ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent