မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းရာတွင် သက်ဆိုင်သူအားလုံးပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ် စီစဉ်ကျင်းပရန် လိုအပ်ကြောင်း ပြင်သစ်နိုင်ငံ ပြောကြား

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းရာတွင် သက်ဆိုင်သူအားလုံးပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ် စီစဉ်ကျင်းပရန် လိုအပ်ကြောင်း ပြင်သစ်နိုင်ငံ ပြောကြား
Published 22 February 2022

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းရာတွင် သက်ဆိုင်သူအား လုံးပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ် စီစဉ်ကျင်း ပရန်လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ဖေဖော်ဝါရီ ၂၂ ရက်တွင် ထုတ် ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ပြီး တစ်နှစ်ကျော်အကြာတွင် လိုအပ်နေသည့် ထိခိုက်လွယ်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် အထပ်ထပ်အခါခါ အတားအဆီးအခက်အခဲများ ကြုံတွေ့ရခြင်း၊ မတရားဖမ်းဆီးမှု များပြားလာခြင်းနှင့် စစ်ခုံရုံးများက များပြားသော သေဒဏ်စီရင်ချက်များ ချမှတ်ထားခြင်းတို့အပေါ် ပြင်သစ်နိုင်ငံက လေးလေးနက်နက် စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

အဆိုပါလုပ်ရပ်များသည် အာဆီယံနိုင်ငံများမှ ၂၀၂၁ ခုနှစ် ဧပြီတွင် ဂျကာတာမြို့၌ သဘောတူခဲ့သည့် အချက်ငါးချက်နှင့် ဆန့်ကျင်ဖက်ဖြစ်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယင်းအချက်များကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှု မရှိခြင်းကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပခဲ့သည့် အာဆီယံဝန်ကြီးများ အစည်းအဝေးတွင် နိုင်ငံရေးအရ ကိုယ်စားပြုသည့် မြန်မာကိုယ်စားလှယ်တစ်ဦး၏ ပါဝင်မှုကို ချန်လှပ်ထားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့သော အခြေအနေမျိုးတွင် ဒီဇင်ဘာ ၇ ရက်က လီဗာပူးမြို့တွင် ကျင်းပသည့် G7-ASEAN ဝန်ကြီးများ အစည်းအဝေး ဆုံးဖြတ်ချက်နှင့်အညီ ပါရီမြို့၌ ဖေဖော်ဝါရီ ၂၂ ရက်တွင် ကျင်းပမည့် အင်ဒို-ပစိဖိတ်ဒေသ ပထမအကြိမ် ဝန်ကြီးပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် မြန်မာအာဏာပိုင်များ၏ ပါဝင်မှုကို ပြင်သစ်နှင့် ဥရောပသမဂ္ဂတို့က ဆန္ဒမရှိခဲ့ကြောင်း၊ ထိုဖိုယမ်တွင် မိတ်ဖက်နိုင်ငံပေါင်း ၃၀ နှင့် ဒေသတွင်း အဖွဲ့အစည်း ခြောက်ခုမှ နိုင်ငံခြားရေးဝန်ကြီးများသည် ဆက်သွယ်ချိတ်ဆက်မှုနှင့် ဒစ်ဂျစ်တယ်နည်းပညာများ၊ ကမ္ဘာ့ပြဿနာများ (ရာသီဥတု၊ ဇီဝမျိုးစုံမျိုးကွဲများ၊ သမုဒ္ဒရာများ၊ ကျန်းမာရေး) သာမက လုံခြုံရေးနှင့် ကာကွယ်ရေးတို့ကိုပါ ဆွေးနွေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်ဒို-ပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် အကျပ်အတည်းကို  ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည့် နည်းလမ်းကိုရှာဖွေရန် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို အပြည့်အဝထောက်ခံသည်ဟု ပြင်သစ်နိုင်ငံအနေဖြင့် ထပ်လောင်းပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုသို့ ဖြေရှင်းနိုင်ရန်အတွက် ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သည့် နှစ်ပတ်လည်အစည်းအဝေးပွဲ၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တောင်းဆိုခဲ့သည့်အတိုင်း အထူးသဖြင့် သက်ဆိုင်သူအားလုံးပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ်ကို စီစဉ်ကျင်းပရန် လိုအပ်ကြောင်း  မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

Most Read

Most Recent