တာလီဘန်အုပ်ချုပ်မှု သက်တမ်းခြောက်လအတွင်း ပိုမိုဆင်းရဲသွားကြပြီး မျှော်လင့်ချက် ကင်းမဲ့ကုန်ကြသည့် အာဖဂန်နိုင်ငံသားများ

တာလီဘန်အုပ်ချုပ်မှု သက်တမ်းခြောက်လအတွင်း ပိုမိုဆင်းရဲသွားကြပြီး မျှော်လင့်ချက် ကင်းမဲ့ကုန်ကြသည့် အာဖဂန်နိုင်ငံသားများ
Photo: AFP
Photo: AFP
Published 20 February 2022
Ref:AP

အာဖဂန်နစ္စတန်နိုင်ငံသည် တာလီဘန်တို့ အုပ်ချုပ်မှု နှစ်ဝက်အတွင်း သိသာသောအသွင်ကူးပြောင်းမှုများကို ကြုံတွေ့ခဲ့သည်။

အာဖဂန်သည်လွန်ခဲ့သည့် ဆယ်စုနှစ်များစွာထက် ပိုမိုဘေးကင်းလာပြီး အကြမ်းဖက်မှုများ နည်းသွားသော်လည်း တစ်ချိန်ကအထောက်အပံ့နှင့် ရပ်တည်ခဲ့ရသော စီးပွားရေးသည် ပြိုလဲခြင်းဆီသို့ ဦးတည်လာနေသည်။

အာဖဂန်နိုင်ငံသားအများအပြားသည် ပိုမိုအဆင့်မြင့်သည့် ပညာရေးကို ရရှိရန်အပါအဝင် လူပေါင်း သောင်းချီသည် ထွက်ပြေး သို့မဟုတ် ပြောင်းရွှေ့ခဲ့ကြသည်။ ၎င်းတို့သည် အနာဂတ်စီးပွားရေးအတွက် သို့မဟုတ် ဘာသာရေးစည်းမျဉ်းများ အောက်၌ လွတ်လပ်ခွင့်ဆုံးရှုံးကြမည့်အရေးကို စိုးရိမ်နေကြသည်။ လွန်ခဲ့သည့် ၎င်းတို့အုပ်ချုပ်စဉ်ကာလဖြစ်သော ၁၉၉၀ နှစ်ကုန်ဝန်းကျင်၌လည်း တာလီဘန်တို့သည် မိန်းကလေးများ စာသင်ကြားခွင့် သို့မဟုတ် အမျိုးသမီးများ အလုပ်လုပ်ကိုင်ခွင့်ကို ပိတ်ပင်တားဆီးခဲ့သည်။

အမေရိကန်ကျောထောက် နောက်ခံပြုသမ္မတ၏ နိုင်ငံတွင်းမှ ရုတ်တရက် လျှို့ဝှက်စွာ ထွက်ခွာမှုနှင့်အတူ ကဘူးမြို့တော်သည် တာလီဘန်လက်တွင်း သက်ဆင်းခဲ့ချိန်မှစ၍ ဖေဖော်ဝါရီ ၁၅ ရက်သည် တာလီဘန် အုပ်ချုပ်မှုအောက် ခြောက်လတင်းတင်းပြည့်သည့်နေ့ဖြစ်သည်။

လက်ရှိအချိန်တွင် လက်နက်ကိုင်ဆောင်ထားသည့် တာလီဘန် တိုက်ခိုက်ရေးသမားများသည် လမ်းများပေါ်တွင် လှည့်ပတ်သွားလာနေကြပြီး ဒေသခံများကို စိုးရိမ်ထိတ်လန့်နေကြသည်။ သို့သော် ကနဦး၌ အမျိုးသားများအား ရိုးရာဝတ်စုံသာ ဝတ်ဆင်ရန် ထုတ်ပြန်ခဲ့သော်လည်း လက်ရှိတွင် လူငယ်အမျိုးသားများမှာ အနောက်တိုင်းဝတ်စုံများကို ပြန်လည်ဝတ်ဆင်နေကြပြီး အမျိုးသမီးများမှာလည်း လမ်းပေါ်တွင် ပြန်လည်သွားလာနေကြပြီဖြစ်သည်။

၁၉၉၀ ပြည့်နှစ်အချိန်ကနှင့်မတူသည့်အချက်မှာ တာလီဘန်တို့သည် အမျိုးသမီးအချို့အား အလုပ်လုပ်ကိုင်ခွင့်ပြုခြင်း ဖြစ်သည်။ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာနက အမျိုးသမီးများသည် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်နေကြပြီး ကဘူးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လည်း အမျိုးသမီးများသည် အမျိုးသားများနှင့်အတူ အလုပ်လုပ်ကိုင်ခွင့် ရရှိကြသည်။ သို့သော်အခြား ဝန်ကြီးဌာနများတွင် အမျိုးသမီးများသည် အလုပ်လုပ်နိုင်ရန် ဆက်လက်စောင့်ဆိုင်းနေကြသည်။ အလုပ်အကိုင်ပေါင်းထောင်ချီဆုံးရှုံးမှုအတွက် စီးပွားရေးသည်ထိုးစိုက်ကျဆင်းခဲ့ပြီး အနစ်နာဆုံးမှာ အမျိုးသမီးများပင် ဖြစ်သည်။

တာလီဘန်တို့သည် အမျိုးသမီးဆန္ဒပြမှုများကို ဖြိုခွင်းပြီးသတင်းထောက်များကို အရှက်ခွဲကာ လွန်ခဲ့သည့်သီတင်းပတ်က ကုလဒုက္ခသည်  အေဂျင်စီနှင့် လက်တွဲလုပ်ကိုင်နေသည့် နိုင်ငံခြားသတင်းထောက်နှစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ချစ်သူများနေ့အတွက် အသည်းပုံပန်းများရောင်းချနေသည့် လူငယ်အချို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းသည် ချစ်သူများနေ့နှင့် ပတ်သက်၍ အနောက်တိုင်းစိတ်ကူးစိတ်သန်းများကို လက်သင့်မခံသေးသည့် သဘောရှိသည်ဟု မြင်တွေ့ခဲ့ရသည်။

ဆင်းရဲမွဲတေမှုမှာ နက်ရှိုင်းနေပြီး ငွေကြေးရှိသူများပင်လျင် ယင်းငွေကြေးများကို ထုတ်ယူသုံးစွဲရန် အခက်အခဲနှင့်ရင်ဆိုင်ကြရသည်။ ဘဏ်များတွင် နာရီပေါင်းများစွာ၊ ရံဖန်ရံခါ ရက်ပေါင်းများစွာတန်းစီ စောင့်ဆိုင်းနေသူများစွာရှိပြီး တစ်ပတ်လျှင် ဒေါ်လာ ၂၀၀ သာအကန့်အသတ်ဖြင့် ထုတ်ပေးသည်။

တာလီဘန်တို့ အာဖဂန်အာဏာကို ထိန်းချုပ်ခဲ့ပြီးနောက် အာဖဂန်၏ပြည်ပပိုင်ဆိုင်မှု ဒေါ်လာကိုးဘီလျံကျော် ထိန်းချုပ်ခံခဲ့ရသည်။ လွန်ခဲ့သည့်သီတင်းပတ်က အမေရိကန်ရှိ ထိန်းချုပ်ခံထားရသည့် အာဖဂန်၏ပိုင်ဆိုင်မှု ဒေါ်လာခုနစ်ဘီလျံမှ ၃.၅ဘီလျံကို အမေရိကန်ရှိ ၉/၁၁ တိုက်ခိုက်ခံရမှုတွင် နစ်နာခဲ့ကြသူများ၏ မိသားစုဝင်များကို ပေးအပ်သွားမည့် အမိန့်တစ်ရပ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ် ရေးထိုးခဲ့သည်။ နောက်ထပ်ဒေါ်လာ ၃.၅ ဘီလျံကို အာဖဂန်အကူအညီပေးရေးအတွက် ထုတ်ပေးသွားမည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၁၅ ရက်က ကဘူးမြို့တော်တွင် အာဖဂန်နိုင်ငံသား ၃၀၀၀ ခန့်သည် ဘိုင်ဒင်အား ၂၀၂၂ ကမ္ဘာ့သူခိုးကြီး ဟူသည့်ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာဆန္ဒပြခဲ့ကြသည်။ “၉/၁၁ ဟာ အာဖဂန်နိုင်ငံသားတွေနဲ့ မသက်ဆိုင်ပါဘူး။ ဘိုင်ဒင်ဟာ ကျွန်တော်တို့ကို သတ်နေပါတယ်။ ကျွန်တော်တို့ကို ဗုံးကြဲခဲ့တယ်။ အခုကျွန်တော်တို့ပိုက်ဆံတွေကို ခိုးနေပါပြီ” ဟု ဆန္ဒပြသူများက ပြောကြားခဲ့သည်။

“ တာလီဘန်တွေအပေါ် စီးပွားရေးအရ ဆက်လက်ဖိအားပေးနေတာတွေက သူတို့ရဲ့အုပ်ချုပ်မှုကို မထိခိုက်စေပါဘူး။ ဒါပေမဲ့စီးပွားရေးပြိုလဲမှုကြောင့် လူတွေနိုင်ငံထဲက ထွက်ပြေးနေကြတာဟာ ရွှေ့ပြောင်းနေထိုင်မှု နောက်ထပ်အကျပ်အတည်းကို ဦးတည်နေပါတယ်” ဟု နိုင်ငံတကာ အကျပ်အတည်းဆိုင်ရာအဖွဲ့၏အာရှအစီအစဉ်မှ အကြီးတန်း အတိုင်ပင်ခံ ဂရေမီ စမစ်က ပြောကြားခဲ့သည်။

Most Read

Most Recent