စနိုက်ပါ ရိုင်ဖယ်များနှင့် စစ်သုံးဦးထုပ်များကို နယ်သာလန်က ယူကရိန်းသို့ ပေးပို့သွားမည်

စနိုက်ပါ ရိုင်ဖယ်များနှင့် စစ်သုံးဦးထုပ်များကို နယ်သာလန်က ယူကရိန်းသို့ ပေးပို့သွားမည်
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က စစ်ရေးလေ့ကျင့်မှု တစ်ခုတွင် ယူကရိန်း တပ်ဖွဲ့ဝင်များကို မြင်တွေ့ရစဉ် (Photo :AFP)
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က စစ်ရေးလေ့ကျင့်မှု တစ်ခုတွင် ယူကရိန်း တပ်ဖွဲ့ဝင်များကို မြင်တွေ့ရစဉ် (Photo :AFP)
Published 19 February 2022
Ref: AFP

ရုရှားက ကျူးကျော်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ယူကရိန်းနိုင်ငံ၏ မိမိကိုယ်ကို ကာကွယ်ရေးအတွက် နယ်သာလန် နိုင်ငံက စနိုက်ပါ ရိုင်ဖယ်များနှင့် စစ်သုံးဦးထုပ်များ အပါအဝင် စစ်ဘက်အသုံးအဆောင်များ ပေးပို့သွားမည်ဖြစ်ကြောင်း နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းသို့ စစ်သုံးဦးထုပ်များ ပေးပို့ခဲ့သည့် ဂျာမနီအား ကိယက်ဗ် မြို့တော်ဝန်က လှောင်ပြောင်ထားစဉ် နေတိုးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သော နယ်သာလန်က ယူကရိန်းထံ ယင်းကဲ့သို့ အကူအညီများ ပေးပို့သွား မည်ဖြစ်သည်။

“ယူကရိန်းအနေနဲ့ သူတို့ရဲ့ ပိုင်နက်နယ် မြေထဲကို ရုရှားက ကျူးကျော်တိုက်ခိုက်လာနိုင်တဲ့ အခြေအနေမှာ သူတို့ကိုယ်သူတို့ ကာ ကွယ်နိုင်ဖို့ လိုအပ်ပါတယ်” ဟု နယ်သာလန် နိုင်ငံခြားရေးဝန်ကြီး ဝေါ့ပ်ကီ ဟော့ခ်စထရာက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့အတွက်ကြောင့် မိမိတို့ အစိုးရအနေဖြင့် ယူကရိန်းသို့ စစ်ဘက် အသုံးအဆောင်များ ပေးပို့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု လည်း ၎င်းက ဆိုသည်။

သို့ရာတွင် နယ်သာလန်အစိုးရက ပေးပို့ မည့် စစ်ဘက်အသုံးအဆောင်များထဲတွင် တိုက်ခိုက်ရေး လက်နက်များဟူ၍ စနိုက်ပါ ရိုင်ဖယ် အလက် ၁၀၀ နှင့် ကျည်တောင့် ၃၀,၀၀၀ သာ ပါဝင်သည်ဟုလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။

ထို့အပြင် အဓိက ခန္ဓာကိုယ် အစိတ်အပိုင်းများကို ကာကွယ်ရန်အလို့ငှာ ကျည်ကာ အကျႌ အထည် ၂,၀၀၀ နှင့် စစ်သုံးဦးထုပ် ၃,၀၀၀ တို့ကို နယ်သာလန် အစိုးရက ထောက်ပံ့သွားမည်ဟုလည်း သိရသည်။

နယ်သာလန်အနေဖြင့် သတ္တုရှာဖွေရေး ကိရိယာ အခု ၃၀၊ မိုင်းရှာဖွေရေး စက်ရုပ်နှစ်ရုပ်၊ စစ်မြေပြင် စောင့်ကြည့်ထောက်လှမ်းရေး ရေဒါနှစ်ခုနှင့် ရန်သူဘက်မှ ပစ်ခတ်မှု တည်နေရာကို ရှာဖွေရာတွင် အထောက်အကူ ဖြစ်စေမည့် လက်နက်ခြေရာခံ ရေဒါငါးခုတို့ကိုလည်း ထောက်ပံ့သွားမည်ဖြစ်သည်။

ဂျာမနီအစိုးရက မိမိတို့အနေဖြင့် ယူကရိန်းသို့ စစ်လက်နက်များ ပေးပို့မည်မဟုတ် ဟု ပြောကြားကာ စစ်သုံးဦးထုပ် ၅,၀၀၀ ကို သာ ပေးပို့သွားမည်ဟု ကမ်းလှမ်းခဲ့သည့်အပေါ် ယူကရိန်း၏ ကိယက်ဗ်မြို့တော်ဝန် ဗစ်တာလီ ကလစ်ရှ်ကိုက ရယ်စရာ ပြက်လုံးဟု လှောင်ပြောင်ကာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

“ဂျာမနီအစိုးရရဲ့ ပြုမူလုပ်ဆောင်ပုံက  ကျွန်တော့်ကို ဆွံ့အသွားစေပါတယ်။ ကျွန်တော်တို့ဟာ စစ်လက်နက်အင်အား ပြည့်စုံ တဲ့ ရုရှားစစ်တပ်နှင့် ရင်ဆိုင်ရမယ် ဆိုတာကို ဂျာမနီ ကာကွယ်ရေး ဝန်ကြီးဌာနက သိပုံမရပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် အမ်စတာဒမ်မှ ထွက်ခွာလာသည့် မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းသည် ယူကရိန်း အရှေ့ ပိုင်းသို့ ဖြတ်ကျော်ပျံသန်းစဉ် ပစ်ချခံခဲ့ရသည့် အတွက် လေယာဉ်ပေါ် လိုက်ပါသွားသူ ၂၉၈ ဦးလုံး သေဆုံးခဲ့သည့် ဖြစ်စဉ်အပြီးတွင် နယ်သာလန်နှင့် ယူကရိန်း နိုင်ငံတို့အကြား ဆက်ဆံရေး ပိုမိုနီးကပ်လာခဲ့သည်။

သို့ရာတွင် နယ်သာလန် အနေဖြင့် ယူကရိန်းအား စစ်ရေးအကူအညီများ ပေးအပ်ရန် အတွက်မူ ချီတုံချတုံ ဖြစ်နေခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် နယ်သာလန် ပြည်သူများက ဥရောပသမဂ္ဂနှင့် ယူကရိန်းတို့အကြား အထင်ကရ သဘောတူညီမှု တစ်ရပ်ကို လက်မခံခဲ့သည့်နောက် နယ်သာလန်ဝန်ကြီးချုပ် မာ့ခ်ရက်တီ သည် ယူကရိန်းအပေါ် ဥရောပသမဂ္ဂ၏ ကာကွယ်ရေး ကတိကဝတ်များနှင့်  ဥရောပသမဂ္ဂ အဖွဲ့ဝင် ဖြစ်လာစေရေး အာမခံချက်များကို ကန့်သတ်ထားသည့် ညှိနှိုင်းချက်တစ်ရပ် ရရှိရန် ကြိုးပမ်းခဲ့ရသည်။                 

Most Read

Most Recent