ယူကရိန်းနယ်စပ်တွင် ဖြန့်ကြက်ထား သည့် ရုရှားတပ်ဖွဲ့ဝင်များထဲမှ ၄၀ ရာခိုင် နှုန်းကျော် သည် စစ်ဆင်တိုက်ခိုက်ရန်အတွက် အသင့်နေရာယူထားပြီး ဖြစ်ကြောင်းနှင့် ရုရှားအနေဖြင့် တည်ငြိမ်မှု ပျက်ပြားစေရန် စတင်စီစဉ် လုပ်ဆောင်နေပြီဖြစ်ကြောင်း အမေရိကန် အစိုးရ၏ ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ဖေဖော်ဝါရီ ၁၈ ရက် တွင် ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၁၆ ရက် နောက်ပိုင်းတွင် သိသာထင်ရှားသော လှုပ်ရှားမှုများကို အမေရိကန်က ထောက်လှမ်းတွေ့ရှိခဲ့သည်ဟုလည်း အမည်မဖော်လိုသည့် ၎င်းင်းတာဝန်ရှိသူက ဆို သည်။
“၄၀ ကနေ ၅၀ ရာခိုင်နှုန်းလောက်က တိုက်ခိုက်ဖို့အတွက် အသင့်နေရာယူထားပြီးပါပြီ။ လွန်ခဲ့တဲ့ ၄၈ နာရီအတွင်း သူတို့ဟာ နည်းဗျူဟာပိုင်းအရ စုဝေးပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်” ဟု ၎င်းက သတင်း ထောက်များကို ပြောကြားခဲ့သည်။
စစ်ဆင်တိုက်ခိုက်မှုမတိုင်မီ တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ချထားလေ့ရှိသော နည်းဗျူဟာပိုင်းအရ စုဝေးပြင်ဆင်မှု လုပ်ဆောင် သည့် နေရာများသည် နယ်စပ်အနီးတွင် တည်ရှိနေသည်။
ရုရှားစစ်တပ်သည် ယူကရိန်းနှင့် နယ်စပ်အနီးတွင် တပ်ရင်း ၁၂၅ ရင်းစာရှိ နည်းဗျူဟာအဖွဲ့များကို ဖြန့်ကြက်စုရုံးထားကာ ပုံမှန်အခြေအနေတွင်မူ အဖွဲ့၆၀ ခန့်သာရှိ ကြောင်းနှင့် ဖေဖော်ဝါရီလ အစပိုင်းတွင် ၈၀ အထိသာ ရှိခဲ့ကြောင်းလည်း ၎င်းကဆိုသည်။
ယူကရိန်း အရှေ့တောင်ပိုင်းရှိ ဒွန်ဘတ်စ်ဒေသတွင် ရုရှားလိုလားသော ခွဲထွက်ရေးသမားများနှင့် ယူကရိန်း စစ်တပ်အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှု မြင့်တက်လာခြင်း၊ ရုရှားအစိုးရနှင့် ဒွန်ဘတ်စ်ဒေသမှ တာဝန်ရှိ သူများ၏ လှုံ့ဆော်ပြောဆိုမှုများသည် တည်ငြိမ်မှု ပျက်ပြားစေရန် စတင်လုပ်ဆောင် နေပြီ ဖြစ်ကြောင်းကို ပြသနေသည်ဟုလည်း ၎င်းတာဝန်ရှိသူက ထပ်မံပြောကြားခဲ့သည်။
ရုရှားအနေဖြင့် ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ရန် အကြောင်းရှာသည့်အနေဖြင့် ၎င်းဒေသတွင် တမင်တကာဖန်တီးသည့် သို့တည်းမဟုတ် ရန်စသည့် ပဋိပက္ခအခြေအနေ တစ်ခုခုကို လုပ်ဆောင်လာနိုင်သည်ဟု အမေရိကန် အစိုးရက သီတင်းပတ်အတန်ကြာ သတိပေးခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်တွင် ရွေးချယ်စရာ နည်းလမ်းအချို့ ရှိနေပြီး ၎င်းအနေဖြင့် ချက်ချင်းဆိုသလို တိုက်ခိုက်လာနိုင်သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကလည်း ABCသတင်းဌာန၏ “This Weed” အစီအစဉ်တွင် ပြောကြားခဲ့သည်။
“အဲဒါကို လှန့်လုံးတစ်ခုလို့ မထင်ပါဘူး။ သူဟာ ကျူးကျော်စစ် တစ်ခုကို အောင်မြင်စွာ ဆင်နွှဲနိုင်ဖို့ လိုအပ်တဲ့ အရာမျိုးတွေကို စီမံလုပ်ဆောင်နေတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ရုရှားနိုင်ငံကမူ ၎င်းတို့၏ အနောက်ဘက်အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်ရန် အစီအစဉ်မရှိကြောင်း ငြင်းဆန်ထားပြီး ယူကရိန်းအား နေတိုးမဟာမိတ် အဖွဲဝင်အဖြစ် လက်မခံရန်နှင့် အရှေ့ဥရောပဒေသမှ နေ တိုးတပ်ဖွဲ့ဝင်များကို ရုပ်သိမ်းရေး အပါအဝင် လုံခြုံရေး အာမခံချက်များကို ရုရှားက တောင်းဆိုထားသည်။ သို့ရာတွင် အဆိုပါ တောင်းဆိုမှုများကို အနောက်နိုင်ငံများက ပယ်ချခဲ့သည်။














