တောင်ကိုရီးယားနိုင်ငံတွင် ဖေဖော်ဝါရီ ၁၅ ရက်က နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၀၀၀၀ ကျော်အထိ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပြီး အလွန်ကူးစက်မြန်အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကြောင့် သီတင်းတစ်ပတ်အတွင်း နေ့အလိုက်ကူးစက်မှုနှုန်း နှစ်ဆနီးပါးအထိ စံချိန်တင်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁၅ ရက်က နေ့အလိုက်ကူးစက်ခံရသူ ၉၀၄၄၃ ဦးသည် ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ (CDC)က ယခင်ထုတ်ပြန်ထားသည့်နေ့အလိုက် ကူးစက်ခံရသူအများဆုံး ၅၇၁၇၇ ဦးစံချိန်ကို သိသိသာသာကျော်လွန်သွားခဲ့သည်။
ကူးစက်မှုနှုန်းမြင့်တက်မှုသည် ဗိုင်းရပ်စ်မှာ ကိုရီးယားစီးပွားရေးလုပ်ငန်းများနှင့် လူမှုပတ်ဝန်းကျင်တစ်ဝန်းလုံးသို့ ကူးစက်ပျံ့နှံ့သွားပြီဖြစ်ကြောင်း မြင်တွေ့နိုင်ပြီး ဒါဇင်နှင့်ချီသည့် ဘတ်စ်ကတ်ဘောကစားသမားများ COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အမျိုးသားဘတ်စ်ကတ်ဘောလိဂ်သည် ၎င်း၏ပွဲစဉ်များကို ဖေဖော်ဝါရီ ၁၆ ရက်တွင် ရပ်နားခဲ့သည်။
ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက တောင်ကိုရီးယားတွင် COVID-19 ကူးစက်မှုပေါင်း ၁,၅၅၂,၈၅၁ ဦးအထိ မြင့်တက်သွားခဲ့သော်လည်း ဗိုင်းရပ်စ်ကြောင့်သေဆုံးမှုနှုန်းမှာ သိသိသာသာနည်းပါးပြီး ဖေဖော်ဝါရီ ၁၅ ရက်တွင် ဗိုင်းရပ်စ်ကြောင့် နေ့အလိုက်သေဆုံးသူ ၃၉ ဦးရှိသည့်အတွက် နိုင်ငံတစ်ဝန်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၇၂၀၂ ဦးရှိသည်။
လွန်ခဲ့သည့်သီတင်းပတ်က အမျိုးသမီးဘတ်စ်ကတ်ဘောလိဂ်ကို ရပ်နားခဲ့ပြီးနောက် ကိုရီးယားဘတ်စ်ကတ်ဘောလိဂ်(KBL) ဆိုင်းငံ့သည့် သတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ကစားသမားများနှင့် ဝန်ထမ်းများကြား ယခင်ဗိုင်းရပ်စ်ကူးစက်မှုအချို့ရှိခဲ့သော်လည်း KBL ကို ဆက်လက်လုပ်ဆောင်လာခဲ့ပြီး အဖွဲ့သုံးဖွဲ့တွင် တစ်ဖွဲ့စီ၌ ကစားသမား ၁၀ ဦးကျော် COVID-19 ကူးစက်ခံခဲ့ရပြီးနောက် ယခုသီတင်းပတ်အတွင်း စီစဉ်ထားသည့်ပွဲစဉ်များအားလုံးကို နောက်ဆုံးတွင် ဖျက်သိမ်းခဲ့သည်။
အချို့ကစားသမားများမှာမူ အားကစားသမားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ကာကွယ်နိုင်ရန် ပျက်ကွက်ခဲ့သည့်အတွက် လိဂ်ပွဲစီစဉ်သူများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဝေဖန်ခဲ့သည်။
လူဦးရေ ၅၂ သန်းရှိသည့် တောင်ကိုရီးယားနိုင်ငံသည် နှာခေါင်းစည်းကျယ်ကျယ်ပြန့်ပြန့် တပ်ဆင်ကြခြင်း၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာ နေထိုင်ခြင်းနှင့် COVID-19 ကူးစက်ခံရခြင်းရှိ၊မရှိ စစ်ဆေးမှုများနှင့် ထိတွေ့မှုခြေရာခံခြင်းများကြောင်း COVID-19 ထိန်းချုပ်မှုတွင် အောင်မြင်မှု ရရှိခဲ့သည်။
သို့သော်အာဏာပိုင်များသည် သေဆုံးမှုအခြေအနေကို လျော့နည်းစေသည့်အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ချိန်အတွင်း ထိတွေ့မှုခြေရာခံခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပြီးသူများ မဖြစ်မနေ သီးသန့်ခွဲနေထိုင်ရမည့် စည်းမျဉ်းများကို ပယ်ဖျက်ပေးခဲ့ပြီး ယခုလအစပိုင်း၌ ပြင်းထန်လူနာများအတွက် ဆေးဝါးအထောက်အပံ့အခမဲ့ဖြင့် နေအိမ်တွင်ကု သမှုခံယူသည့် စနစ်ကို စတင်ခဲ့သည်။
ဝန်ကြီးချုပ် ကင်ဘိုယောင်းကအစိုးရအနေဖြင့် လက်ရှိတင်းကျပ်သည့် ကန့်သတ်ချက်စည်းမျဉ်းများအား ဖြေလျှော့ရန် စဉ်းစားသုံးသပ်နေသည်ဟု ပြောကြားခဲ့ပြီး တရားဝင်ကြေညာချက်ကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်လိမ့်မည်ဟု မျှော်မှန်းထားသည်။














