ULA ကိုယ်စားပြု၍ ဦးဦးလှစော ပြည်ထောင်စုနေ့အခမ်းအနားတက်ရောက်မှု ပါတီကို အသိပေးဆောင်ရွက်ခြင်းမဟုတ်ကြောင်း ANP ပါတီဥက္ကဋ္ဌ ပြောကြား

ULA ကိုယ်စားပြု၍ ဦးဦးလှစော ပြည်ထောင်စုနေ့အခမ်းအနားတက်ရောက်မှု ပါတီကို အသိပေးဆောင်ရွက်ခြင်းမဟုတ်ကြောင်း ANP ပါတီဥက္ကဋ္ဌ ပြောကြား
Published 15 February 2022

 

ULA (ရခိုင်အမျိုးသားအဖွဲ့ချုပ်) ကိုယ်စားပြု၍ ပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်ခဲ့သည့်  ဦးဦးလှစောသည် ပါတီမှ တရားဝင်နုတ်ထွက်ခြင်းမရှိသေးသလို ယင်းအခမ်းအနားတက်ရောက်မည်ကိုလည်း ပါတီထံ အသိပေးအကြောင်းကြားခြင်းမရှိကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။

ထို့ကြောင့် အဆိုပါကိစ္စအပေါ် ပါတီတွင်း အရေးပေါ်အစည်းအဝေးတစ်ရပ် မကြာမီရက်ပိုင်းအတွင်း ခေါ်ယူဆွေးနွေးသွားရန်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ထွက်စာလောလောဆယ် ကျွန်တော်တို့ဆီကို တင်ထားတာမရှိသေးဘူး။ အဲဒီပွဲကိုသွားတက်တာလည်း ကျွန်တော်တို့ပါတီက ဘာမှ မသိလိုက်ဘူး။ ကျွန်တော်တို့ကို အသိပေးသွားတာလည်းမဟုတ်ဘူး။ အဲ့ကိစ္စကို ပါတီမှာ အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး တစ်စုံတစ်ရာဆုံးဖြတ်ချက်ချသွားဖို့ အစီအစဉ်ရှိတယ်” ဟု ANP ပါတီ ဥက္ကဋ္ဌဦးသာထွန်းလှက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားသည်။

ဖေဖော်ဝါရီ ၁၂ ရက်က နေပြည်တော်တွင် ကျင်းပသည့်စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် နိုင်ငံရေးပါတီအချို့မှ ကိုယ်စားလှယ်များတက်ရောက်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။

သို့သော် ရခိုင်အမျိုးသားပါတီ (ANP)အပါအဝင် အခမ်းအနားတက်ရောက်ခြင်းမရှိသည့်  နိုင်ငံရေးပါတီများလည်း ရှိခဲ့သည်။

မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးလှစောသည် ရခိုင်အမျိုးသားပါတီ (ANP) ၏ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။

သို့သော် လတ်တလောအခြေအနေအရ မတူညီသည့် အဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြု  အခမ်းအနားတက်ရောက်ခဲ့သည့် ဦးဦးလှစောကို ANP ပါတီဝင်အဖြစ် သတ်မှတ်ရန် အခက်အခဲရှိကြောင်း ဦးသာထွန်းလှက ပြောကြားသည်။

“နောက်အဖွဲ့အစည်းတစ်ခုကိုသွားပြီး ကိုယ်စားပြုတယ်ဆိုတာက နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေအရဆိုရင် လူပုဂ္ဂိုလ်တစ်ယောက်ကို ပါတီနှစ်ပါတီကို ဝင်လို့မရဘူးလေ” ဟု အဆိုပါ ANP ပါတီဥက္ကဋ္ဌက ပြောကြားသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဦးဦးလှစောကို ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းတွင် ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ULA သည် ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ AA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်ပြီး ဦးဦးလှစောသည် ULA ၏ နိုင်ငံရေးမှူးအဖြစ်ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုနေ့အခမ်းအနားသို့  NCA လက်မှတ်ရေးထိုးထားသည့်  တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့ တက်ရောက်ကာ ULA/AA အပါအဝင် NCA ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့ တက်ရောက်ကြောင်း သိရသည်။

Most Read

Most Recent