အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ မြန်မာနိုင်ငံကပါဝင် တက်ရောက်နိုင်မည်မဟုတ်ဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသည့်ပုဂ္ဂိုလ်ကိုလည်း စေလွှတ်တက်ရောက်စေနိုင်မည်မဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ မြန်မာနိုင်ငံကပါဝင် တက်ရောက်နိုင်မည်မဟုတ်ဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသည့်ပုဂ္ဂိုလ်ကိုလည်း စေလွှတ်တက်ရောက်စေနိုင်မည်မဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
Published 14 February 2022

ဖေဖော်ဝါရီလ ၁၇ ရက်တွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ မြန်မာနိုင်ငံက ပါဝင် တက်ရောက်နိုင်မည်မဟုတ်ဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသည့်ပုဂ္ဂိုလ်ကိုလည်း စေလွှတ်တက်ရောက်စေနိုင်မည် မဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်အရ လာမည့်ဖေဖော်ဝါရီလ ၁၇ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံက လက်ခံကျင်းပသွားမည်ဖြစ်ပြီး ယခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ စုံညီစွာပါဝင်တက်ရောက်ရန် ယခုနှစ်၏အာဆီယံဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံက ကြိုးပမ်းဆောင်ရွက်မှုကို မြန်မာက အသိအမှတ်ပြုကြောင်း ဖော်ပြပါရှိသည်။

ထို့အပြင် အဆိုပါအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး ပါဝင်တက်ရောက်နိုင်ရေး အာဆီယံဥက္ကဋ္ဌအနေဖြင့် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း အချို့အာဆီယံအဖွဲ့ဝင်နိုင်ငံများက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်က ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးတွင် ယခင်အာဆီယံ အလှည့်ကျဥက္ကဋ္ဌက တစ်ဖက်သတ် ဆုံးဖြတ်ခဲ့သည့် မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ပုဂ္ဂိုလ်ကိုသာ ဖိတ်ကြားသွားရန် ဆုံးဖြတ်ချက်ကို ဆက်လက်ဆုပ်ကိုင်ထားသည်ကို တွေ့ရှိရကြောင်း၊ ယင်းကြောင့် အဆိုပါဆုံးဖြတ်ချက်သည် နိုင်ငံများ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှုစသည့် အာဆီယံပဋိညာဉ်စာတမ်း၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲရေးမူကြီး (၅)ချက်၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် မြန်မာနိုင်ငံခြားရေးမူဝါဒတို့နှင့် သွေဖည်နေသည့်အတွက် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ကျင်းပခဲ့သည့် (၃၈) ကြိမ်နှင့် (၃၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများတွင် မြန်မာနိုင်ငံက ပါဝင်တက်ရောက်နိုင်မှု မရှိခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

ထို့ကြောင့် မြန်မာနှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်ရေး တိုးတက်မှုရရှိရန် အာဆီယံဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံတို့က မည်သို့ပင်ကြိုးပမ်းစေကာမူ မြန်မာနိုင်ငံက “မူအရ လက်မခံနိုင်သည့် ယခင်ဆုံးဖြတ်ခဲ့သည့်အခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်ကို စိတ်မကောင်းစွာတွေ့ရသဖြင့် အာဆီယံတွင် နိုင်ငံတိုင်း တန်းတူရည်တူ ပါဝင်တက်ရောက်ခွင့် ရှိရေးဟူသည့် မူနှင့်ထုံးတမ်းစဉ်လာများကို သွေဖည်နေသည့်အတွက် မလွှဲမရှောင်သာသော အခြေအနေကြောင့် ယခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ မြန်မာနိုင်ငံက ပါဝင် တက်ရောက်နိုင်မည်မဟုတ်သကဲ့သို့ နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ပုဂ္ဂိုလ်ကိုလည်း စေလွှတ်တက်ရောက်စေနိုင်မည် မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ယင်းအပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ တန်းတူရည်တူရှိရမည့် “မူ နှင့်အညီ လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်နိုင်ငံများနှင့် အပြုသဘော ဆက်လက်ထိတွေ့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာက သတင်းထုတ်ပြန်သည်။

Most Read

Most Recent