မော်လမြိုင်မြို့တွင် ယာဉ်မတော်တဆမှုဖြစ်ပွားရာမှ အမျိုးသားတစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့

မော်လမြိုင်မြို့တွင် ယာဉ်မတော်တဆမှုဖြစ်ပွားရာမှ အမျိုးသားတစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့
ဓာတ်ပုံ - ဘိုဘိုဝင်း အရေးပေါလူမှုကူညီကယ်ဆယ်ရေးအဖွဲ့
ဓာတ်ပုံ - ဘိုဘိုဝင်း အရေးပေါလူမှုကူညီကယ်ဆယ်ရေးအဖွဲ့
Published 8 February 2022
ဘိုဘိုမြင့်

မော်လမြိုင်မြို့တွင် ဖေဖေါ်ဝါရီ ၇ ရက် ညနေပိုင်းက ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာမှ အမျိုးသားတစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ သူရဦးစစ်မောင်လမ်း၊ မြိုင်သာယာလမ်း (၃၀) ထိပ်အနီးတွင် ဖေဖေါ်ဝါရီ ၇ ရက်၊ ညနေ ၅:၃၀ အချိန်ခန့်က မော်လမြိုင်တက္ကသိုလ်ဘက်မှ ဟင်္သာအတိုင်းဘက်သို့ မုဒုံမြို့နေ ဦးတင်မောင်စိုး မောင်းနှင်ပြီး၊ အလယ်တွင် မောင်ဟန်စိုးဝင်းနှင့် အနောက်တွင် မောင်ကျော်စိုးသိန်းတို့ လိုက်ပါစီးနှင်လာသည့် Honda Wave – 110 အမျိုးအစားဆိုင်ကယ်မှ ရှေ့လားရာတူ မောင်းနှင်နေသည့် Forland အမျိုးအစား မြေသယ်ယာဉ်အား ကျော်တက်မောင်းနှင်လိုက်စဉ် မျက်နှာချင်းဆိုင် တစ်ဖက်ယာဉ်ကြောမှ မော်လမြိုင်မြို့နေ ဦးရဲမင်းထွန်း မောင်းနှင်လာသည့် Honda Wave – 110 အမျိုးအစား ဆိုင်ကယ်နှင့် ပွတ်တိုက်မိပြီး၊ ဦးတင်မောင်စိုး မောင်းနှင်လာသည့် ဆိုင်ကယ်အလယ်တွင် လိုက်ပါလာသူ မောင်ဟန်ဝင်းစိုးမှာ Foland အမျိုးအစား မြေသယ်ယာဉ်၏ ရှေ့ဘီးအောက်သို့ ရောက်ရှိကာ ကားရှေ့ဘီးဖြင့် ကြိတ်မိပြီး ဝဲဘက်ရင်ဘတ်ခြမ်း ပေါက်ပြဲဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဦးတင်မောင်စိုး၊ မောင်ကျော်စိုးသိန်းနှင့် ဦးရဲမင်းထွန်းတို့တွင်လည်း ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း အဆိုပါယာဉ်မတော်တဆမှုအား သွားရောက်ကယ်ဆယ် ကူညီဆောင်ရွက်ပေးခဲ့သူတစ်ဦးက ပြောကြားသည်။

“မြိုင်သာယာက သူရဦးစစ်မောင်လမ်းမှာ ဆိုင်ကယ်နှစ်စီး တိုက်မိတာ။ အဲ့ဒီမှာ ဆိုင်ကယ်ပေါ် ပါလာတဲ့တစ်ယောက်က လွှင့်ကျပြီးတော့ မြေသယ်ကားအောက်ကို ရောက်သွားတာ။ အမျိုးသား တစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်။ ကျန်အမျိုးသား သုံးဦးကတော့ ထိခိုက်ဒဏ်ရာ အသီးသီးရသွားပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဘိုဘိုဝင်း အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့နှင့် ကျွဲခြံကုန်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့မှ လိုအပ်သည့် ကုသမှုများပေးကာ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်းနှင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းအား ဘိုဘိုဝင်း အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးရှိ ပြင်ပလူနာဌာနမှတဆင့် ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး မုဒုံမြို့မှ ဆိုယ်ကယ်မောင်းနှင်သူ ဦးတင်တင်မောင်စိုးအပေါ် သက်ဆိုင်ရာမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent