အမရပူရမြို့နယ်တွင် အမျိုးသားတစ်ဦးအား လူခြောက်ဦးခန့်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သေဆုံး

အမရပူရမြို့နယ်တွင် အမျိုးသားတစ်ဦးအား လူခြောက်ဦးခန့်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သေဆုံး
Photo:CJ
Photo:CJ
Published 8 February 2022

မန္တလေးမြို့၊ အမရပူရမြို့နယ်တွင် အမျိုးသားတစ်ဦးအား လူခြောက်ဦးခန့်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးခဲ့မှု ယနေ့ (ဖေဖော်ဝါရီ ၈ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အမရပူရမြို့နယ်၊ ယက္ကန်းတော်ရပ်၊ ရေကြည်ပေါက်အုပ်စုနေ ဦးဌေးကြည် (၅၀) နှစ်ခန့်သည် ဆင်ရွာမြင်းမှူးကျေးရွာမှ အမြန်လမ်း၊ မိုင်တိုင် (၃၆၁/၄) အတက်လမ်း၊ မြေသားလမ်းပေါ်တွင် ဆိုင်ကယ်ခတ္တရပ်နားစဉ် အမည်မသိအမျိုးသားခြောက်ဦးသည် ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး  သေနတ်ဖြင့် ပစ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ရွာဘက်ကနေ အမြန်လမ်းပေါ်တက်တဲ့နေရာမှာ ဆိုင်ကယ်ခဏ ရပ်နားနေတုန်းဖြစ်တာ။ မနက် ၇ နာရီကျော်လောက်ဆိုတော့ အသွားလာတွေရှိတယ်။ ၁၂ ချက်တောင် ပစ်သွားတာလို့ ပြောတယ်" ဟု ဒေသခံတစ်ဦးက ‌‌ဆိုသည်။

ထိုကဲ့သို့ သေနတ်ဖြင့် ၁၂ ချက်ထိ ပစ်ခတ်ခဲ့မှုကြောင့် ဦးဌေးကြည်၏ နောက်စိ၊ ငယ်ထိပ်ချက်၊ လည်ပင်းချက်၊ ဘယ်ဘက်လက်မောင်း၊ ညာရင်အုံ၊ ဝမ်းဗိုက်နောက်ကျောပြင်တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာတွင် ကျည်ဆံများအပါဝင် ကျည်ခွံများပါ တွေ့ရှိခဲ့ရသည်ဟု သိရကာ သေနတ်ဖြင့် ပစ်သွားသူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

Most Read

Most Recent