ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နှင့် သီပေါမြို့တို့တွင် ဇန်နဝါရီ ၈ ရက်မှ စတင်ဖြစ်ပွားခဲ့သော ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် RCSS နှင့် SSPP တပ်ပေါင်းစုတို့ကြား ဖြစ်ပွားခဲ့သောတိုက်ပွဲများရပ်စဲသွား၍ စစ်ဘေးရှောင်ပြည်သူများအားလုံး ၎င်းတို့၏ နေရပ်အသီသီးသို့ စစ်ရှောင်နေရာမှ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ သီပေါမြို့က ဘော်ကြို စစ်ဘေးရှောင်စခန်းများကနေ စစ်ရှောင်ပြည်သူ ၄၀၀ ကျော်က ဇန်နဝါရီ ၃၀ ရက်က၊ လူဦးရေ ၃၀၀ ကျော်နဲ့ ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းမှာ လူဦးရေ ၁၀၁ ယောက် စုစုပေါင်း ၄၀၀ ကျော် အားလုံးပြန်သွားပါပြီ” ဟု သီပေါနယ်စည်းမခြားပရဟိတ လူမှုကူညီရေးအသင်းမှ ကိုမျိုးက ပြောကြားသည်။
RCSS နှင့် SSPP မဟာမိတ်တပ်ပေါင်းစုတို့သည် ဒုဋ္ဌဝတီမြစ်အရှေ့ဘက်နှင့် အနောက်တို့၌ ဇန်နဝါရီ ၈ ရက်မှစတင်ကာ စစ်မြှူနေကြရာ ဒုဋ္ဌဝတီမြစ်အရှေ့ဘက်ကပ်လျက်တည် ရှိသော အာရှလမ်းမကြီး (ခ) မူဆယ်- မန္တလေး ပြည်တောင်စုလမ်းမကြီးကပ်လျက်အနီးရှိ ရေပူစမ်းရွာ၊ ပုံဖမ်းရွာ၊ နောင်အန်း၊ ချောင်းချောက်ရွာ၊ ပိမ္မနရွာစသည့်ကျေးရွာများမှ ရွာသားများသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် နီးစပ်ရာ သီပေါမြို့ရှိ ဘော်ကြိုဘုရားကျောင်း၊ ဘိုးတော်ကျောင်း၊ ကျောက်မဲမြို့ နတ်စတင်းဘုန်းကြီးတို့သို့ စစ်ရှောင်လာခြင်းဖြစ်သည်။
ယခုအခါ ရေပူစမ်းရွာနား အပါအဝင် ပြည်ထောင်စုလမ်းမကြီးပေါ်၌ တပ်မတော်မှ ဝင်ရောက်နေရာယူထားပြီး RCSS က ရှမ်းပြည်မြောက်ပိုင်းမှ ဆုတ်ခွာပေးလျက်ရှိပြီး SSPP မဟာမိတ်တပ်ပေါင်းစုများကလည်း ၎င်းတို့၏နယ်မြေဒေသ၌ ပြန်လည်နေရာယူထားခြင်းတို့ကြောင့် ထိတွေ့တိုက်ပွဲလျော့ကျလာခဲ့ရာမှ စစ်ရှောင်များ နေရပ်သို့ ပြန်ကြခြင်း ဖြစ်ကြောင်း သိရသည်။
သီပေါနယ်အတွင်းရှိ ဒုဋ္ဌဝတီမြစ်တောင်ပိုင်းဘက်ခြမ်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းအစပ် မိုင်းကိုင်မြို့နယ်အစပ်၌မူ အနည်းငယ်စစ်မြှူခြင်းအချို့ရှိကြောင်း သိရပြီး သီပေါ-ကျောက်မဲ ပြည်ထောင်စုလမ်းမကြီးအနီးတွင် တပ်မတော်မှ ဝင်ရောက်လုံခြုံရေးယူထားရာ ထိတွေ့တိုက်ပွဲများ ရပ်တန့်နေခြင်းကြောင့် စစ်ဘေးရှောင်များ ၎င်းတို့ နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာသွားခြင်းဖြစ်ကြောင်း ကျောက်မဲစစ်ဘေးရှောင်များကို ကူညီပေးနေသော ဦးတင်မောင်သိန်းက ဆိုသည်။
“ကျောက်မဲနယ်ဘက်မှာလည်း ရပ်သွားပြီ။ သူတို့နှစ်ဘက်စလုံးကတော့ အရပ်သူအရပ်သား ထိခိုက်အောင်တော့ မလုပ်ခဲ့ပါဘူး။ တပ်ကလည်း ရေပူစမ်းရွာနားအပါအဝင် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် နေရာဝင်ရောက်ယူထားတယ်။ နှစ်ဘက်စလုံးကလည်း ကိုယ့်နေရာကိုယ်နေပေါ့ဆိုတဲ့ ပုံစံမျိုးဖြစ်လာတယ်။ RCSS ကလည်း ဆုတ်ပေးနေတော့ အဲဒီလိုဖြစ်သွားတာ။ ဒါပေမဲ့ သီပေါနယ်ထဲ ဒုဋ္ဌဝတီမြစ်တောင်ပိုင်းဘက်ခြမ်း ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းအစပ် မိုင်းကိုင်မြို့နယ်အစပ်မှာ အနည်းငယ်စစ်မြှူခြင်းအချို့ ရှိနေနိုင်သေးတယ်” ဟု ကျောက်မဲဒေသ စစ်ဘေးရှောင်များကိုကူညီပေးနေသူ ဦးတင်မောင်သိန်းက ပြောကြားသည်။
“လက်နက်ကိုင်အချင်းချင်းမှ မဟုတ်ပါဘူး။ လက်နက်ကိုင်ထားသူအားလုံး တိုက်ပွဲမဖြစ်စေချင်ဘူး။ မတည်မငြိမ်ဖြစ်ကြမယ်ဆို ရပ်ရွာက ဘယ်ကကြည့်ကြည့်နာမှာ။ နိုင်ငံရေး နည်းလမ်းကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းစေချင်တယ်။ မဖြစ်တာ အကောင်းဆုံးပေါ့။ စစ်ကိုင်းတို့ မကွေးတို့ ချင်းတို့လည်း ဖြစ်နေတာပေါ့။သူတို့လည်း နာလှပြီ။ လက်နက်ကိုင်အဖွဲ့အစည်းမှန်သမျှဟာ သေနတ်သံမထွက်ရင် အားလုံးက စိတ်ချမ်းသာတာပေါ့။ အေးအေးဆေးဆေးနဲ့ တည်တည်ငြိမ်ငြိမ်ခေတ်ကြီးကို ဖြတ်သန်းသွားတာကိုပဲ ကျွန်တော်တို့ ပြည်သူတွေက လိုချင်တာပါ” ဟု ကျောက်မဲဒေသတွင် စစ်ဘေးရှောင်များကို ကူညီပေးနေသူ ဦးတင်မောင်သိန်းက ဆက်လက်ပြောကြားသည်။
ကျောက်မဲမြို့နှင့် သီပေါမြို့တို့၌ ဇန်နဝါရီ ၈ ရက်မှစတင်ကာ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ ဖြစ်သည့် RCSS နှင့် SSPP တပ်ပေါင်းစုတို့ကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။















