ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအပါအဝင် လူပုဂ္ဂိုလ် ခုနစ်ဦးကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမည်ဟု အမေရိကန်သံရုံးထုတ်ပြန်

ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအပါအဝင် လူပုဂ္ဂိုလ် ခုနစ်ဦးကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမည်ဟု အမေရိကန်သံရုံးထုတ်ပြန်
Published 1 February 2022

ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌအပါအဝင် လူပုဂ္ဂိုလ် ခုနစ်ဦးကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီးချိန်မှစ၍ မြန်မာပြည်သူများအနေဖြင့် တိုင်းပြည်ကို အားလုံးပါဝင်နိုင်သော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်ပေးရန် တောင်းဆိုခဲ့ကြကြောင်း၊ သို့သော် အစိုးရအရာရှိများ၊ အရပ်ဘက်နှင့် အလုပ်သမားရေးတက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များနှင့် နိုင်ငံခြားသားများအပါအဝင် လူပေါင်း ၁၀,၀၀၀ ကျော်ကို ထိန်းသိမ်းခံခဲ့ရကြောင်း ဖော်ပြထားသည်။

ထိုသို့ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ပြီး တစ်နှစ်ပြည့်သည့်အချိန်တွင် တပ်မတော်၏ စစ်လက်နက်ဝယ်ယူရေးကို ပံ့ပိုးကူညီရာ၌ ထင်ရှားကျော်ကြားသည့် ဦးတေဇနှင့် ၎င်း၏ သားများဖြစ်သော ထူးထက်တေဇ၊ ပြည့်ဖြိုးတေဇ၊ စီးပွားရေးလုပ်ငန်းရှင် ဦးဂျော်နသန်မျိုးကျော်သောင်းနှင့် ၎င်း၏ KT Servies and Logistics (KTSL) ကုမ္ပဏီ လီမီတက်တို့ကို အမေရိကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင်ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦးတို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့အရေးယူမှုများသည် “မြန်မာနိုင်ငံအတွင်း အခြေအနေနှင့်စပ်လျဉ်း၍ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ကန့်သတ်ခြင်း” သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

မြန်မာပြည်သူများအပေါ် နိုင်ငံတကာ အသိုက်အဝန်း၏ ခိုင်မာသောထောက်ခံမှုကို ပြသသည့်အနေဖြင့် ယခုကဲ့သို့ အရေးယူမှုများကို ယူနိုက်တက်ကင်းဒမ်းနှင့် ကနေဒါနိုင်ငံတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

Most Read

Most Recent