မြန်မာ့ပြောင်းဆန်များ ထိုင်းနိုင်ငံဘက်သို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့မှုစတင်

မြန်မာ့ပြောင်းဆန်များ ထိုင်းနိုင်ငံဘက်သို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့မှုစတင်
Published 1 February 2022
ကိုရွှေသိန်း (မြဝတီ)

မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့  မြန်မာလယ်ယာထွက်ကုန် ပြောင်းဆန်များ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့မှု ဖေဖော်ဝါရီ ၁ ရက်က စတင်ခဲ့ကြောင်း သိရသည်။

ပြောင်းဆန်များ စတင်တင်ပို့သည့် ဖေဖေဖော်ဝါရီ ၁ ရက်တွင် ပြောင်းတန်ချိန်၂၀၀၀ ကျော် တင်ပို့ခဲ့သော်လည်း ယခင်နှစ်ကထက် လျော့နည်းခဲ့ကြောင်း ကုန်သည်များထံမှ သိရသည်။

မြန်မာ့လယ်ယာထွက်ကုန် ပြောင်းဆန်များကို ထိုင်းနိုင်ငံဘက်သို့ တင်ပို့ရာတွင် နှစ်နိုင်ငံသဘောတူညီချက်အရ ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဘက်သို့ တင်ပို့မည့်ပြောင်းများကို လာရောက်သယ်ဆောင်သော ကုန်တင်ယာဉ်များ မြဝတီတွင် ညအိပ်ခွင့်မရှိသည့်အတွက် အလုပ်သမားအင်အားနှင့် မနိုင်သည့်အတွက် ယန္တရားအင်အား အသုံးပြုရ‌ကြောင်း သိရသည်။

မြဝတီနယ်စပ်ကုန်သည်တစ်ဦးက “အခုမြဝတီမှာ ပြောင်းစုဆောင်းထားတဲ့ ဂိုဒေါင်အများအပြားရှိတယ်။ တစ်‌နေ့တွဲကားအစီးရေ ၅၀၀ လောက်တင်နိုင်တဲ့ အနေအထားရှိတယ်။ အားလုံးက တရားဝင်လမ်းကြောင်းကနေ တင်ပို့သွားမှာဖြစ်ပါတယ်” ဟု ဆိုသည်။

မြန်မာ့ပြောင်းဖူးဆန်များကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရနေပြီဖြစ်သော်လည်း တရုတ်နိုင်ငံတောင်သူများ၏ အကျိုးစီးပွားကို ကာကွယ်သည့်အနေဖြင့် အခွန်နှုန်းမြှင့်ထားခြင်း‌ကြောင့် ထိုင်းနိုင်ငံဘက်သို့ တင်ပို့ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

သို့သော်လည်း သြဂုတ်လကုန်နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၌ ပြောင်းထွက်ချိန်နှင့် တိုက်ဆိုင်နေ၍  နိုင်ငံသားအကျိုးစီးပွားကို ကာကွယ်သည့်နေဖြင့် အခွန်နှုန်းမြှင့်တင်ထားခြင်းကြောင့် ထိုင်းနိုင်ငံဘက်သို့ ပြောင်းတင်ပို့မှု ငါးလကြာရပ်နားခဲ့ရာမှ ယခုဖေဖော်ဝါရီ ၁ ရက်တွင် စတင်တင်ပို့ကြခြင်းဖြစ်သည်။

နှစ်နိုင်ငံကုန်သွယ်မှုတွင် ကိုဗစ်အကန့်အသတ်များရှိနေပြီး ထိုင်းကုန်တင်ယာဉ်များကို မြန်မာဘက်ရှိ ကုန်သွယ်ရေးဇုန်နှင့် ကုန်သိုလှောင်ရုံဂိုဒေါင်များအထိ ကုန်ပစ္စည်း လာရောက်သယ်ဆောင်ခွင့် ပြုထားသော်လည်း မြန်မာကုန်ကားများမှာ မဲ‌ဆောက်မြို့တွင်းသို့ ဝင်ရောက်ခွင့်မရဘဲ အမှတ် (၂) ချစ်ကြည်ရေးတံတား (BCF Zone) ထိုင်းဘက်ခြမ်း၌သာ ကုန်ပစ္စည်း အချိန်းအပြောင်း ပြုလုပ်နေရဆဲဖြစ်သည့်အတွက် ထိုင်းကုန်တင်ယာဉ်များသာ အလုပ်ဖြစ်လျက်ရှိသည်ဟု ဆိုသည်။

Most Read

Most Recent