ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ခရီးသွားဒေသများသို့ လာရောက်လည်ပတ်သူ များပြား

ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ခရီးသွားဒေသများသို့ လာရောက်လည်ပတ်သူ များပြား
ပွဲကောက်ရေတံခွန်သို့ လာရောက်လည်ပတ်သူများကို တွေ့ရစဉ်
ပွဲကောက်ရေတံခွန်သို့ လာရောက်လည်ပတ်သူများကို တွေ့ရစဉ်
Published 26 January 2022

ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ခရီးသွားဒေသနေရာများသို့ ယခုနှစ် ခရီးသွားရာသီကာလအတွင်း လာရောက်လည်ပတ်သူ များပြားနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာဘုရားကြီး၊ ကန်တော်ကြီး အမျိုးသားဥယျာဉ်၊ ပွဲကောက်ရေတံခွန်၊ ဓာတ်တော်ချိုင့်ရေတံခွန်၊ ပိတ်ချင်းမြောင်သဘာဝ ဥမင်လိုဏ်ဂူ၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်းရှိ ခရီးသွားနေရာများဖြစ်သည့် ကမ္ဘာကျော် ဂုတ်ထိပ်တံတား၊ နောင်ချိုကြီးကျေးရွာအနီးရှိ တိမ်ပင်လယ်အပန်းဖြေစခန်းများ၊ ဘန့်ဘွေးကျင်းရေတံခွန်အစရှိသည့် ခရီးသွားနေရာများသို့ ယခုနှစ်ခရီးသွားရာသီအတွင်း ပြည်တွင်းခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်း သိရသည်။

“ဂုတ်ထိပ်တံတားက ယာယီပိတ်ထားပါတယ်။ ရထားခရီးစဉ်တွေကတော့ အရင်တုန်းက ပြေးဆွဲပေးပါတယ်။ လက်ရှိမှာတော့ လူစီးရထားခရီးစဉ်တွေ ရပ်ဆိုင်းထားတာ တစ်နှစ်နီးပါးလောက်ရှိတော့မယ်” ဟု ဂုတ်ထိပ်တံတားမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နောင်ချိုမြို့နယ်အတွင်းရှိ ဂုတ်ထိပ်တံတားအား ယခင်က လူစီးရထား၊ ကုန်ရထား၊ ဂုတ်ထိပ်တံတား အပျော်စီးရထားခရီးစဉ် စသည့် ရထားခရီးစဉ်များပြေးဆွဲပေးခဲ့ပြီး လက်ရှိတွင် ကိုဗစ်ရောဂါအပါအဝင် နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များကြောင့် လတ်တလောတွင် ယာယီရပ်နားထားရကြောင်း စုံစမ်းသိရသည်။ ထို့ပြင် နောင်ချိုမြို့နယ်အတွင်းရှိ နောင်ချိုတိမ်ပင်လယ်အပန်းဖြေစခန်းများလည်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလခန့်မှစတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး လာရောက်အပန်းဖြေလည်ပတ်သူဦးရေ များပြားကြောင်း စုံစမ်းသိရှိရသည်။

“ကျွန်တော်တို့ တိမ်ပင်လယ်စခန်းကို လာတဲ့သူတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက အများဆုံးလို့ ပြောရမယ်။ ဒီဇင်ဘာလကုန်ရက်ကစပြီး နှစ်သစ်ကူးတဲ့ ဇန်နဝါရီလဆန်းပိုင်းအထိ ဘန်ဂလိုနေရာ၊ Tents (ရွက်ဖျင်တဲ) တွေပါ အကုန်လူအပြည့်ဖြစ်ခဲ့တယ်။ တိမ်ပင်လယ်ရဲ့ အနေအထားကလည်း ရာသီဥတုအပေါ်မှာ မှီခိုပြီးတော့ လုပ်ရတာဖြစ်ပါတယ်။ ရာသီဥတု သာယာရင် တိမ်ထွက်ပါတယ်။ မိုးအုံ့ရင် မိုးရွာရင်တော့ တိမ်မထွက်ဘူးပေါ့။ တိမ်မထွက်တဲ့ အချိန်မှာဆိုရင်လည်း သဘာဝရေမြေတော တောင်အလှတွေနဲ့ နေဝင်၊ နေထွက်ချိန်တွေကို ကြည့်ရှုခံစားလို့ရပါတယ်” ဟု တိမ်ပင်လယ်အပန်းဖြေစခန်းပိုင်ရှင်တစ်ဦးက ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်းရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတား အပါအဝင် တိမ်ပင်လယ်အပန်းဖြေစခန်းများသို့ ပြင်ဦးလွင်မြို့မှတစ်ဆင့် လာရောက်လည်ပတ်ကြသူများမှာ ပြင်ဦးလွင်မြို့နှင့် အနီးဝန်းကျင်ရှိနေရာဒေသများသို့လည်း သွားရောက်လည်ပတ်ကြကြောင်း သိရသည်။

Most Read

Most Recent