ပြည်တွင်းလေကြောင်းလိုင်း သုံးခု အကျိုးတူပူးပေါင်းဖွဲ့စည်းထားသည့် FIY ALLIANCE အစီအစဉ်တွင် ခရီးသည်များအနေဖြင့် တူညီသည့်ခရီးစဉ်များတွင် လေကြောင်းလိုင်းပြောင်းရွှေ့စီးနင်းနိုင်မည်

ပြည်တွင်းလေကြောင်းလိုင်း သုံးခု အကျိုးတူပူးပေါင်းဖွဲ့စည်းထားသည့် FIY ALLIANCE အစီအစဉ်တွင် ခရီးသည်များအနေဖြင့် တူညီသည့်ခရီးစဉ်များတွင် လေကြောင်းလိုင်းပြောင်းရွှေ့စီးနင်းနိုင်မည်
FIY ALLIANCE အစီအစဉ်တွင် ပါဝင်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်းကလေယာဉ်တစ်စီးအားတွေ့ရစဉ်
FIY ALLIANCE အစီအစဉ်တွင် ပါဝင်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်းကလေယာဉ်တစ်စီးအားတွေ့ရစဉ်
Published 24 January 2022

ပြည်တွင်းလေကြောင်းလိုင်းသုံးခု အကျိုးတူပူးပေါင်းဖွဲ့စည်းထားသည့် FIY ALLIANCE အစီအစဉ်တွင် ခရီးသည်များ အနေဖြင့် တူညီသည့် ခရီးစဉ်များတွင် လေကြောင်းလိုင်းပြောင်းရွှေ့စီးနင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

FIY ALLIANCE အား မြန်မာအမျိုးသားလေကြောင်း၊ မန်းရတနာပုံလေကြောင်းနှင့် အဲသံလွင် လေကြောင်းလိုင်း သုံးခု အကျိုးတူပူးပေါင်းဖွဲ့စည်းထားပြီး ထို လေကြောင်းလိုင်းများမှ ခရီးစဉ်လက်မှတ်များကို ဝယ်ယူသော ခရီးသည်များအနေဖြင့် ၂၀၂၂ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှစတင်၍ “တူညီသည့် ခရီးစဉ်”အတွက် ပျံသန်းမည့်ရက်အတိုင်း တိုက်ရိုက် (သို့)  ရက်အကန့် အသတ်မရှိ လေကြောင်းပြောင်းရွှေ့စီးနိုင်မည်ဖြစ်သည်။

ခရီးသည်များ လေကြောင်းလိုင်းပြောင်းလဲ စီးနင်းရာတွင် Promotion ကာလကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ သတ်မှတ်ထားပြီး ထိုကာလတွင် Change Fee ပေးရန်မလိုအပ်ဘဲ ကြိုက်နှစ်သက်ရာ ရက်တွင် ကြိုက်နှစ်သက်ရာ လေကြောင်းလိုင်းသို့ ပြောင်းလဲစီးနင်းနိုင်မည်ဖြစ်သည်။Date Change/ Airline Change Fee အတွက် အမေရိကန်ဒေါ်လာ ၁၀ (သို့) မြန်မာကျပ်ငွေ ၁၀၀၀၀ ကျပ်သာ ပေးအပ်ရန်လိုအပ်မည် ဖြစ်သည်။

ဝယ်ယူထားသောခရီးစဉ်အတွက် လေကြောင်းလိုင်း ပြောင်းလဲလိုပါက လေယာဉ် မထွက်ခွာမီ ၂ နာရီအလိုအထိ ပြောင်းလဲခွင့် ရှိမည်ဖြစ်သည်။

COVID-19ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ၂၀၂၂ ဇန်နဝါရီ ၃၁  ရက်အထိ ထပ်မံတိုးမြှင့် သတ်မှတ်ကြောင်း  COVID-19 ကာကွယ်၊ ထိန်း ချုပ်ကုသရေးဗဟိုကော်မတီမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

COVID-19 ကပ်ရောဂါ ကူးစက်ပြန့် ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီး သွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး အဆိုပါကန့် သတ်ချက်များအားလုံးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁  ရက်အထိ တိုးမြှင့်လိုက်ခြင်းအား ထပ်မံ၍ သက်တမ်းတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

သို့ရာတွင် အရေးပေါ် အစိုးရတာဝန်ဖြင့် ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ( သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်) အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေးလေယာဉ် (သို့မဟုတ်) အထူး လေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံ များရှိအနီးဆုံးမြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီ တောင်းခံရမည်ဖြစ်ကြောင်းသိရသည်။              

လေကြောင်းခရီးသွားလာခြင်းမှ တစ်ဆင့် မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ရန်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့်ကာ လအား၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁  ရက်အထိ သက်တမ်းတိုးမြှင့်ထားခြင်းအား ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၆ခုနှစ်မှ ၂၀၂ဝပြည့်နှစ် သြဂုတ်လအထိ e-Visa ဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာမှ ခရီးသွား ၁.၇ သန်းကျော်ရှိပြီး ၎င်းတို့ e-Visa လျှောက်ထားမှုမှ ဝင်ငွေရရှိမှု အမေရိကန် ဒေါ်လာ ၆၉.၂ သန်းရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။