ပြင်သစ် Total နှင့် အမေရိကန် Chevron စွမ်းအင်ကုမ္ပဏီများ  မြန်မာမှလုပ်ငန်းများ ရုပ်သိမ်းမည်ဖြစ်ပြီး မြန်မာနိုင်ငံမှထွက်ခွာသည့် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ များပြားလာ

ပြင်သစ် Total နှင့် အမေရိကန် Chevron စွမ်းအင်ကုမ္ပဏီများ  မြန်မာမှလုပ်ငန်းများ ရုပ်သိမ်းမည်ဖြစ်ပြီး မြန်မာနိုင်ငံမှထွက်ခွာသည့် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ များပြားလာ
ဇန်နဝါရီ ၂၂ ရက်က ရန်ကုန်မြို့တွင် ပိတ်ထားသည့်ဂိတ်တစ်ခု ၏နောက်၌ TotalEnergies EP Myanmar ကုမ္ပဏီဆိုင်းဘုတ်ကို တွေ့ရစဉ် Photo:AFP
ဇန်နဝါရီ ၂၂ ရက်က ရန်ကုန်မြို့တွင် ပိတ်ထားသည့်ဂိတ်တစ်ခု ၏နောက်၌ TotalEnergies EP Myanmar ကုမ္ပဏီဆိုင်းဘုတ်ကို တွေ့ရစဉ် Photo:AFP
Published 22 January 2022

နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးများ ဖြစ်သည့် ပြင်သစ်နိုင်ငံမှ TotalEnergies နှင့် အမေရိကန်မှ Chevron တို့ မြန်မာနိုင်ငံမှ လုပ်ငန်းများကို ရုပ်သိမ်းတော့မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၁ ရက်က ကြေညာခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံမှ ထွက်ခွာသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အရေအတွက် ပိုများပြားလာခဲ့ ပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း လူ့အခွင့်အရေးအခြေအနေများ နှင့် တရားဥပဒေစိုးမိုးရေးအခြေအနေများ ဆိုးရွားလာမှုကြောင့် ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြင်သစ် Total နှင့် အမေရိကန် Chevron တို့က ကြေညာခဲ့သည်။

၎င်းကုမ္ပဏီ နှစ်ခုက အန်ဒမန် ပင်လယ်အတွင်း ရတနာ ရေနံသဘာဝဓာတ်ငွေ့ စီမံကိန်းအတွက် ပေးဆောင်ငွေနှင့် အခွန်အခမှာ ဒေါ်လာတစ်ဘီလျံကျော်ရှိနေကာ မြန်မာနိုင်ငံ၏ စီမံကိန်းတစ်ခုချင်းအလိုက် အကြီးမားဆုံး နိုင်ငံခြားဝင်ငွေ ရပေါက်ရလမ်း ဖြစ်သည့်အတွက် ၎င်းကုမ္ပဏီ နှစ်ခု၏ ဆုံးဖြတ်ချက်သည် သိသာထင်ရှားမှု ရှိလာလိမ့်မည်ဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့၏ အဆိုအရ သိရသည်။

၂၀၁၁ ခုနှစ်၌ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် စီးပွားရေးဆိုင်ရာ ဖြေလျှော့မှုများ လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံသို့ ပြည်ပရင်းနှီးမြှုပ်နှံသူများ စုပြုံဝင်ရောက်လာခဲ့ကာ ဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံ၊ ကုန်ထုတ်လုပ်ငန်း နှင့် ဆောက်လုပ်ရေး စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာခဲ့ကြသည်။

လက်ရှိတွင်မူ အဆိုပါ လုပ်ငန်းများသည် Total နှင့် Chevron တို့ကဲ့သို့ မြန်မာနိုင်ငံရှိ လုပ်ငန်းများကို ရပ်ဆိုင်းမည်လော သို့တည်းမဟုတ် ပုံမှန်အတိုင်း ဆက်၍လည်ပတ် သွားမည်လော ဆိုသည်ကို ရွေးချယ်ရမည့် အရေး နှင့် ရင်ဆိုင်နေရသည်။

မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သော နော်ဝေ ကုမ္ပဏီကြီး တယ်လီနောက မြန်မာနိုင်ငံမှ လုပ်ငန်းများကို ရောင်းချတော့မည်ဖြစ်ကြောင်း ယမန်နှစ်တွင် ကြေညာခဲ့သည်။ သို့ရာတွင် သဘောတူညီမှုကို အပြီးသတ်ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။ ယခု သီတင်းပတ်ထဲတွင်လည်း တယ်လီနောက မြန်မာနိုင်ငံရှိ ဒစ်ဂျစ်တယ် ငွေပေးချေမှု ဝန်ဆောင်မှု လုပ်ငန်းတစ်ခုတွင် ရင်းနှီးမြှုပ်နှံ ထားမှုများကို ပြန်လည်ရောင်းချခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက် မတိုင်မီက မြန်မာနိုင်ငံတွင် လူတစ်သိန်းကျော်အား အလုပ်အကိုင် ပေးထားသည့် ဗြိတိန်အခြေစိုက် စီးကရက်ကုမ္ပဏီ British American Tobacco ကလည်း လုပ်ငန်းများကို ရပ်ဆိုင်းကြောင်း ပြီးခဲ့သည့်နှစ် အောက်တိုဘာလထဲတွင် ကြေညာခဲ့သည်။

ပြင်သစ်အခြေစိုက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကုမ္ပဏီဖြစ်သည့် Voltalia သည်လည်း မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ဂျပန်ကားကုမ္ပဏီဖြစ်သည့် တိုယိုတာသည်လည်း မြန်မာနိုင်ငံရှိ စက်ရုံတစ်ရုံတွင် ထုတ်လုပ်မှုများ စတင်မည့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့သည်။  

ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း အီတလီမှ Benetton ကဲ့သို့ ဖက်ရှင် ကုမ္ပဏီများသည်လည်း မြန်မာနိုင်ငံမှ အပ်ထည်အသစ်များမှာယူမှုကို ရပ်ဆိုင်းခဲ့သည်။

ပြင်သစ်စွမ်းအင် ကုမ္ပဏီကြီး EDF သည်လည်း ဂျပန်နိုင်ငံမှ Marubeni ၊ မြန်မာမှ ဧရာဟင်္သာ ကုမ္ပဏီတို့နှင့် အကျိုးတူ ပူးပေါင်းကာ ရွှေလီ-၃ ရေအားလျှပ်စစ်ဆည်တစ်ခုကို ဒေါ်လာ ၁ ဒသမ ၅ ဘီလျံအသုံးပြုကာတည် ဆောက်မည့် စီမံကိန်းတွင် ပါဝင်မှုအား ဆိုင်းငံ့ခဲ့သည်။

မြန်မာနိုင်ငံတွင် ဟိုတယ်ကိုးခုကို ဖွင့်လှစ်ထားသည့် ပြင်သစ် ဟိုတယ်လုပ်ငန်းစု Accor ကမူ လတ်တလောတွင် မြန်မာနို်င်ငံ၌ ဆက်နေရန် ဆုံးဖြတ်ခဲ့ကြောင်းနှင့် ၎င်းတို့၏ ဝန်ထမ်း တစ်ထောင်ကို ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၁ ရက်တွင် ကြေညာခဲ့သည်။

ဂျပန်ဘီယာကုမ္ပဏီကြီး ကီရင်သည် မြန်မာ့တပ်မတော်နှင့် စီးပွားရေး ဆက်ဆံမှုများကို ရပ်ဆိုင်းရန် လပေါင်းများစွာ ကြိုးပမ်းနေခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသား ၄၅၀ ခန့်ကို အလုပ်အကိုင်ပေးထားသည့် ဒိန်းမတ်အခြေစိုက် Carlsberg ကုမ္ပဏီသည် ရောင်းအားကျဆင်းလာသည့်အတွက် ထုတ်လုပ်မှုကို လျှော့ချ ထားသည်ဟု ပြောကြားထားပြီး မြန်မာနိုင်ငံမှ ထွက်ခွာမည့် အစီအစဉ်များကိုမူ ကြေညာခြင်း မရှိသေးပေ။ ။

 

Most Read

Most Recent