စူဠရုရှားလော၊ ယူကရိန်းလော . . .

စူဠရုရှားလော၊ ယူကရိန်းလော . . .
Photo:Inform Naphlm
Photo:Inform Naphlm
Published 18 January 2022
မိုးဧအောင်

ရုရှားနှင့် ယူကရိန်းတို့၏ ပထဝီဝင်တည်ရှိပုံ၊ နယ်မြေပိုင်ဆိုင်မှု၊ သမိုင်းကြောင်းနှင့် ထုံးဓလေ့ဆိုင်ရာ ဆက်စပ်ပတ်သက်မှုများ မည်သို့ ရှိခဲ့ပါသနည်း။ ပစ္စုပ္ပန်ကာလ အာဏာပိုင်တစ်ဦးဦးက အမိအရ တိုက်တွန်းပြောဆို သည့်အတိုင်း အတိတ်သမိုင်းသည် ဖြစ်တည် ခဲ့ပါသလော။

 

ရုရှားလူမျိုးနှင့် ယူကရိန်း အဆက်အစပ်

၁၇၆၂ ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့သော နိုင်ငံရေးလက်ကမ်းစာစောင်တစ်ခုတွင် “အဂ္ဂရုရှား” နှင့် “စူဠရုရှား” တို့အကြား အပြန်အလှန် ဆက်ဆံမှုရှိကြပုံကို ဖော်ပြထားသည်။ ထို အထောက်အထားအရ နောက်ပိုင်းတွင် ယူကရိန်းသည် အဂ္ဂရုရှား၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ငြင်းဆိုခဲ့ပြီး သူ၏ ကိုယ်ပိုင်သမိုင်း၊ ကိုယ်ပိုင်အမှတ်အသားသရုပ်နှင့် ခရီးဆက်ခဲ့သည်ကို တွေ့ရှိရမည်။

ထိုအချိန်က “ယူကရိန်း”ဆိုသော အမည် နာမနှင့်တကွ တိုင်းနိုင်ငံတစ်ခုအဖြစ် သတ် သတ်မှတ်မှတ်မရှိခဲ့သေးပါ။ ဝေါဟာရ အလိုအရ ယူကရိန်းဆိုသော “နာမ်”သည် “နယ်စပ်/နယ်ခြား ဒေသ”ဟု အဓိပ္ပာယ်ရှိကြောင်း အင်ဒို-ဥရောပအနွယ်ဝင် ဆလပ်ဘာသာဗေဒက ဖွင့်ဆို၏။ ယခုယူကရိန်းဖြစ်နေသော ကျယ်ပြောပြန့်ပြူးသည့် စတက်မြက်ခင်းလွင်ပြင်သည် ဆလပ်အနွယ်တို့၏ နယ်စပ်ဧရိယာ၊ ဒနီပရို (Dnipro –Dnieper) မြစ်နှင့် ပင်လယ်နက်တို့ကာဆီးရာ နယ်ခြားဒေသ ဖြစ်ပါသည်။

“စူဠရုရှား” အသုံးအနှုန်းကို အမျိုးသားရေးဝါဒ ထွန်းကားလာချိန်၌ ယူကရိန်းတို့ တဖြည်းဖြည်း စွန့်ခွာခဲ့၏။ ၁၉ ရာစုအတွင်း ယူကရိန်းစကားပြော ပညာရှင်များနှင့် အတွေးအခေါ်သမားများက နိမ့်ကျသိမ်ငယ်စရာ ဤဝေါဟာရကို အမြစ်က ဖြိုရန် ဆုံးဖြတ်ခဲ့ကြပြီး ယူကရိန်းကို နိုင်ငံတစ်ခုအဖြစ် ဖန်တီးပျိုးထောင်နိုင်ရေး အတွေးအမြင်သစ်များ ပေါ်ထွက်လာခဲ့သည်။

သို့သော် ရာစုနှစ်ခု လွန်မြောက်ပြီးချိန်၌ ဗလာဒီမာပူတင်၏ ဦးဆောင်မှုအောက်ဝယ် ရုရှားသည် ဤသမိုင်းထဲမှ ရေးသားချက်များ ကို အခြေပြုကာ လွတ်လပ်သော ယူကရိန်း အပေါ် ထိပါးချဉ်းနင်းနိုင်မည့် အကွက် ကောင်းတစ်ခုအဖြစ် အကျိုးရှိရှိ ပြန်လည်ပွဲ ထုတ်လာသည်။ ပူတင်သည် သူ့စိတ်ကူးများ ကို ၂၀၂၁ ခု ဇူလိုင်လအတွင်း အများပြည်သူ ဖတ်ရှုနိုင်စေရန် သမ္မတ၏ ကွန်ရက်စာမျက်နှာမှတစ်ဆင့် ဆောင်းပါးတစ်ပုဒ်ကို ရေးသားခဲ့လေ၏။ ထိုစာမျက်နှာတွင် ရေးသားချက်အရ ရုရှားနှင့် ယူကရိန်းတို့မှာ “အနွယ်တူ - တစ်မျိုးတည်း” တိုင်းရင်းသားများ (one people –a single whole) ဟု ဖော်ပြခဲ့သည်။

ယူကရိန်း၏မြို့တော် ကိယက်ဗ် (Kyiv or Kiev)  မှာ “ရုရှားမြို့ကြီးများ၏ မိခင်မြို့” အဖြစ် အထပ်ထပ်အခါခါ ဖော်ပြခြင်းခံနေရ သည်။ ကိယက်ဗ်သည် အလယ်ခေတ်တစ်လျှောက် ခရစ်နှစ် ၈၈၂ ခုနှစ်မှ ၁၂၄၀ ပြည့် နှစ်အတွင်း ရှေးရိုးခရစ်ယာန်နိုင်ငံဖြစ်သော Kyivan Rus ၏ အလယ်ဗဟို ဖြစ်၏။ ရုရှား အုပ်စိုးသူများဖြစ်ကြသော ဇာဘုရင်မှသည် ပူတင်အထိ သူတို့တိုင်းပြည်၏ မူရင်းဇာစ်မြစ် ဟု (ယူကရိန်းကိုရော၊ ဘီလာရုစ် မျိုးရိုးနွယ်များကိုပါ) ခြေရာခံကာ ပြောဆိုခဲ့ကြသည်။ ယူကရိန်းနယ်မြေများသည် မကြာခဏဆိုသ လို ရုရှားပိုင်ဖြစ်ခဲ့ကြောင်း အခိုင်အမာ ပြောဆိုကြသည်။

 

သို့သော် ဤကိစ္စသည် အတွေးမှားပေါ် အခြေပြုထားသော မဖြောင့်မှန်သည့် သဘောထားဖြစ်ပါသည်။ ရုရှားအင်ပါရာ၏ပြည့်ရှင် မတ်စ်ကိုဗီ၏လက်ထက် ၁၂၃၇ ခုနှစ်မှ ၁၂၄၀ ပြည့်နှစ်အတွင်း မွန်ဂိုတို့၏ ကျူးကျော်သိမ်းပိုက်ခြင်းကို ခံခဲ့ရ၏။ ထိုအချိန်မှစ၍ Rus နန်းဆက် နိဋ္ဌိတံသွားပြီး နောင်နှစ်ပေါင်း ၅၀၀ ကြာသည့်အခါတွင်မှ မော်စကိုမှ အုပ်စိုးသူများ ကိယက်ဗ်ကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။

ကိယက်ဗ်၏ မူလဘူတနှင့်ပတ်သက်၍ မတ်စ်ကိုဗီ၏ ရှေ့ပိုင်းဖွံ့ဖြိုးမှုများမှာ မွန်ဂိုနှင့် တာတာတို့၏ ပုံသွင်းထုဆစ်မှုကြောင့် သို့မဟုတ် ရုရှား၏ ရှေးရိုးခရစ်ယာန်နန်းဆက်တို့ကြောင့် စသည်ဖြင့် အချည်းနှီးငြင်းဆိုနေကြပုံ မှာ ဇာဘုရင်များကို ဘုရားသခင်အလိုတော် အရ ခန့်အပ်တော်မူပုံနှင့် အလားသဏ္ဌာန် တူနေပါသည်။

Rusb အင်ပါယာ ပျက်သုဉ်းပြီးနောက် ရုရှား၏နယ်မြေများမှာ ဗဟိုဥရောပ၏အချုပ် အခြာအာဏာနှစ်ရပ်ဖြစ်သော ပိုလန်-လစ် သူယေးနီယန် ဓနသဟာယ (၁၅၆၉ - ၁၇၉၅)အတွင်း သက်ဆင်းခဲ့ရ၏။ ယနေ့ယူကရိန်းဟု သိနေကြသော နယ်မြေအများစုမှာ ပိုလန်တို့ နောက်ဆုံးပိုင်းခြား ကန့်သတ်ခဲ့သည့် ၁၇၉၅ ခုနှစ်အထိ ရုရှားအာဏာပိုင်တို့၏ အာဏာ စက်ပြင်ပတွင်သာ ရှိနေခဲ့ကြပါသည်။

 

ခေတ်အလိုက် သြဇာလွှမ်းခဲ့သူများ

ယူကရိန်းသည် ဥရောပတိုက်အတွင်း အကြီးဆုံးတိုင်းပြည်များထဲ၌ တစ်ခုအပါအဝင်ဖြစ်ပြီး ပထဝီဝင်တည်နေပုံအရ အခြားတိုင်းပြည်များနှင့် ဆက်စပ်လွှမ်းမိုးမှုက ရုရှားထက်ပင် ပိုပါသည်။ ယူကရိန်း၏ မူရင်း အဓိပ္ပာယ် "နယ်စပ်/နယ်ခြားဒေသ”ဟူသော စကားရင်းမြစ်အရ သူ့နယ်မြေသည် ရုရှား တစ်နိုင်ငံတည်းမဟုတ်ဘဲ ဧကရာဇ်တိုင်းပြည်များစွာနှင့် ဆက်စပ်တည်ရှိနေသည်။ “ခန်”အုပ်ချုပ်သော ခရိုင်းမီးယား၊ ပိုလန်ဘုရင့်နိုင်ငံတော်၊ သြစတြီးယားနှင့် အော်တိုမန်အင်ပါယာတို့၏ နယ်စပ်ဒေသလည်း ဖြစ်နေပြန်ပါသည်။

ဤပထဝီဝင်ကို နားလည်ရန်မှာ ပိုလန် -လစ်သူယေးနီယန် အင်ပါယာ အဆက်အစပ် က အဓိကသော့ချက်ဖြစ်သည်။ ၁၆၄၈ ခုနှစ်မ တိုင်မီက ယူကရိန်းလူမျိုး အားလုံးနီးပါးသည် ၀ါဆော၏ အုပ်စိုးမှုအောက်တွင် နေထိုင်ခဲ့ကြသည်။ ယူကရိန်းနိုင်ငံတောင်ပိုင်း စတက်မြက် ခင်းပြင်ဧရိယာသည် လူနေကျဲပါးခဲ့ပြီး အနောက်ပိုင်း ကာပေသီယန်တောင်တန်းဒေသ နယ်မြေများကိုမူ အလယ်ခေတ်ကာလများမှ စတင်ကာ ဟန်ဂေရီတို့က အုပ်ချုပ်ခဲ့၏။ ထိုအချိန်က အဓိကမြို့ကြီးများဖြစ်သော လဗစ် သို့မဟုတ် တာနိုပစ်တို့မှာ ပိုလန် သို့မဟုတ် သြစတြီးယန်လူမျိုးများ၏ အရိုးအစဉ် အုပ်ချုပ်ရာ ဖြစ်ခဲ့သည်။

ဤမြို့ကြီးများသည် ဆိုဗီယက်ယူနီယံ မထူထောင်မီ ၁၉၁၇ ခုနှစ်မှ ၁၉၂၁ ခုနှစ်အကြား အနောက်ယူကရိန်း ပြည်သူ့သမ္မတနိုင်ငံ ၏ ဗဟိုချက်မ ဖြစ်ခဲ့ကြသည်။

၂၀၁၄ ခုနှစ်မှစ၍ နိုင်ငံအရှေ့ပိုင်း ပင်လယ်နက်ကမ်းခြေရှိ ဒွန်ဘတ်နယ်မြေသည် ယူရိန်းနှင့် ရုရှားတို့၏ ပဋိပက္ခဖြစ်ပွားရာ ဗဟိုချက်ဖြစ်လာသည်။ ဤနယ်မြေကို ၁၇၇၀ ပြည့်လွန်နှစ်များဆီက ဒုတိယမြောက် ကက် သရင်းဘုရင်မနှင့် သူ့စစ်တပ်များ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သော “ရုရှားသစ်” (Novorossiya) အဖြစ် သိမှတ်ကြသည်။ သို့သော် အဆိုပါ ယူကရိန်းတောင်ပိုင်း “ရေရိုင်းမြေရိုင်း”သို့ ဥရောပတိုက်တစ်ဝန်းမှ အခြေချလာသူများ ဝင်ရောက်လာချိန်တွင် ရုရှားလူမျိုးအနည်းငယ်ကသာ ရွှေ့ပြောင်းအခြေစိုက်ခဲ့ကြသည်။

ထို့ကြောင့် ‘ရုရှားသစ်’သည် ဘယ်သောအခါမှ ရုရှားအစစ်မဖြစ်ခဲ့ပါ။ သမိုင်းကြောင်းအရ အဆိုပါနယ်နိမိတ်သည် ဂျာမန်မီနိုနွိုက် နှင့် ကက်သိုလစ်များ၊ ပြင်သစ်နှင့် အီတာလျံ ကုန်သည်များ၏ ရေကြည်ရာ မြက်နုရာဖြစ်သကဲ့သို့ ဂရိလူမျိုးများ၊ ပိုလန်နှင့် အနောက်ယူကရိန်းမှ ဂျူးများ၊ ဘူလ်ဂေးရီးယန်းများ၊ ဆာ့ဘ်များနှင့် ယူကရိန်းတို့၏ အခြေစိုက်ရာ နယ်မြေ ဖြစ်ခဲ့သည်။

ဤကျယ်ပြန့်သောနယ်မြေကြီးကို ‘ရုရှားသစ်’ အဖြစ် ပူတင်က ပြောဆိုခဲ့သည်မှာ သူ့အနေနှင့် လူမျိုးပေါင်းစုံတို့ ဆုံဆည်းခဲ့ရာ ယူကရိန်း၏ အတိတ်သမိုင်းကို ‘အိမ်စာ ကောင်းကောင်းမလုပ်ခဲ့မှန်း’ လူသိအောင် အထုပ် ဖြည်ပြသကဲ့သို့ ဖြစ်နေပါသည်။

ယူကရိန်းကို အပြည့်အဝ နားလည်ရန် ကြိုးပမ်းရာ၌ ရုရှားဘက် ရှုရပ်တစ်ခုတည်းမှ ကြည့်လျှင် အမြင်တိမ်ရာ ရောက်သွားနိုင်သည်။ ယူကရိန်းတည်းဟူသော အမှတ်အသားသရုပ်သည် သူ့နိုင်ငံအတွင်း မှီတင်းနေ ထိုင်ကြသော ရုရှားလူမျိုးတစ်မျိုးတည်းကို အခြေပြုသည်မဟုတ်ဘဲ အလယ်ဥရောပ နိုင်ငံစုံမှ မျိုးနွယ်များ၊ ပင်လယ်နက်ဒေသမှ မျိုးနွယ်စုများ ရောယှက်ထားသော လူဦးရေ၏ ပေါင်းစည်းမှု သမူဟပင် ဖြစ်ပါသည်။

 

ယူကရိန်းဒေသတွင်း ဓလေ့စိုးမိုးမှု

၁၉ ရာစုအတွင်း ယူကရိန်းမျိုးချစ်ဝါဒ လှုပ်ရှားမှု ပေါ်ပေါက်လာသောအခါ ရုရှား အာဏာပိုင်တို့က အနောက်နိုင်ငံများနှင့် အဆက်အစပ်ရှိသော နိုင်ငံခြားပယောဂ မကင်းသည့် ဇာတ်ညွှန်းတစ်ခုအဖြစ် ရှုမြင်ခဲ့ ကြသည်။ ယူကရိန်းအမှတ်အသားသရုပ်ကို မြို့ပြနေ ရုရှားလူကုံထံအသိုင်းအဝိုင်း၏ လက်ဝေခံယဉ်ကျေးမှုကို ဆက်ခံသော လူတန်းစားတစ်ရပ်နှင့် ကျေးလက်တောရွာအနှံ့ ယူကရိန်းစကားပြောကြားသော လူတန်းစားတစ် ရပ်အဖြစ် ခွဲခြားရှုမြင်ခြင်း ခံကြရသည်။

ရုရှားစကားသည် လူရာဝင်ချင်သူတိုင်း တတ်မြောက်ရမည့် ဘာသာစကားအဖြစ် ‘တွင်’ကျန်နေသည်။ ရုရှားအင်ပါရာအတွင်း အုပ်ချုပ်ရေးကဏ္ဍနှင့် လူမှုစီးပွားတိုးတက်လို သူတိုင်းအတွက် ရုရှားစကားတတ်မြောက်ရန် မလွဲမသွေ လိုအပ်ခဲ့သည်။ ယနေ့ထက်ထိ ယူကရိန်းတွင် အလုပ်အကိုင်ရရှိရေး၊ နည်းပညာနှင့် စီးပွားရေးလုပ်ငန်းအများစု၌ ရုရှားစကား တတ်ထားလျှင် ပိုမိုအဆင်ချောသော အခြေအနေ ဖြစ်ပါသည်။

၁၈၃၀ ပြည့်နှစ်က ယူကရိန်းဘာသာဖြင့် ပထမဆုံး ပုံနှိပ်ခဲ့သော တာရက်စ်ရှက်ဗ်ချင်ကို၏ စာအုပ် မထုတ်ဝေမီကပင် ယူကရိန်း စကားကို နှစ်ရှည်လများ ပြောကြားခဲ့ပြီး ဖြစ်သည်။ သို့သော် ဗျည်းနှင့်သရ အက္ခရာများမှာ ၁၉ ရာစု ကုန်ဆုံးချိန်ထိ တည်တ့ံမှုမရှိလှသေးပါ။ အစပိုင်းတွင် ဇာဘုရင်အာဏာပိုင်များက ပိုလန်ဘာသာစကား၏ လွှမ်းမိုးမှုကို ချေဖျက်နိုင်ရန်အလို့ငှာ ယူကရိန်းဘာသာစကားကို အားပေးခဲ့ကြ၏။

သို့သော် ဟရိုမဒီခေါ် ယူကရိန်းလျှို့ဝှက် အုပ်စုများက သူတို့၏ရိုးရာဓလေ့ကို ဖွံ့ဖြိုးလာစေရန် သုတေသနပြုသည့်အခါ ၁၈၇၆ ခုနှစ်တွင် ဇာဘုရင်အစိုးရသည် ယူကရိန်းဘာသာ ပုံနှိပ်ထုတ်ဝေမှုနှင့် ယူကရိန်းစကားပြော ဖျော်ဖြေမှုများအားလုံးကို ဥပဒေနှင့် မညီညွတ်ကြောင်း ပြဋ္ဌာန်းခဲ့ကြသည်။

၁၉၁၇ ခုနှစ်နောက်ပိုင်း ဘော်ရှီဗစ်တို့၏ ဒေသခံကို မဏ္ဍိုင်ပြုခြင်း (korenizatsiia) မူဝါဒအောက်ဝယ် ယူကရိန်းတို့၏ ထုံးတမ်းဓလေ့ ယဉ်ကျေးမှုမှာ ကာလတိုတစ်ခု နွေဦးပေါက်ချိန် ရောက်ခဲ့သည်ဟု ဆိုနိုင်၏။ ရုရှား ၏ထုံးဓလေ့ကြီးစိုးမှုကို ပယ်ဖျက်ကာ ဒေသန္တရ အမျိုးသားဘာသာစကားတို့ကို အားပေးခဲ့သည့်အတွက် ၁၉၃၁ ခုနှစ်၌ ထုတ်ဝေခဲ့သော သတင်းစာများ၏ ၈၉ ရာခိုင်နှုန်းမှာ ယူကရိန်းဘာသာ ဖြစ်လာသည်။ မူလတန်း စာသင်သားတို့၏ ၉၇ ရာခိုင်နှုန်းမှာ ယူကရိန်း ဘာသာကို သင်ကြားခွင့်ရခဲ့၏။ သို့သော် ၁၉၃၂ ခုနှစ်တွင် အဆိုပါမူဝါဒအားလုံးကို စတာလင်က ပြောင်းပြန်လှန်ပစ်ခဲ့သည်။

သမိုင်းတွင်ခဲ့သော ဟိုလိုဒွန်မောငတ် မွတ်ခေါင်းပါးမှုကြီး (The Holodomor famine) ပေါ်ပေါက်သည့်အခါ ယူကရိန်း တစ်ပြည်ထောင်အတွင်း၌ပင် လူဦးရေ ၃.၅ သန်းခန့် သေဆုံးခဲ့ရသည်။ ဤသရောကြီး ခိုင်းမှုမှာ ဆိုဗီယက်ယူနီယံ၏ မြေပိုင်ရှင်များအပေါ် နှိပ်ကွပ်၍ လယ်လုပ်သူ လယ်ပိုင်ရ မည်ဟူသော မြေယာဝေခြမ်းရေးမူဝါဒမှ မြစ်ဖျားခံခဲ့ပြီး ၁၉၃၂ - ၃၃ ခုနှစ်အတွင်း ယူကရိန်းနှင့် အခြားနယ်မြေများစွာကို ဒုက္ခရောက်စေခဲ့၏။ အခြေခံလူတန်းစား သန်းချီကာ သေကြေပျက်စီးခဲ့ရပြီး လူမှုရေးနှင့် ယဉ်ကျေး မှုအလွှာကသာ အမျိုးသားအမှတ်သရုပ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။ ဤ လူလုပ်ကပ်ဘေးကြီးကြောင့် ယူကရိန်းလူဦးရေ၏ သုံးပုံတစ်ပုံ ဆုံးရှုံးခဲ့ပြီး တိုင်းပြည်၏ လူဦးရေစာရင်းကို ချိန်ညှိပေးသကဲ့သို့ ဖြစ်သွားသည်။

ဒုတိယကမ္ဘာစစ်မီး တောက်လောင်လာသည်နှင့် ယူကရိန်း၏ လူမျိုးပေါင်းစုံ မှီတင်း နေထိုင်ခဲ့သော ရွှေရောင်အတိတ်ကာလကို ဖျက်ဆီးပစ်လိုက်၏။ သူ့နယ်မြေအတွင်းရှိ ဂျူးလူမျိုးများ အသတ်အဖြတ်ခံ၊ ပြည်နှင်ဒဏ် ခံခဲ့ကြရသလို ကျန်ကောင်းကျန်ရာ ခရိုင်းမီးယား တာတာလူဦးရေမှာလည်း အမြစ်ပြတ်လုနီးပါး ဖြစ်သွားခဲ့ရသည်။

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန်၊ ၁၉၄၆ ခုနှစ်၌ ဆိုဗီယက်ယူနီယံအတွင်း လူအဝင်အထွက်ကို ဖွင့်ပေးလိုက်သည့်အခါ ယူကရိန်း ဒေသတွင်းသို့ အခြားနေရင်းဒေသများမှ လူဦးရေ ၂၅ သန်းကျော်မှာ ဇာတိကို စွန့်ခွာကာ ဝင်ရောက်လာခဲ့ကြသည်။ ဆိုဗီယက်ပြည်ထောင်စုအတွင်း ဒေသစုံမှ ပါဝင်ပြီး အထူးသဖြင့် ရုရှားမှ အများဆုံး ရောက်လာခဲ့ကြသည်။

စစ်ကြီးမတိုင်မီကပင် ဖျက်ဆီးခံထားရသော ယူကရိန်း၏ ယိုင်နဲ့နဲ့လူ့အဖွဲ့အစည်းမှာ ၁၉၅၈ ခုနှစ်တွင် ပေါ်ပေါက်လာသော မဟာရုရှား အတွေးအခေါ်ကို အကောင်အထည်ဖော် ပ့ံပိုးသူများလက်ချက်ဖြင့် ထပ်မံ ထိုးနှက်ခံရပြန်သည်။ ထိုမဟာရုရှား စီမံချက်အရ ဘာသာစကားနှင့် ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်ခြင်းဖြစ်ပြီး ဆိုဗီယက်ယူနီယံအတွင်း ရုရှားမဟုတ်သူ လူမျိုးအားလုံးအတွက် ရုရှားဘာသာစကားကို ဒုတိယမြောက် မိခင်ဘာသာစကားအဖြစ် သင်ကြားစေခြင်းဖြစ်သည်။

 

လွတ်လပ်သော ယူကရိန်း

ဆိုဗီယက်ယူနီယံပြိုကွဲအပြီး ၁၉၉၁ ခုနှစ်၌ ယူကရိန်းလွတ်လပ်ရေး ရသည့်အခါ လူဦးရေ၏ သုံးပုံတစ်ပုံမှာ ရုရှားစကားပြော ရွှေ့ပြောင်းသူများနှင့် ရုရှားတို့၏ သားစဉ်မြေးဆက်များ ဖြစ်နေကြသည်။ အထူးသဖြင့် နိုင်ငံ၏အရှေ့ပိုင်း စက်မှုထွန်းကားရာနယ်မြေ နှင့် ခရိုင်းမီးယားဒေသတို့တွင် နေထိုင်ကြသည်။ ပစ္စုပ္ပန်ကာလရောက်သောအခါ ယူကရိန်းသည် ရုရှားနိုင်ငံပြင်ပ၌ ရုရှားစကားပြော သူ အများဆုံးနေထိုင်သည့်နိုင်ငံ ဖြစ်လာတော့သည်။

၁၉၉၁ ခုနှစ်တွင် လူဦးရေ၏ရာခိုင်နှုန်း ၉၀ က ယူကရိန်း၏ ကိုယ်ပိုင်အုပ်ချုပ်ရေး အတွက် မဲပေးခဲ့ကြ၏။ နှစ် ၃၀ လွန်မြောက်၍ ယခုအချိန်ရောက်သည့်အခါ ယူကရိန်းသည် ကိုလိုနီအဖြစ်မှ လွတ်မြောက်သော၊ နိုင်ငံတကာအသိအမှတ်ပြု တိုင်းပြည်တစ်ခုအဖြစ် ရပ်တည်ကာ ‘ရုရှားလူမျိုး’ သို့မဟုတ် ‘စူဠရုရှား’အဖြစ် လုံးလုံးမခံယူတော့ပါ။

ရုရှားနိုင်ငံရေးသမားတို့သည် သူတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် ယူကရိန်းကို ရုရှားပုံ သွင်းရန် ဆက်လက်ကြံစည်နေကြသည်။ ဤအမြင်များမှာ မတူတူအောင်ပုံရိပ် ဖော်၍ အမွေးခံဘဝမှ ရုန်းထွက်လိုသော၊ ထုံးတမ်းဓလေ့ချင်းကွဲပြားခြားနားသော၊ လက်ဝါးကြီးအုပ် နယ်ချဲ့ခြင်းကိုဆန့်ကျင်လျက် ကိုလိုနီလက်ဝေခံဘဝမှ စွန့်ခွာလို သော၊ သူ့မြေ သူ့ရေ သူ့အခြေနှင့် ရှင်သန်ရပ် တည်လိုသော ယူကရိန်းနိုင်ငံ၏ မဆုတ်မနစ် ကြံစည်ကြိုးပမ်း အားထုတ်မှုများကို ရုရှားတို့က မသိကျိုးကျွံပြုလျက် ဆက်လက်အကောင်အထည်ဖော်နေခြင်းသာ ဖြစ်ပါ၏။        

Most Read

Most Recent