ကိုဗစ်ပိုးတွေ့ အမေရိကန် သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူနှင့် အမေရိကန်သံရုံးဝန်ထမ်းတို့အား ခွင့်ပြုချက်မပါဘဲ ခေါ်ဆောင်သွားမှုအတွက် ပြင်းထန်စွာ ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

ကိုဗစ်ပိုးတွေ့ အမေရိကန် သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူနှင့် အမေရိကန်သံရုံးဝန်ထမ်းတို့အား ခွင့်ပြုချက်မပါဘဲ ခေါ်ဆောင်သွားမှုအတွက် ပြင်းထန်စွာ ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
Published 10 January 2022

ကိုဗစ်ပိုးတွေ့ အမေရိကန် သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူနှင့် အမေရိကန်သံရုံးဝန်ထမ်းတို့အား ခွင့်ပြုချက်မပါဘဲ ခေါ်ဆောင်သွားမှုအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဇန်နဝါရီ ၁၀ ရက် မြန်မာ့ရုပ်မြင်သံကြား ညပိုင်းသတင်းကြေညာချက်အရ သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ COVID-19 ရောဂါပျံ့နှံ့မှုအား ကာကွယ်နိုင်ရန်အတွက် ပြည်ပ/ ပြည်တွင်း လိုက်နာရမည့် လုပ်ငန်းစဉ်များအား အပြည့်အဝ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ၊ ယင်းကြောင့် လတ်တလော ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားနေသည့် အိုမီခရွန်ဗိုင်းရပ်စ်ဗီဇမျိုးကွဲ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ထားသော “အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ဂိတ်များနှင့် နယ်စပ်ဝင်/ ထွက်ဂိတ်များမှ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအတွက် အသွားလာကန့်သတ်မှုနှင့် ဓါတ်ခွဲစမ်းသပ် စစ်ဆေးခြင်း ဆောင်ရွက်မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ထပ်မံဖြည့်စွက်ထားသည့် လုပ်ငန်းစဉ်” ကြေညာချက်ကို ယင်းနေ့၌ပင် ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများသို့ ပေးပို့ထားပြီး ယင်းအတိုင်း လိုက်နာရန် အသိပေးပြီးဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထိုသို့ရှိစဉ် ဇန်နဝါရီ ၂ ရက်တွင် မြန်မာနိုင်ငံသို့ လေကြောင်းမှ ဝင်ရောက်ခဲ့သည့် အမေရိကန် သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတစ်ဦးသည် ဆရာစံဟိုတယ်၌ Quarantine နေထိုင်စဉ် ဓါတ်ခွဲခန်းစစ်ဆေးချက်အရ ဇန်နဝါရီ ၄ ရက်တွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ၊ ထို့အပြင် ဇန်နဝါရီ ၃ ရက်တွင် မြန်မာနိုင်ငံသို့ လေကြောင်းမှ ဝင်ရောက်ခဲ့သည့် အမေရိကန်သံရုံး ဝန်ထမ်းတစ်ဦးသည် Pan Pacific Hotel ၌ Quarantine နေထိုင်နေစဉ် ဇန်နဝါရီ ၆ ရက် ၊ ဓါတ်ခွဲခန်းစစ်ဆေးချက်အရ COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။ ယင်းကြောင့် COVID-19 ရောဂါပိုး တွေ့ရှိသူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စံသတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ထားသည့် ဆေးရုံများ (အစိုးရနှင့် ပုဂ္ဂလိကဆေးရုံများ) သို့ တက်ရောက် ကုသမှုခံယူရန် အသိပေးခဲ့သော်လည်း အမေရိကန်သံရုံး ဝန်ထမ်းတစ်ဦးနှင့် အပေါင်းအပါတို့က မည်သည့်ခွင့်ပြုချက်မှ မပါရှိဘဲ ဟိုတယ်သို့ လာရောက်၍ ပိုးတွေ့ရှိသူ အမေရိကန်နိုင်ငံသား နှစ်ဦးအား ၎င်းတို့၏ အစီအစဉ်ဖြင့် ကုသမည်ဆိုကာ ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း  ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် ယခုအခါ အိုမီခရွန်ဗိုင်းရပ်စ်ဗီဇမျိုးကွဲများ ကမ္ဘာတစ်ဝန်း လျှင်မြန်စွာ ကူးစက်ပျံ့နှံ့နေသည့်အတွက် မြန်မာနိုင်ငံအစိုးရအနေဖြင့် ယင်းရောဂါပိုး မြန်မာနိုင်ငံသို့ ဝင်ရောက်လာခြင်း မရှိစေရန်နှင့် မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် WHO ၏ စံညွှန်းများနှင့်အညီ COVID-19 ကာကွယ်၊ ထိန်းချုပ်ကုသရေးဆိုင်ရာ လမ်းညွှန်ချက်များချမှတ်၍ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေသည့် ကာလဖြစ်ကြောင်း ၊ ၎င်းပြင် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်း အပိုဒ် ၄၁ တွင် “အခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များ ရရှိသူအားလုံး သည် မိမိတို့၏ အခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များကို မထိခိုက်စေဘဲ၊ လက်ခံသည့် နိုင်ငံ၏ တရားဥပဒေများနှင့် စည်းမျဉ်းဥပဒေများကို လေးစားရန် တာဝန်ရှိကြသည်။ ထို့ပြင် ၎င်းတို့သည် ထိုနိုင်ငံ၏ ပြည်တွင်းရေးရာ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်လည်း တာဝန်ရှိ သည်။” ဟု ဖော်ပြထားကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ပါရှိသည်။

ယင်းကြောင့် အထက်ဖော်ပြပါဖြစ်စဉ်၌ အမေရိကန်နိုင်ငံသားနှစ်ဦးနှင့် သံရုံးဝန်ထမ်း၏ ဥပဒေနှင့်ဆန့်ကျင်သည့် ပြုမူဆောင်ရွက်မှုသည် သက်ဆိုင်ရာ နိုင်ငံရှိပြည်သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေကြောင်း ၊ ထို့ပြင် ယင်းလုပ်ရပ်သည် လက်ခံနိုင်ငံ၏ တည်ဆဲဥပဒေများနှင့် လမ်းညွှန်ချက်များ၊ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းပါ ပြဌာန်းချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်း ဖြစ်သဖြင့် ယင်းလုပ်ရပ်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ မြန်မာနိုင်ငံ၏ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များအား တိတိကျကျလိုက်နာရန် ထပ်မံအသိပေးအပ်ကြောင်း ၊ မြန်မာနိုင်ငံအတွင်း COVID-19 ဗီဇမျိုးကွဲများ ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်သည်။

Most Read

Most Recent