ONE Championship နှင့်စာချုပ်ချုပ်ဆိုခဲ့ပြီး ရက်သတ္တပတ်အတွင်း ပရိသတ်များအရှေ့သို့ပြန်လာမည်ဟု အောင်လအန်ဆန် ပြောကြား

ONE Championship နှင့်စာချုပ်ချုပ်ဆိုခဲ့ပြီး ရက်သတ္တပတ်အတွင်း ပရိသတ်များအရှေ့သို့ပြန်လာမည်ဟု အောင်လအန်ဆန် ပြောကြား
Photo: onefc
Photo: onefc
Published 8 January 2022

 

MMA ကစားသမား အောင်လအန်ဆန်က ONE Championship နှင့်စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး မကြာခင်ရက်သတ္တပတ်အတွင်း ပရိတ်သတ်များ၏အရှေ့သို့ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း သူ၏လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ဝေမျှခဲ့သည်။

အောင်လအန်ဆန်သည် ယခုနှစ်အစောပိုင်းအတွင်း ONE Championship ၏ စိန်ခေါ်ပွဲတစ်ပွဲအား ထိုးသတ်ရဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေသူလည်းဖြစ်သည်။ "ONE Championship နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ မကြာခင်ရက်သတ္တပတ်အတွင်းမှာ ပရိသတ်တွေရဲ့အရှေ့ကို ကျွန်တော် ပြန်လာတော့မှာပါ။ လေ့ကျင့်ရေးတွေကိုလည်း ပိုပြီးလုပ်နေပါတယ်။ ပွဲစဉ်အတွက် ပြင်ဆင်တဲ့နေရာမှာ အစားအသောက်၊ လေ့ကျင့်မှုပုံစံနဲ့ အနားယူခြင်းတွေကို စနစ်တကျလုပ်ဆောင်နေပါတယ်။ ပြင်းပြင်းထန်ထန်လည်း လေ့ကျင့်နေပါတယ်။ တစ်ချိန်တုန်းက ပညာရှိမြန်မာတစ်ဦးရဲ့ စကားကိုငှားသုံးရရင်တော့ ကျွန်တော်တို့ ခက်ခက်ခဲခဲလေ့ကျင့်ပြီး ပြန်လာမှာပါ"ဟု အောင်လအန်ဆန်က ပြောကြားခဲ့ကြောင်း သိရသည်။ 

ONE Championship ၏ ယခုတစ်ကြိမ်ကျင်းပမည့်ပွဲစဉ်တွင် ပွဲကြီးပွဲကောင်းများစွာ ပါဝင်လာမည်ဖြစ်ကြောင်း CEO ချက်ထရီက ပြောကြားထားခြင်းကြောင့် ပရိသတ်များကလည်း အောင်လအန်ဆန်၏ တစ်ကျော့ပြန် ချန်ပီယံစိန်ခေါ်ပွဲစဉ်အားမျှော် လင့်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိခန့်မှန်းမှုများအရ အောင်လအန်ဆန်အနေဖြင့် ONE-X ပြိုင်ပွဲတွင်ပါဝင်လာဖွယ်ရှိနေသော်လည်း မစ်ဒယ်ဝိတ်တန်း လက်ရှိချန်ပီယံ ဒီရစ်ဒါထံမှ ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်ခွင့်ရ၊ မရ မသေချာသေးဘဲ ကြားပွဲတစ်ပွဲ ထပ်မံထိုးသတ်ရဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ လက်ရှိအချိန်တွင် ချန်ပီယံဆုလက်မဲ့ဖြစ်နေသော အောင်လအန်ဆန်အား စိန်ခေါ်ထားသည့် MMA ကစားသမား အမြောက်အမြားရှိနေပြီး ယူရှင်အိုကာမီ၊ အာဘာ့ဆော့ဘ်၊ ဗစ်တာလီ ဘစ်ရှ်ဒက်တို့လည်း အပါအဝင်ဖြစ်ကြောင်း သိရသည်။ 

အောင်လအန်ဆန်အား စိန်ခေါ်ထားသူများထဲတွင် ဘစ်ရှ်ဒက်တစ်ဦးသာ အောင်လအန်ဆန်နှင့် ရင်ဆိုင်ဖူးသူဖြစ်ပြီး ပရိသတ်များ စောင့်မျှော်နေသည့် ပွဲစဉ်တစ်ပွဲလည်း ဖြစ်ကြောင်း သိရသည်။ အောင်လအန်ဆန်အနေဖြင့် လက်ရှိတွင် ပြိုင်ဘက်အတွက် အာရုံစိုက်ထားကြောင်း ပြောကြားထားသော်လည်း မည်သည့်ခေါင်းစဉ်အောက်၌ ပါဝင်သော မည်သည့်စိန်ခေါ်ပွဲထိုးသတ်မည့် အကြောင်းကိုမူ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။ 

Most Read

Most Recent