၂၀၂၁ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် ဆီနီဂေါအသင်းတွင် ကစားသမား (၃)ဦးအပါအဝင် လူ (၉)ဦး COVID-19 ကူးစက်ခံထားရသဖြင့် အခက်အခဲဖြစ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
ဆီနီဂေါသည် ၂၀၂၁ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်ပြီး ပြီးခဲ့သည့်အင်္ဂါနေ့ကတည်းက အိမ်ရှင် ကင်မရွန်းနိုင်ငံသို့ ထွက်ခွာရန်စီစဉ်ထားခဲ့သော်လည်း အသင်းတွင် COVID-19 ကူးစက်မှုများကြောင့် ဇန်နဝါရီ (၅)ရက်နေ့အထိ ထွက်ခွာနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
Daily Mail ၏ ဖော်ပြချက်အရ ဆီနီဂေါအသင်းတွင် လက်စတာကွင်းလယ်လူ နမ်ပလေးမန်ဒီအပါအဝင် ကစားသမား (၃)ဦး COVID-19 ကူးစက်ခံရထားပြီး အသင်းဝန်ထမ်းများအပါအဝင် လူ (၉)ဦး ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း သိရှိရသည်။
ဆီနီဂေါအသင်း၏ လူစာရင်းတွင် ဒဏ်ရာပြ ဿနာရှိနေပြီး ပြိုင်ပွဲဝင်ရန် ကြံ့ခိုင်မှုပြည့်ဝဖွယ်မရှိသည့် ဝက်ဖို့ဒ်တောင်ပံကစားသမား အစ္စမေလာဆားလည်း ပါဝင်နေကြောင်း သိရသည်။
ဝက်ဖို့ဒ်အသင်းသည် အစ္စမေလာဆားကို ဇန်နဝါရီ(၁၀) ရက်တွင် အသင်းသို့ပြန်လာရန် မျှော်လင့်ထားသော်လည်း လက်ရှိ ဆီနီဂေါအသင်းတွင် ဖြစ်ပေါ်နေသည့် COVID-19 ကူးစက်မှုများကြောင့် အခက်အခဲဖြစ်ဖွယ်ရှိနေကြောင်း သိရသည်။
ဆီနီဂေါအသင်းသည် ၂၀၂၁ အာဖရိကနိုင်ငံများဖလား အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇန်နဝါရီ (၁၀)ရက်တွင် ဇင်ဘာဘွေအသင်းနှင့် ကစားရမည်ဖြစ်သည်။















