ဧရာဝတီတိုင်းဒေသကြီး ချောင်းသာနှင့် ငွေဆောင်ရှိ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့်ဟိုတယ်များအား ဒေသဆိုင်ရာ Safe Tourism Certificate များ ထုတ်ပေးနိုင်ရေး စီမံလျက်ရှိကြောင်း သိရသည်။
“ ချောင်းသာမှာ ဟိုတယ်အလုံး ၃၀၊ ငွေဆောင်မှာ ဟိုတယ် ၂၄ လုံးကို ကျွန်တော်တို့ စစ်ဆေးပြီးဖြစ်တဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြထားတယ်။ Safe Tourism ဆိုတဲ့ Certificate ပေးမှာပေါ့။ ဒါကတော့ ဒေသအဆင့်လုံခြုံစိတ်ချမှုရှိတဲ့ လုပ်ငန်း ဖြစ်ပါတယ်ဆိုတဲ့ အသိအမှတ်ပြုကတ်ပြားတွေ ထုတ်ပေးဖို့အတွက်တိုင်းကို တင်ပြထားပါတယ်။ မကြာမီစစ်ဆေးပြီး ကိုက်ညီတဲ့ ဟိုတယ်တွေကို ထုတ်ပေးသွားမှာဖြစ်ပါတယ်။ အစစ်ဆေးခံနိုင်တဲ့ ဟိုတယ်တွေရှိရင်လည်း ကိုက်ညီရင် ဆက်လက်ပြီး ကတ်ပြားတွေ ထုတ်ပေးသွားမှာဖြစ်ပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးဇော်လင်းထွန်းက ပြောကြားသည်။
“ ဒုတိယအဆင့်ကတော့ National Level ပေါ့။ အမျိုးသားအဆင့်ကို ကျွန်တော်တို့ဝန်ကြီးဌာနက ထုတ်ပေးသွားမှာပေါ့။ Online ကနေဝင်ပြီး လျှောက်ထားပြီး ထုတ်ယူရမှာ ဖြစ်ပါတယ်။ တတိယအဆင့်ကတော့ International Level ဖြစ်သွားတာပေါ့။ ပြည်တွင်းက ပညာရှင်တွေရော နိုင်ငံတကာအဖွဲ့အစည်းက ပညာရှင်တွေရော ပူးပေါင်းစစ်ဆေးပြီးတော့မှ နိုင်ငံတကာခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာချိန်မှာ ဒီဟိုတယ်တွေဟာ Safe ဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ရရှိရေးကို တတိယအဆင့် ဆက်လုပ်မှာပါ။ လက်ရှိမှာတော့ ဒေသဆိုင်ရာအဆင့်ပေးဖို့ စီမံဆောင်ရွက်နေပါတယ်” ဟု ဦးဇော်လင်းထွန်းက ဆက်လက်ပြောကြားသည်။
COVID-19 ဆိုင်ရာ သတ်မှတ်ထားသည့်စည်းကမ်းချက်များအား ဟိုတယ်များက လိုက်နာခြင်းရှိ မရှိကို တာဝန်ရှိသူများက စစ်ဆေးမှုများဆောင်ရွက်ထားပြီး ရှောင်တခင် စစ်ဆေးမှုများလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ဟိုတယ်ဝန်ထမ်းများကိုလည်း Safe Service Training သင်တန်းများလည်း ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။















