တရုတ်သို့ပို့မည့်ဖရဲသီးများ ခေါက်တိုတရုတ်ကားရှာရခက်ခဲခြင်းနှင့် လမ်းပိုင်းကြန့်ကြာခြင်းတို့ကြောင့် အရည်အသွေးကျဆင်း၍ ပယ်သီးများစွာဖြစ်ပေါ်နေပြီး စွန့်ပစ်‌နေရ

တရုတ်သို့ပို့မည့်ဖရဲသီးများ ခေါက်တိုတရုတ်ကားရှာရခက်ခဲခြင်းနှင့် လမ်းပိုင်းကြန့်ကြာခြင်းတို့ကြောင့် အရည်အသွေးကျဆင်း၍ ပယ်သီးများစွာဖြစ်ပေါ်နေပြီး စွန့်ပစ်‌နေရ
ဖရဲသီးများ စွန့်ပစ်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ပြည့်စုံ)
ဖရဲသီးများ စွန့်ပစ်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ပြည့်စုံ)
Published 4 January 2022
ပြည့်စုံ (မူဆယ်)

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ တရုတ်သို့ပို့မည့်ဖရဲသီးများ ခေါက်တို တရုတ်ကား ရှာရခက်ခဲခြင်းနှင့် လမ်းပိုင်းကြန့်ကြာခြင်း၊ တရုတ်နိုင်ငံ ဝမ်တိန်သို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု ကြန့်ကြာခြင်းတို့ကြောင့် အရည်အသွေးကျဆင်းကာ ပယ်သီးများစွာ ဖြစ်ပေါ်နေပြီး စွန့်ပစ်‌နေရကြောင်း ဖရဲစိုက် တောင်သူများနှင့် ကုန်သည်ပွဲစားများထံမှ သိရသည်။

တရုတ်သို့ပို့မည့် ဖရဲသီးကားများ မန္တလေးမြို့ဘက်မှ တက်လာစဉ် ၁၆ မိုင်စစ်ရေးဂိတ်တွင် ရက်အနည်းငယ်စောင့်ဆိုင်းရခြင်း၊ မူဆယ်မြို့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၌ တရုတ်ခေါက်တိုကား ရှာရမှု ကြန့်ကြာခြင်းတို့ နှင့် တရုတ်နိုင်ငံ ဝမ်တိန်သို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု ကြန့်ကြာခြင်းတို့ကြောင့် အချို့ဖရဲကားများမှာ ရက် ၂၀ မျှ စောင့်ဆိုင်းရမှုကြောင့် အသီးအရည်အသွေးကျဆင်းကာ ပယ်သီးများစွာဖြစ်ပေါ်နေပြီး စွန့်ပစ်‌နေရခြင်း ဖြစ်ကြောင်း သိရသည်။

“၁၆ မိုင်နဲ့ ၁၀၅ မိုင်မှာ ရက်ကြာသွားတာရယ်၊ လာကတည်းက အရည်အသွေးမပြည့်မီတာတွေကြောင့် ဖြစ်မယ်ထင်တယ်။ ဒီဘက်က ခါလီကားခေါ်ရတာ ခက်ခဲတာရယ်၊ပြီးတော့ သူတို့တက်လာကတည်းက အမှည့်စိုက်တွေ ပါယူခဲ့တာရယ် အဲဒီလိုဖြစ်တာ များမယ်ထင်တယ်။ တချို့ဟာတွေက ကားရပြီးချိန်းနေတဲ့ အချိန်မှာ ဒီကနေသန့်ပြီး ပြန်တင်ပေးလိုက်တဲ့ အချိန်မှာ ပယ်သီးပြန်ဖြစ်သွားရတာ။ အရင်က မြန်မာဘက်က ဂျူတီဆောင်ပြီး ဝင်ရတော့ တရုတ်ထဲကို ရောက်တယ်။ တရုတ်ထဲမှာ ပယ်တဲ့ အဲဒီသဘောအတိုင်းပါ။ ဒီတစ်နှစ်ကျတော့ တရုတ်မှာလည်း ဂျူတီဆောင်ရမယ်ဆိုတော့ ဒီပယ်သီးတွေကို ဂျူတီသွားဆောင်ပေးမယ့် အတူတူ ကိုယ့်မြန်မာနိုင်ငံဘက်မှာ ပယ်ပြီးတော့ အကောင်းပဲ တင်သွားတဲ့သဘောမျိုးလည်း ဖြစ်နိုင်ခြေရှိပါတယ်” ဟု ဖရဲကုန်သည် ဒေါ်နန်းခမ်းခင်က ပြောကြားသည်။

ဖရဲသီးတင်ဆောင်လာသည့် ကားများအနေဖြင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ရန်အတွက် စစ်ဆေးမှုကြန့်ကြာခြင်း၊ မြန်မာကုန်ကားများ တိုက်ရိုက်ဝင်ရောက်ခွင့်မရှိဘဲ တရုတ်ခေါက်တိုကားဖြင့်သာ ဝင်ရရခြင်းအ‌ပေါ် တရုတ် ခေါက်တိုကားခ မြင့်တက်နေပြီး ကားရှာရခက်ခဲခြင်းများ ရှိခြင်းကြောင့် ရက်ကြာလာသည်နှင့်အမျှ ဖရဲသီးများ အရည်အသွေးကျဆင်းလာခြင်းကြောင့် ပယ်သီးများဖြစ်ပေါ်ရကာ စွန့်ပစ်လိုက်ရတာဖြစ်ကြောင်း ကုန်တင်ကား ဆရာတစ်ဦးက ပြောကြားသည်။

တရုတ်ခေါက်တိုကားခစျေးနှုန်းမှာ တစ်ရက်နှင့်တစ်ရက် မတူညီဘဲ တရုတ် ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီးလျှင် တရုတ်ယွမ်နှစ်သောင်းခွဲမှ သုံးသောင်းဝန်းကျင် (ကာလဒေသပေါက်စျေး ကျပ် ၇၅ သိန်းမှ ၉၄ သိန်းဝန်းကျင်) ပေးဆောင်ငှားရမ်းရခြင်းနှင့် နှစ်ဖက်ရှန်တိန်ယာဉ်မောင်း၊ နှစ်ဖက်ကွင်းကြေးနှင့် အခြားမလိုအပ်သော အပိုကုန်ကျငွေများ ထည့်ပေါင်းပါက ဖရဲသီးကုန်တင်ကားတစ်စီးလျှင် သိန်း ၁၀၀ ကျော် ကုန်ကျစရိတ် ရှိနေကြောင်း ကုန်သည်များက ဆိုသည်။

ထိုသို့  စစ်ဆေးမှုကြန့်ကြာခြင်း၊ မြန်မာ ကုန်ကားတိုက်ရိုက်ဝင်ရောက်ခွင့်မရှိဘဲ တရုတ်ခေါက်တိုကားခ မြင့်တက်နေပြီး ကားရှာရခက်ခဲခြင်းများ ရှိခြင်းတို့အပြင် အပိုကုန်ကျငွေများ ရှိခြင်းကြောင့် ဖရဲစိုက်တောင်သူများ အလုံးစုံ ခက်ခဲမှုများ ကြုံနေရကြောင်း သိရသည်။

“တောင်သူတွေရဲ့ အခက်အခဲက အားလုံးပဲ။ ဘယ်ဟာမှ ဖြောင့်ဖြောင့်တန်းတန်းရောက်လာတယ်ကို မရှိပါဘူး။ ခြံထဲက စထွက်လာပြီဆိုကတည်းက ၁၆ မိုင်မှာတင် ခက်ခဲလာတာပါပဲ။ ၁၆ မိုင်ကလည်း တစ်ရက်နဲ့ တစ်ရက် မတူဘူး ဖြစ်နေတာ။ တချို့ရက်ကြတော့ မြန်တယ်။ တချို့ရက်တော့လည်း ကြာတယ်။ အဲဒီကစပြီး မူဆယ်အထိကတော့ ငွေလမ်းခင်းပြီးမှရောက်လာတာ။ ကိုယ့်စီကနေညီညီညွတ်ညွတ်နဲ့ တိုင်တိုင်ပင်ပင် မလုပ်ဘူးဆိုရင်တော့ ကျွန်မတို့တောင်သူဘက်ကတော့ ခံဘက်ကြီးပဲ။ တောင်သူရော ပွဲစားရော ခံဘက်ကြီးပဲ” ဖရဲစိုက်တောင်သူ မနန်းက ပြောကြားသည်။

မန္တလေးမှ မူဆယ်အထိ ကီလိုမီတာ ၂၀၀ ကျော် ခရီးအတွက် ကုန်တင်ကားခမှာ တစ်တန်လျှင် ကျပ် ၄၀၀၀၀ ပေါက်စျေးရှိပြီး ကုန်ခြောက်ကုန်စည်တင်ပို့ပါက ၁၂ ဘီးကုန်တင်ယာဉ်တစ်စီးလျှင် ခြောက်သိန်းခွဲမှ ခုနစ်သိန်း သာပေးရပြီး ဖရဲသီးတင်ကားခမှာ ၁၂ ဘီးကို ၁၀ သိန်းကျော် ပေးရကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝမ်တိန်ကားကွင်းမှ မြန်မာနိုင်ငံဘက် ကျင်စန်းကျော့ဂိတ် ရွှေလွယ်အင်ကုန်တင်ကွင်းအထိ တစ်ကီလိုမီတာမျှ မရှိသောခရီးအတွက် တရုတ်ခေါက်တိုကားခမှာ သိန်း ၁၀၀ နီးပါး ပေးရသော်လည်း ကားရှားနေကာ ကားရှာရခက်ခဲခြင်းဖြစ်ပေါ်နေပြီး အခြားမလိုအပ်သောအပိုငွေများ ပေးဆောင်နေရခြင်းများကြောင့် တရုတ်-မြန်မာ ခေါက်တိုသယ်ယူပို့ဆောင်ရေးအပိုင်း၌ တရုတ်ကုန်တင်ယာဉ်တစ်စီးလျှင် သိန်းတစ်ရာကျော် ပေးနေရခြင်းဖြစ်ကြောင်း မူဆယ်မြို့ရှိ ကုန်သည်ကြီး ဦးသန်းက ပြောကြားသည်။

စမ်းသပ်ဖွင့်နေသည့်ကာလအတွင်း နှစ်နိုင်ငံကုန်သွယ်မှုကို ပို့ကုန်ကား ၁၀၀၊ သွင်းကုန်ကား ၁၀၀ စီ ခန့်မှန်းလုပ်ဆောင်ခဲ့သော်လည်း တရုတ်ဘက်က ကိုဗစ်ရောဂါနှင့် ပတ်သက်၍ တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများကြောင့် ကြန့်ကြာနေရခြင်းခြင်းနှင့် အခြားရှုပ်ထွေးမှုများ ရှိခြင်းကြောင့် ကားရှာရခက်ခဲခြင်း ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံကုန်သွယ်မှုတွင် ကိုဗစ်ရောဂါမဖြစ်ပွားစေရန် စနစ်တကျလုပ်ဆောင်ကာ  ကုန်သွယ်မှုလျင်မြန်စေရန် မြန်မာနိုင်ငံ တာဝန်ရှိသူများက တောင်းဆိုလုပ်ဆောင်နေကြောင်း သိရသည်။

“ကျွန်တော်တို့ နိုင်ငံသားတွေဒုက္ခရောက်မှာစိုးလို့ ကားရရှိရေးတို့ကို လိုက်တွန်းပြီး လုပ်ပေးနေပါတယ်။ ကုန်သွယ်မှုညီမျှဖို့နဲ့ လွယ်ကူလျင်မြန်ဖို့ စာနဲ့တောင်းတာရှိတယ်။ တယ်ဟုန်က ကုန်သွယ်ရေးညွှန်မှူးနဲ့ဆို တောက်လျှောက်ပြောနေတာ။ သူတို့ဘက်မှာ ပိုပြီးရှုပ်ထွေးနေတဲ့ အနေအထားတွေရှိတယ်။ ကုမ္ပဏီတွေ လုပ်ပိုင်ခွင့်ပေးထားတာကြောင့် ကားရရှိရေးမှာ တော်တော်လေးခက်ခဲနေတာပေါ့။ မြန်မာကားတွေ ဝင်ထွက်ဖို့တော့ ပြောထားတယ်။ သူတို့ကလည်း ကိုဗစ်ရောဂါအတွက် တင်းကျပ်ထားတဲ့အခါမှာ မြန်မာကားအဝင်မခံနိုင်ဘူး အဲဒီလိုဖြစ်နေတာ။ ဒါကြောင့်မို့ ကားရှားနေတာ။ ကျွန်တော်တို့ကလည်း ကိုဗစ်ရောဂါကာကွယ်ရေးစည်းကမ်းတွေကို စနစ်တကျ လိုက်နာပြီး ဆောင်ရွက်နေတယ်။ ကုန်သွယ်မှုကနေ ပိုးကူးမှုမဖြစ်ချင်ဘူး။ ဒါကြောင့်ကျွန်တော်တို့ ကြိုးစားပြီးလုပ်နေသလို ကုန်သည်တွေဘက်ကလည်း ကိုယ်လုပ်သင့်လုပ်ထိုက်တာကို ကြိုးစားပြီးလုပ်သင့်တယ်။ ကျွန်တော်တို့ဌာနတွေရယ် အသင်းအဖွဲ့တွေရယ် ၀ိုင်းဝန်းကြိုးစားနေတယ်။ တဖြေးဖြေးတော့ ကုန်သွယ်မှုတိုးတက်လာမှာပါ” ဟု နယ်စပ်ကုန်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုစမ်းသပ်ဖွင့်လှစ်သည့် နှစ်နိုင်ငံကုန်သွယ်မှုအပေါ် တရုတ်နိုင်ငံက ကုန်တင်ယာဉ် ဝင်ထွက်မှုအပိုင်းကို ပုဂ္ဂလိကပိုင်လုပ်ငန်းဝန်ဆောင်မှုအဖြစ် တင်ဒါခေါ်ယူပြီး လုပ်ကိုင်စေခဲ့ရာ တင်ဒါအောင်ကုပမ္ပဏီများက နှစ်နိုင်ငံ ဝင်ထွက်မှုအပိုင်းကို အခွင့်ကောင်းယူပြီး တရုတ်ကုန်တင်ယာဉ်များ၏ ကားငှားခ အဆမတန်မြှင့်တင်ခြင်း၊ မြန်မာကုန်တင်ကားများကို ဝင်ရောက်ခွင့်မရှိခြင်းကြောင့် အဝင်အထွက် ကုန်စည်များအပေါ် တရုတ်ကုန်တင်ယာဉ်များကသာ လုပ်ဆောင်နေကြောင်း သိရသည်။

ထို့သို့ တရုတ်ခေါက်တိုကားခ အဆမတန်မြှင့်တက်ခြင်း၊ ကားရှာရခက်ခဲခြင်း၊ မလိုအပ်သောအပိုငွေ ကုန်ကျနေခြင်းများကြောင့် မြန်မာတောင်သူများနှင့် ကုန်သည်လုပ်ငန်းရှင်အချို့ ဆုံးရှုံးမှုကြုံတွေ့နေရကာ ဆန်တင်ပို့မှုအချို့ ရပ်နားထားပြီး တရုတ်သို့ တင်ပိုမည့် ပဲများအား မန္တလေး၊ ရန်ကုန်သို့ ပြန်လည်သယ်ဆောင်မှုများ ရှိကြောင်း မူဆယ်-နမ့်ခမ်းကုန်သည်များထံမှ သိရသည်။

ဇန်နဝါရီ ၃ ရက် ဖရဲပေါက်စျေးမှာ အသီး၏ အရည်အသွေးပေါ်မူတည်ပြီး တစ်ကီလိုလျှင် ၆ ယွမ်ဝန်းကျင် (၁၈၇၅ ကျပ်) အမြင့်ဆုံးရရှိကြောင်း သိရသည်။

Most Read

Most Recent