တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ အရှိန်မြင့်လာသောတိုက်ပွဲများနှင့် ပိုမိုများပြားလာသည့် စစ်ဘေးရှောင်များ

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ အရှိန်မြင့်လာသောတိုက်ပွဲများနှင့် ပိုမိုများပြားလာသည့် စစ်ဘေးရှောင်များ
ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် လေးကေ့ကော်ဒေသမှ စစ်ဘေးရှောင်အချို့အား ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်းက တွေ့ရစဉ်
ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် လေးကေ့ကော်ဒေသမှ စစ်ဘေးရှောင်အချို့အား ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်းက တွေ့ရစဉ်
Published 2 January 2022

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် တပ်မတော်က နိုင်ငံတော်၏ အာဏာသုံးရပ်ကို ရယူပြီးနောက် နိုင်ငံအတွင်းရှိ ဒေသအချို့တွင် တပ်မတော်နှင့် အခြားသော လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး

၂၀၂၁ ခုနှစ် မတ်လတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ယခင်က အမဲလိုက်ရာတွင် အသုံးပြုခဲ့သည့် တူမီးသေနတ်ကိုင်ဆောင်ထားသူများအကြား ပစ်ခတ်တိုက်ခိုက်မှုများ စတင်ခဲ့သည်။

ကလေးမြို့တွင် ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲရာတွင် အရပ်သားတစ်ဦး သေဆုံးခဲ့ပြီးနောက် ကလေးမြို့တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကလေးမြို့တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်ခိုက်မှုများအတွင်း သေဆုံးသူများလည်း အများအပြား ရှိခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် မြို့ပြတိုက်ပွဲအသွင်ဆောင်သော ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ချင်းပြည်နယ်တွင်လည်း တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

ချင်းပြည်နယ်

ချင်းပြည်နယ်အတွင်း တိုက်ပွဲများသည် ဧပြီလအတွင်း စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ် မင်းတပ်မြို့တွင် ဧပြီ ၂၄ ရက် ဆန္ဒပြမှုဖြစ်စဉ်၌ ဖမ်းဆီးခံခဲ့ရသူလူငယ်များကို ပြန်လည်လွှတ်ပေးရန် ညှိနှိုင်းမှုအဆင်မပြေဖြစ်ခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများအကြား ပစ်ခတ်တိုက်ခိုက်မှု စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဧပြီလမှ မေလအထိ ချင်းပြည်နယ်အတွင်း၌ ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်နီးပါး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မင်းတပ်မြို့တွင် ထိုသို့သော ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် မေ ၁၃ ရက်တွင် မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့သည်။

ချင်းပြည်နယ် မင်းတပ်၊ ဟားခါး၊ ကန်ပက်လက် စသည့်မြို့နယ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံတူမီးသေနတ်ကိုင်ဆောင်သူများအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး နှစ်ဖက်သေဆုံး ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။

ချင်းပြည်နယ် ထန်တလန်မြို့တွင် အောက်တိုဘာလကုန်ပိုင်းက တပ်မတော်စစ်ကြောင်းနှင့် ဒေသခံ လက်နက်ကိုင်အဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲ၏ နောက်ဆက်တွဲအဖြစ် ထန်တလန်မြို့ပေါ်တွင် လူနေအိမ်ပေါင်း ၁၀၀ ကျော် မီးလောင်ပျက်စီး ဆုံးရှုံးသွားခဲ့သည်။

အောက်တိုဘာ ၃၀ ရက် နံနက်အစောပိုင်းတွင် အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများအကြား အငြင်းပွားမှုများ ရှိခဲ့သည်။

ထန်တလန်မြို့တွင် သြဂုတ်၊ စက်တင်ဘာနှင့် အောက်တိုဘာလများတွင် ဒေသခံလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း နေအိမ်များ မီးလောင်မှုဖြစ်စဉ်အချို့လည်း ရှိခဲ့သည်။

ကချင်ပြည်နယ်

ကချင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ် မတ်လဆန်းမှစတင်၍ စစ်ရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လာခဲ့သည်။

မြစ်ကြီးနားမြို့ပေါ်တွင် မတ် ၈ ရက်က ဆန္ဒပြနေသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြိုခွဲခဲ့ပြီး အဆိုပါဖြစ်စဉ်အတွင်း လူသေဆုံးမှုများနှင့် ဒဏ်ရာရရှိမှုများရှိခဲ့သည်။

ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်၊ မိုးညှင်း၊ အင်ဂျန်းယန်၊ ဝိုင်းမော် စသည့် မြို့နယ်များတွင် တပ်မတော်စစ်ကြောင်းနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သကဲ့သို့ ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နှင့် တပ်မတော်စစ်ကြောင်းတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။

မတ်လအတွင်း မြစ်ကြီးနား- ဗန်းမော်လမ်းကြောင်းကို အဓိက ထိန်းချုပ်ထားသည့် ဗျူဟာကုန်းဖြစ်သော အလော့ဘွမ်ကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့က တိုက်ခိုက်ရယူနိုင်ခဲ့ပြီး ယင်းဗျူဟာကုန်းကို ပြန်လည်ရယူနိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းက လေကြောင်း ပစ်ကူများ၊ မြေပြင်ထိုးစစ်များဖြင့် အကြီးအကျယ် တိုက်ခိုက်ခဲ့သည်။

ကချင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ တိုက်ပွဲများ ငြိမ်သက်နေရာမှ တပ်မတော်က နိုင်ငံတော် အာဏာလွှဲပြောင်းရယူပြီးနောက်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲဖြစ်ပွားရာနေရာများနှင့် နီးစပ်သော ဒေသများတွင် နေထိုင်သော ဒေသခံများသည် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ကယားပြည်နယ်

ကယားပြည်နယ် ဖရူဆိုမြို့နယ် မူဆိုကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အရပ်သား ၃၀ ကျော် မီးရှို့သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်နှင့် ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အကြား အပြန်အလှန်စွပ်စွဲမှုများ ရှိခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုစသည့် မြို့နယ်များတွင် တပ်မတော်စစ်ကြောင်းနှင့် ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ပြီး ဒီးမော့ဆိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် တပ်မတော်ဘက်က လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သည်။

ထို့ပြင် ကယားပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ဒေသခံလက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲများတွင် လူနေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးမှုများလည်း ရှိခဲ့သည်။

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင်လည်း ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းတချို့နှင့် တပ်မတော်စစ်ကြောင်းများအကြား ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့ပြီး အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း လူနေအိမ် မီးလောင်ဆုံးရှုံး ပျက်စီးမှုများလည်း ရှိခဲ့သည်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါ မြို့နယ် နှမ်းခါးရွာတွင် သြဂုတ်လ တတိယပတ်နှင့် နောက်ဆုံးပတ်များ၌ တပ်မတော်စစ်ကြောင်းနှင့် ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။

ဒီဇင်ဘာတတိယပတ်တွင် နှမ်းခါးရွာ၌ ပိုမိုပြင်းထန်သော တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ပြီး တပ်မတော်ဘက်က လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သည်။

အဆိုပါ ဖြစ်စဉ်သည် ဒီဇင်ဘာ ၁၇ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဒေသခံလက်နက်ကိုင် အဖွဲ့အစည်းအဝေးလုပ်နေချိန် ဝင်ရောက်စီးနင်းရာတွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

နှမ်းခါးရွာသည် တပ်မတော်နှင့် ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းများအကြား မကြာခဏတိုက်ပွဲ ဖြစ်ပွားသောနေရာဖြစ်ပြီး စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲအချို့တွင် နေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကင်းမရွာတွင်လည်း တပ်မတော်နှင့် ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းတို့ တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။

ကင်းမရွာတွင် ဇွန် ၁၅ ရက်က ဖြစ်ပွားသော တပ်မတော်စစ်ကြောင်းနှင့် ဒေသခံလက်နက်ကိုင်အဖွဲ့တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း နေအိမ် ၁၀၀ ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တပ်မတော်နှင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းများအကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်များမှာ မကြာခဏ ဖြစ်ပွားနေဆဲပင်ဖြစ်သည်။

ကရင်ပြည်နယ်

ကရင်ပြည်နယ် မြန်မာ-ထိုင်း နယ်စပ် လေးကေ့ကော်တွင် တပ်မတော်စစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့တို့ ဒီဇင်ဘာ ၁၅ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

ကရင်ပြည်နယ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ တပ်မဟာ (၅) နယ်မြေတွင် တပ်မတော်နှင့် တပ်မဟာ (၅) တို့ မကြာခဏ တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း ယခုတိုက်ပွဲဖြစ်ပွားမှုမှာ တပ်မဟာ (၆) နယ်မြေတွင် ဖြစ်သည်။

လေးကေ့ကော်ဒေသတွင် နိုင်ငံရေးအရ လာရောက်ခိုလှုံနေသူများကို တပ်မတော်စစ်ကြောင်းက ဝင်ရောက်ဖမ်းဆီးရာမှတစ်ဆင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၅ ရက် ညနေ ၅ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့  (ပူးပေါင်းတပ်ဖွဲ့) တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ ၁၅ ရက် ပစ်ခတ်တိုက်ခိုက်မှုနှစ်ကြိမ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များဘက်မှ ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး၊ တပ်ကြပ်တစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့ပြီး ဒုတိယဗိုလ်မှူးကြီး တစ်ဦး၊ ဗိုလ်ကြီး တစ်ဦးနှင့် တပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဒီဇင်ဘာ ၁၆ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့များပူးပေါင်း၍ လေးကေ့ကော်တွင် တပ်အင်အားတိုးချဲ့ရန် လာရောက်ရာတွင် ကျွန်းတောအရပ်၌ အဆိုပါအဖွဲ့များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့တို့အကြား တစ်နေကုန်နီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ ၂၃ ရက်၊ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၇ ရက်တို့တွင် တပ်မတော်က လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လေးကေ့ကော်အပါအဝင် တိုက်ပွဲဖြစ်ပွားရာ နေရာများတွင် ဆောင်ရွက်ခဲ့သည်။

ဒီဇင်ဘာ နောက်ဆုံးပတ်တွင် မြန်မာ-ထိုင်းနယ်စပ်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအပါအဝင် ပိုမိုပြင်းထန်သော တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ထိုသို့ ပြင်းထန်သော တိုက်ပွဲများကြောင့် ထောင်နှင့်ချီသော ဒေသခံများမှာ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး လူဦးရေအများအပြားမှာလည်း ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒီဇင်ဘာ ၃၀ ရက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါသတင်းထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၁၅ ရက်မှစ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ ခေါင်းဆောင်တချို့၊ တပ်ဖွဲ့ဝင်များ၊ ပူးပေါင်းလက်နက်ကိုင်အဖွဲ့ဝင်များက တပ်မတော်စစ်ကြောင်းများကို နေ့ညဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။

ထို့ကြောင့် တပ်မတော်က အင်အားထပ်မံဖြည့်တင်း၍လေကြောင်း ပစ်ကူ၊ အမြောက်ပစ်ကူရယူကာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပေါင်း ၂၅ ကြိမ်ဖြစ်ပွားခဲ့သည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လေးကေ့ကော်မြို့သစ်မှလွဲ၍ ထီးမယ်ဝါးခီး၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် ဖလူးကျေးရွာစသည့် နေရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းချုပ်နိုင်ခဲ့ပြီး အဆိုပါ တိုက်ပွဲဖြစ်စဉ်များတွင် အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်သည်။

တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားသူများ ၎င်းတို့၏ နေရပ်များတွင် ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် ထိုင်း-မြန်မာ နယ်ခြားကော်မတီများ ညှိနှိုင်းဆောင်ရွက်ရန် စီစဉ်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ဘေးရှောင်အခြေအနေ

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် နေရပ်စွန့်ခွာထွက်ပြေးမှုများ မြင့်တက်လျက်ရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (OCHA) က ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်သည်။ 

ဒီဇင်ဘာ ၇ ရက် ကိန်းဂဏန်းများအရ တပ်မတော်၊ ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့နှင့် အခြားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများကြောင့် လူဦးရေ တစ်သိန်းကျော်မှာ မေလကတည်းက တိုက်ပွဲရှောင်သည့်အနေဖြင့် ထွက်ပြေးနေရကြောင်း ပါရှိသည်။

လက်ရှိတွင် လူပေါင်း ၁၈၀၀၀ ကျော်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် လေးမြို့နယ်တွင် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသည့် လူဦးရေစုစုပေါင်းမှာ ၅၉၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။ 

ချင်းပြည်နယ် မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များတွင် ထပ်မံနေရပ်စွန့်ခွာ ထွက်ပြေးလာသူ ၁၀၅၀၀ ခန့် ရှိခဲ့ပြီး လက်ရှိတွင် နေရပ်စွန့်ခွာသူဦးရေ ၄၀၁၀၀ အထိ ရှိလာပြီဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါကိန်းဂဏန်းများထဲတွင် တပ်မတော်နှင့် ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်တွင် ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူ ၆၃၀၀ ကျော်လည်း ပါရှိကြောင်း သိရသည်။

လူသားချင်းစာနာမှုလုပ်ငန်း ဆောင်ရွက်နေသူများအနေဖြင့် သွားလာခွင့်အနည်းငယ်သာရသည့် မင်းတပ်မြို့နယ်၌ လုံလောက်သည့် အကူအညီများမရရှိခြင်းကြောင့် စိုးရိမ်နေရကြောင်းနှင့် ယင်းမြို့နယ်တွင် လူသားချင်းစာနာမှုအကူအညီ လိုအပ်ချက်ကြီးမားနေကြောင်း OCHA က ဆိုသည်။

မကွေးတိုင်းဒေသကြီးတွင် လူပေါင်း ၃၀၀ ခန့် ထပ်မံနေရပ်စွန့် ခွာထွက်ပြေးခဲ့ရပြီး မြို့နယ်သုံးခုမှ ထွက်ပြေးလာသူဦးရေ ၁၂၀၀၀ ခန့် ရှိပြီဖြစ်ကြောင်းနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက အိန္ဒိယနိုင်ငံထဲသို့ ထွက်ပြေးလာသူ ၁၅၀၀၀ အပြင် ထပ်မံထွက်ပြေးလာသူများလည်းရှိကြောင်း OCHA က ဆိုသည်။

မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသတွင် ဒီဇင်ဘာ ၁၅ ရက်က စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် နေအိမ်စွန့်ခွာရှောင်ပြေးရသူ တစ်သောင်းကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent