၂၀၂၁ ခုနှစ်အတွင်း မြန်မာနှင့် UN၊ အာဆီယံ

၂၀၂၁ ခုနှစ်အတွင်း မြန်မာနှင့် UN၊ အာဆီယံ
ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြုလုပ်သည့် မြန်မာ့အရေးအာဆီယံခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲကို တွေ့ရစဉ်
ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြုလုပ်သည့် မြန်မာ့အရေးအာဆီယံခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲကို တွေ့ရစဉ်
Published 2 January 2022

ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်အပြီးတွင် မြန်မာနှင့် နိုင်ငံတကာ ဆက်ဆံရေးမှာ များစွာပြောင်းလဲမှုများရှိခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

အချေအတင်ဖြစ်နေသည့် UN ကိုယ်စားလှယ်ထားရှိရေး

နိုင်ငံ့အာဏာကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီ ၁ ရက်၌ ရယူအပြီးတွင်ကန့်ကွက်မှုများနှင့် ဝေဖန်မှုများ ဆက်တိုက်ထွက်ပေါ်ခဲ့သည်။

ယင်းသို့ ကန့်ကွက်မှုများအနက် ဖေဖော်ဝါရီ ၂၆ ရက်က နယူးယောက်မြို့ရှိ UN ရုံးချုပ်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် မြန်မာအထူး ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးကျော်မိုးထွန်းက လက်သုံးချောင်းထောင်ကာ ကန့်ကွက်ခဲ့သည်။

NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် မြန်မာအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရသည့် ဦးကျော်မိုးထွန်း၏ ကန့်ကွက်ခြင်းမှ အစပြုကာ UN မြန်မာကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရှိရန် တိုက်ပွဲမှာ ပြင်းထန်လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဦးကျော်မိုးထွန်း၏နေရာတွင် အစားထိုးရန် ဦးအောင်သူရိန်ကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့သော်လည်း လက်ရှိအချိန်အထိ UN က အသိအမှတ်ပြုထားခြင်းမရှိသေးဘဲ ဦးကျော်မိုးထွန်းသာ UN အစည်းအဝေးတွင် တက်ရောက်ခွင့်ရခဲ့သည်။

ယင်းသို့ တက်ရောက်ခွင့်ရရှိခြင်းအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ခြင်းများကို ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကုသလမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် နိုင်ငံတော်မှ ပေးအပ်သည့် အမိန့်နှင့် ညွှန်ကြားချက်ကို လိုက်နာမှုမရှိဘဲ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်း၊ နိုင်ငံတော် အစိုးရအား ကိုယ်စားပြုခြင်းမရှိသည့်တရားမဝင်အဖွဲ့အစည်းအား သစ္စာခံပြီး တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုမှုကြောင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် ကြေညာထားသည်။

ထို့ပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ၏ ရုံးခန်းကို မြန်မာနိုင်ငံ၌ ဆက်လက်ထားရှိခြင်းမပြုရန် မြန်မာဘက်က ဒီဇင်ဘာလတွင် ဆုံးဖြတ်ခဲ့သည်။

အောက်တိုဘာ ၂၅ ရက်တွင် UN ထုတ်ပြန်ချက်အရ Ms. Christine Schraner Burgener ၏ လုပ်ငန်းတာဝန်များပြီးဆုံးခဲ့ပြီး ၎င်း၏ နေရာတွင် လူအစားထိုးခဲ့ခြင်းကြောင့် ဆက်လက်ငှားရမ်းခြင်း မပြုရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အာဆီယံနှင့် မြန်မာ

မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ဆက်ဆံရေးတွင် မပါမဖြစ်ဟုဆိုရမည့်အကြောင်းအရာတစ်ခုမှာ အာဆီယံအဖွဲ့နှင့် ဆက်ဆံရေးမှာလည်း ထည့်သွင်းဖော်ပြရမည့်အခြေအနေလည်းဖြစ်သည်။

ကုလသမဂ္ဂသာမက အမေရိကန်နှင့် တရုတ်အပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားက မြန်မာနိုင်ငံတွင် တည်ငြိမ်မှု ပြန်လည်ရရှိရေး သံတမန်နည်းအရကြိုးပမ်းမှုများကို ဦးဆောင်ရန် အာဆီယံအဖွဲ့အား တိုက်တွန်းအပြီးတွင် ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင်ပြုလုပ်သည့် မြန်မာ့အရေး အာဆီယံ ခေါင်းဆောင်များ အထူးအစည်းအဝေးတွင် အာဆီယံနိုင်ငံများအကြား ဘုံသဘောတူညီချက်ငါးရပ်ကို ချမှတ်နိုင်ခဲ့သည်။

အချက်ငါးချက်မှာ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရေးနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြရန်၊ မြန်မာပြည်သူများ အကျိုးစီးပွားနှင့် ကိုက်ညီသောအေးချမ်းသည့် အဖြေတစ်ခု ထွက်ပေါ်လာရေး သက်ဆိုင်ရာပါတီ အဖွဲ့အစည်းများ အားလုံးအကြား အပြုသဘောဆောင်သည့် ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ကြရန်ဖြစ်သည်။

ယင်းအပြင် အာဆီယံအထူး ကိုယ်စားလှယ်ခန့်အပ်ပြီး မြန်မာ့အရေးဖြေရှင်းရန် ဆုံးဖြတ်ခဲ့ရာ သြဂုတ် ၄ ရက်တွင် ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး (၂) ဖြစ်သူ ဒါတိုအီရီဝမ် ယူဆော့ဖ်အား ခန့်အပ်ခဲ့သည်။

ခန့်အပ်ခံရသည့် အာဆီယံအ ထူးကိုယ်စားလှယ်က ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန်စသည့် အချက်များကို တောင်းဆိုခဲ့ရာ မြန်မာနိုင်ငံဘက်မှ လိုက်လျောပေးခဲ့ခြင်း မရှိပေ။

အာဆီယံကိုယ်စားလှယ်၏ တောင်းဆိုမှုတွင် ညှိနှိုင်းမရသည့် အခြေအနေများရှိကြောင်း မြန်မာဘက်က တုံ့ပြန်ခဲ့ရာ အာဆီယံကိုယ်စားလှယ်၏ မြန်မာ့ခရီးစဉ်မှာ ဖြစ်ပေါ်လာခဲ့ခြင်းမရှိပေ။

ယင်းသို့နောက်ဆက်တွဲအခြေအနေများတွင် အာဆီယံထိပ်သီးအစည်းအဝေးများတွင် မြန်မာနိုင်ငံဘက်မှ ခေါင်းဆောင်ကို ဖိတ်ကြားခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။ နိုင်ငံရေးနယ်ပယ်မှ မဟုတ်သောလူပုဂ္ဂိုလ် တစ်ဦးကိုသာ ဖိတ်ကြားရန်ဆုံးဖြတ်ချက်မှာ အာဆီယံသမိုင်းတွင် မရှိခဲ့သည့် ဆုံးဖြတ်ချက်တစ်ခုလည်း ဖြစ်သည်။

အာဆီယံကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ရသည့် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး၏ တာဝန်မှာ ယခုနှစ်ကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံမှ တာဝန်ယူမည်ဖြစ်ရာ အာဆီယံအထူးကိုယ်စားလှယ်အား အသစ်ခန့်အပ်မည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ယင်းမတိုင်မီကလည်း မြန်မာ့တပ်မတော်ခေါင်းဆောင်များအနေဖြင့် အတိုက်အခံများနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ရေးအတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူမည့် ကမ္ဘောဒီးယားနိုင်ငံက ဖိအားပေးမည်ဟု အောက်တိုဘာ ၂၈ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံရေးဝန်ကြီး Prak Sokhonn ကို ခန့်အပ်ရန်  အမည်စာရင်းတင်သွင်းမည်ဖြစ်သည်။

ထို့ပြင် ဒီဇင်ဘာလအတွင်းမှာပင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်အား ဖိတ်ကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နှစ်သစ်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု ပြောကြားထားသည်။

Most Read

Most Recent