၂၀၂၁ ခုနှစ် တစ်နှစ်တာအတွင်း အထင်ကရ နိုင်ငံတကာဖြစ်စဉ် ၁၀ ခု

၂၀၂၁ ခုနှစ် တစ်နှစ်တာအတွင်း အထင်ကရ နိုင်ငံတကာဖြစ်စဉ် ၁၀ ခု
နိုဝင်ဘာ ၅ ရက်က စကော့တလန် ဂလက်စဂိုးမြို့တွင် Fridays for the Future ချီတက်ဆန္ဒပြပွဲ၌ ပါဝင်သူများကို တွေ့ရစဉ် (Photo:Reuters)
နိုဝင်ဘာ ၅ ရက်က စကော့တလန် ဂလက်စဂိုးမြို့တွင် Fridays for the Future ချီတက်ဆန္ဒပြပွဲ၌ ပါဝင်သူများကို တွေ့ရစဉ် (Photo:Reuters)
Published 2 January 2022

၂၀၂၁ ခုနှစ်သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို အဆိုးရွားဆုံးခံခဲ့ရပြီး အဆိုးရွားဆုံးနှစ်အဖြစ် သတ်မှတ်ခံခဲ့ရသည့် ၂၀၂၀ ပြည့်နှစ်လောက် ဆိုးရွားခဲ့ခြင်း မရှိခဲ့သဖြင့် ကောင်းမွန်သည့်နှစ်ဟု ပြောမည်ဆိုက ရသည်။  အဘယ်ကြောင့်ဆိုသော် ကုန်လွန်ခဲ့သည့် တစ်နှစ်တာကို ပြန်လည်ကြည့်ရှုမည်ဆိုလျှင် သတင်းကောင်းအချို့ကိုသာ မြင်တွေ့ရမည် ဖြစ်သောကြောင့်ပင်။ နွေရာသီအစောပိုင်းကာလတွင် COVID-19 ကပ်ရောဂါကို ကျော်လွှားနိုင်ခဲ့ပြီဟု ထင်မြင်ကောင်း ထင်မြင်မိကြမည် ဖြစ်သည်။ သို့သော် အထင်နှင့် အမြင်လွဲခဲ့ကြသည်။

ထို့ပြင် ၂၀၂၁ ခုနှစ်တွင် အခြားသတင်းဆိုးများကိုလည်း မြင်တွေ့ကြားသိခဲ့ရသည်။ ထို့ကြောင့် ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင်ဖြစ်ပွားခဲ့သည့် အထင်ကရဖြစ်စဉ် ၁၀ ခုအကြောင်းကို စုစည်းဖော်ပြရမည်ဆိုလျှင် အောက်ပါအတိုင်း မြင်တွေ့ရမည် ဖြစ်သည်။

ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များ မပြည့်မီခြင်း

ကမ္ဘာနိုင်ငံများသည် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို ကာကွယ်တားဆီးရေးအတွက် ရည်ရွယ်ထားသည့် ပါရီသဘောတူ စာချုပ်ထဲတွင်ပါဝင်သည့် စိန်ခေါ်မှုများကို ဖြေရှင်းရန် ရည်မှန်းချက်များကို ပြည့်မီခဲ့ခြင်း မရှိဘဲ ကျရှုံးခဲ့ကြသည်။ ထို့ကြောင့် သြဂုတ်လက ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုသည် လူသားမျိုးနွယ်အတွက် အန္တရာယ်ရှိသည့် အနီရောင်အဆင့်သို့ ရောက်ရှိနေဟု သတိပေးခဲ့သည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် ပတ်သက်ပြီး ပါရီသဘောတူစာချုပ်ကို အစအဆုံး ဖတ်ကြည့်ရန် လိုအပ်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၂၀၂၁ ခုနှစ်အတွင်း အလွန်ဆိုးရွားသည့် သဘာဝဘေးအန္တရာယ် သတင်းများက ရာသီဥတု ဖောက်ပြန်နေသည့် အချက်ကိုသက်သေထူနေခြင်းကြောင့် ဖြစ်သည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဆိုးရွားသည့် မိုးခေါင်ရေရှားမှုများ၊ အင်အားပြင်းမုန်တိုင်းများနှင့် ရေလွှမ်းမိုးမှုသတင်းများက ၂၀၂၁ ခုနှစ်ကို ဖုံးလွှမ်းခဲ့သည်။

COVID-19 ကာကွယ်ဆေးများနှင့် မျိုးကွဲဗိုင်းရပ်စ်များ

ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်များ ပေါ်ပေါက်လာမှုနှင့်အတူ COVID-19 ကာကွယ်ဆေးများလည်း ထွက်ပေါ်လာခဲ့သည်။

အများအားဖြင့် ကာကွယ်ဆေးများကို ထုတ်လုပ်ရန် ၁၀ နှစ်မှ ၁၅ နှစ်အထိ အချိန်ယူခဲ့ရသည့် သမိုင်းမှတ်တမ်းရှိခဲ့ပြီး အလျင်မြန်ဆုံး ထုတ်လုပ်နိုင်ခဲ့သည့် ကာကွယ်ဆေးပင် အချိန် လေးနှစ် ယူခဲ့ရသည်။

COVID-19 ကာကွယ်ဆေးများကိုမူ တစ်နှစ်မပြည့်မီ အချိန်မှာပင် ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ အရေးကြီးသည့်အချက်မှာ ယင်းကာကွယ်ဆေးများ၏ ထိရောက်မှုမှာလည်း အံ့မခန်း ကောင်းမွန်နေခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ်၏ ပထမ ရှစ်လအတွင်း နိုင်ငံပေါင်း ၁၈၄ နိုင်ငံတွင် ကာကွယ်ဆေး အလုံးရေ ၇.၈ ဘီလျံကျော် ထိုးနှံပြီးစီးခဲ့ပြီးဖြစ်သည်။

အမေရိကန်တွင် သမ္မတအသစ် တက်လာခြင်း               

“အမေရိကန် ပြန်လာပြီ” ဆိုသည့်စကားနှင့်အတူ ဂျိုးဘိုင်ဒင်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်သမ္မတအဖြစ် အိမ်ဖြူတော်ကို ဝင်ရောက်ခဲ့သည်။

ဘိုင်ဒင်သည် သမ္မတအဖြစ် စတင်ထမ်းဆောင်ရသည့် အစောပိုင်းနေ့ရက်များမှ စပြီး ဒေါ်နယ်ထရန့်လက်ထက်က ယိုယွင်းခဲ့သည့် မဟာမိတ်များနှင့်ဆက်ဆံရေးကို အလျင်အမြန် ပြန်လည်ထူထောင်ခဲ့သည်။ ပါရီသဘောတူစာချုပ်ထဲကို ပြန်ဝင်ခဲ့သည်။ အီရန်နှင့်နျူကလီး ယားသဘောတူစာချုပ်ကို ပြန်လည်အသက်သွင်းရန်ကြိုးပမ်းခဲ့သည်။ ရုရှားနှင့် နျူကလီးယားလက်နက် ထိန်းချုပ်ရေး New START စာချုပ်ကို ငါးနှစ်သက်တမ်း တိုးခဲ့သည်။

ထို့ပြင် ဘိုင်ဒင်သည် ထရန့်၏ အမေရိကန် ဦးစားပေးမူဝါဒများကို ပယ်ဖျက်ခဲ့ပြီး ၎င်း၏ မူဝါဒအသစ်များကို ချမှတ်ခဲ့ကာ နိုင်ငံတကာအသိုင်းအဝိုင်းတွင် အမေရိကန်၏ ချဉ်းကပ်ပုံကို ပြောင်းလဲခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ ဆုတ်ယုတ်လာမှု

၂၀၀၆ ခုနှစ်နောက်ပိုင်း ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ ဆုတ်ယုတ်လျော့ပါးလာမှုသည် ၂၀၂၁ ခုနှစ်တွင် အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်။

‘ဒီမိုကရေစီဘိုးအေနိုင်ငံ’ ဟု သတ်မှတ်ခံထားရသည့် အမေရိကန်၌ပင် ဇန်နဝါရီလ ၆ ရက်က သမိုင်းတွင်စေခဲ့သည့် Capitol စီးနင်းမှုကြီး ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်မှာ ထရန့်အား ထောက်ခံသူများက ဘိုင်ဒင်အား သမ္မတအဖြစ် အတည်ပြုမည့် လွှတ်တော်အစည်းအဝေးကျင်းပရာ Capitol အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

အိန္ဒိယတွင် အတိုက်အခံများ ဖိနှိပ်ခံရမှု၊ ဘရာဇီးတွင် သမ္မတ ဂျိုင်ယာဘော်ဆိုနာရိုက ရွေးကောက်ပွဲများကို ဝေဖန်တိုက်ခိုက်မှု၊ ချဒ်၊ မာလီ၊ ဂီနီနှင့် ဆူဒန်တို့တွင် အာဏာသိမ်းမှုများ၊ ရုရှားတွင် အတိုက်အခံခေါင်းဆောင် အလက်ဇီနာဗာညီကို ထောင်ဒဏ်ချမှတ်မှု၊ တရုတ်က ဟောင်ကောင်ကို တင်းကျပ်စွာ အုပ်ချုပ်လာမှု၊ ကျူးဘားနိုင်ငံသမိုင်းတွင် အကြီးမားဆုံး ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် အစိုးရအတိုက်အခံများစွာ ဖမ်းဆီးခံရမှုတို့ ရှိခဲ့ပြီး ကမ္ဘာပေါ်ရှိ ဒီမိုကရေစီနိုင်ငံများသည် ယခင်ကထက် ပိုမိုဆိုးရွားသည့်စိန်ခေါ်မှုများ နှင့်ရင်ဆိုင်နေရသည်ဟု အမေရိကန်သမ္မတ ဘိုင်ဒင်က ဒီမိုကရေစီညီလာခံတွင် ပြောကြားခဲ့သည်။

အီသီယိုပီးယားစစ်ပွဲ

၂၀၁၉ ခုနှစ်က ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့သည့် အီသီယိုပီးယားဝန်ကြီးချုပ် အဘီအာမက်သည် ၂၀၂၀ ပြည့်နှစ်တွင် အီသီယိုပီးယား ပြည်တွင်းစစ်ကို စတင်ခဲ့သည်။

အီသီယိုပီးယားနိုင်ငံမြောက်ပိုင်း တီဂရေးဒေသရှိ တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) သည် အစိုးရစစ်စခန်းများကို တိုက်ခိုက်ခဲ့သည်ဟု အာမက်က ပြောကြားခဲ့ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ယင်းဒေသသို့ စစ်သားများ စေလွှတ်ကာ တိုက်ခိုက်ခဲ့သည်။ ထိုအချိန်မှစပြီး တီဂရေးစစ်ပွဲသည် ၂၀၂၁ ခုနှစ် တစ်နှစ်လုံး ဖြစ်ပွားခဲ့ကာ လူပေါင်းထောင်ချီ သေဆုံးခဲ့ပြီး လူပေါင်းသန်းချီ စစ်ဘေးဒုက္ခသည်ဖြစ်ခဲ့ရကာ တီဂရေးတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဆိုးရွားစွာ ကြုံတွေ့ခဲ့ရသည်။

တာလီဘန်တို့ အာဏာပြန်ရလာခြင်း

အမေရိကန်သည် နှစ်ပေါင်း ၂၀ ကြာ တိုက်ခိုက်လာသည့် အာဖဂန်စစ်ပွဲကို အဆုံးသတ်လိုက်သည့် အချိန်တွင် တာလီဘန်တို့သည်လည်း အာဖဂန်နစ္စတန်တွင် အာဏာပြန်ရလာခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်လက်ထက်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တွင် အာဖဂန်မှ အမေရိကန်စစ်သားများ ရုပ်သိမ်းရန် တာလီဘန်အဖွဲ့နှင့် သဘောတူညီမှု ရရှိခဲ့သည်။

ဘိုင်ဒင်လက်ထက်ဖြစ်သည့် ၂၀၂၁ ခု နှစ်တွင်မူ အာဖဂန်မှ အမေရိကန်စစ်သားအားလုံးကို ရုပ်သိမ်းခဲ့ပြီး ၎င်းတို့ဖြုတ်ချခဲ့သည့် တာလီဘန်တို့သည်လည်း အာဏာပြန်ရလာခဲ့သည်။

ထောက်ပံ့ရေးကွင်းဆက် တုံ့ဆိုင်းသွားခြင်း

၂၀၂၁ ခုနှစ်အတွင်း လူပြော အများဆုံး စကားလုံးများထဲတွင် ပါဝင်သည့်စကားလုံးမှာ ထောက်ပံ့ရေး ကွင်းဆက်ဟူသည့် စကားလုံးဖြစ်သည်။ ထောက်ပံ့ရေးကွင်းဆက် လည်ပတ်မှုသည် စီးပွားရေးလုပ်ငန်း တစ်ရပ်အောင်မြင်မှုအတွက် အဓိကကျသည်ဟု လုပ်ငန်းရှင်များက ဆယ်စုနှစ်များစွာကြာ လက်ခံထားကြသည်။

သို့သော်လည်း COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် ထောက်ပံ့ရေးကွင်းဆက် တုံ့ဆိုင်းသွားခဲ့ကာ ပစ္စည်းများ ပြတ်လပ်ခဲ့သဖြင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့ရသည်။ ကပ်ရောဂါကြောင့် စက်ရုံ၊အလုပ်ရုံများပိတ်ခဲ့ရသဖြင့် အလုပ်အကိုင်များ ထိခိုက်ခဲ့ရသလို လူသုံးကုန်ပစ္စည်းများမှာလည်း ပြတ်လပ်ခဲ့သည်။

၂၀၂၁ ခုနှစ်အတွက် ပြတ်လပ်မှုအများဆုံး ပစ္စည်းများထဲတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ ရေနံ၊ စားအုန်းဆီ၊ ကြက်သား၊ ပြောင်းနှင့် ကလိုရင်းတို့ ပါဝင်ခဲ့သည်။

အီရန် နျူကလီးယားသဘောတူညီမှု

၂၀၂၁ ခုနှစ်အတွင်း အပြုသဘောဆောင်သည့် ဖြစ်စဉ်များထဲတွင် အီရန်နျူကလီးယား သဘောတူညီမှု တိုးတက်လာမှုက တစ်ခု အပါအဝင်ဖြစ်သည်။

ဒေါ်နယ်ထရန့်လက်ထက်က အမေရိကန်သည် ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရသည့် ၂၀၁၅ အီရန်နျူကလီးယားသဘောတူစာချုပ်မှ နုတ်ထွက်ခဲ့သည်။

သို့သော်လည်း ဂျိုးဘိုင်ဒင်လက်ထက် ၂၀၂၁ ခုနှစ်တွင်မူ အမေရိကန်သည် နျူကလီးယား သဘောတူညီချက်တွင် ပြန်လည်ပါဝင်ခဲ့သည်။ ဖေဖော်ဝါရီလတွင် ဘိုင်ဒင်က အီရန် နျူကလီးယား သဘောတူညီမှုနှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုများတွင် ပြန်လည်ပါဝင်ရန် ဥရောပသမဂ္ဂကို ဖိတ်ကြားခဲ့သည်။

အကောင်အထည်ဖော်ဆောင်ရန် ပြည့်စုံကျယ်ပြန့်သည့် ပူးတွဲအစီအစဉ် (JCPOA) ဟု အမည်ပေးထားသည့် ယင်းနျူကလီးယား သဘောတူညီမှုကို အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ရုရှား၊ ဂျာမနီ၊ ဥရောပ သမဂ္ဂနှင့် အီရန်အကြား ဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

ရွှေ့ပြောင်းနေထိုင်သူများအရေး

COVID-19 ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း၌ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် လျော့ကျမှုသည် ၂၀၂၁ ခုနှစ်တွင်လည်း ဆက်လက်လျော့ကျခဲ့သည်။

မည်သို့ပင်ဆိုစေ ယင်းကဲ့သို့ လျော့ကျမှုသည် ရွှေ့ပြောင်းနေထိုင်သူ အကျပ်အတည်း ပြီးဆုံးသွားမည် ဆိုသည့် အဓိပ္ပာယ်မဟုတ်ပေ။ အမေရိကန်တွင် ဖြစ်ပွားသည့် ရွှေ့ပြောင်းနေထိုင်သူအရေးကို လေ့လာမည်ဆိုပါက အောက်တိုဘာလအထိ အမေရိကန်သို့ တရားမဝင် ဝင်ရောက်ခဲ့သူအရေအတွက်မှာ ၁.၇ သန်းရှိခဲ့သည်ကို တွေ့ရသည်။

ယင်းသည် ၁၉၆၉ ပြည့်နှစ် နောက်ပိုင်း တရားမဝင် ဝင်ရောက်သည့် ရွှေ့ပြောင်းနေထိုင်သူအရေအတွက် အမြင့်ဆုံးပမာဏအထိ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးကျပ်တည်းမှုနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ဆင်းရဲသည့်နိုင်ငံများတွင် နေထိုင်သူများသည် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂသို့ ဝင်ရောက်ခဲ့ကြသည်။

AUKUS သဘောတူညီချက်

စက်တင်ဘာ ၁၅ ရက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ သြစတြေးလျဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့က AUKUS ဟု အမည်ပေးထားသည့် သုံးပွင့်ဆိုင် လုံခြုံရေးသဘောတူညီချက်ချက်အသစ်ကို ပူးတွဲကြေညာခဲ့ကြသည်။

ယင်းသဘောတူညီချက်၏ အဓိက အကျဆုံးအစိတ်အပိုင်းတစ်ခုမှာ အမေရိကန်က သြစတြေးလျနိုင်ငံကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောရှစ်စီး တည်ဆောက်ရေးအတွက် နည်းပညာများ ထောက်ပံ့ပေးမည့် ကတိကဝတ်ဖြစ်သည်။

သြစတြေးလျနည်းတူ ဗြိတိန်နိုင်ငံသည်လည်း နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများ တည်ဆောက်ရေးအတွက် အမေရိကန်၏ နည်းပညာများကို ရရှိမည်ဖြစ်သည်။

ယင်းသဘောတူညီချက်သည် အင်ဒို- ပစိဖိတ်တွင် လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်အတွက် မရှိမဖြစ်လိုအပ်သည့် သဘောတူညီချက်တစ်ခုဖြစ်သည်ဟု အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျနိုင်ငံတို့က ပူးတွဲအစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ဘိုင်ဒင်၊ ဂျွန်ဆင်နှင့် မော်ရစ်ဆင်တို့သည် တရုတ်နိုင်ငံနှင့် ပတ်သက်ပြီး ရည်ညွှန်းပြောကြားခြင်း မရှိခဲ့သော်လည်း AUKUS သဘောတူညီချက်သည် တရုတ်၏ ဒေသတွင်း သြဇာလွှမ်းမိုးမှုများကို တန်ပြန်သည့် လုပ်ဆောင်ချက်တစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံခဲ့ရပြီး တရုတ်အစိုးရကမူ ယင်းသဘောတူညီချက်ကို ရှုတ်ချခဲ့သည်။

Most Read

Most Recent