UEC အသစ်၏ မဲစာရင်းစစ်ဆေးခြင်းနှင့် PR စနစ်

UEC အသစ်၏ မဲစာရင်းစစ်ဆေးခြင်းနှင့် PR စနစ်
နေပြည်တော်တွင် ဖေဖော်ဝါရီ ၂၆ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပစဉ်
နေပြည်တော်တွင် ဖေဖော်ဝါရီ ၂၆ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပစဉ်
Published 2 January 2022
အလင်းဒီ

ဖေဖော်ဝါရီ ၁ ရက်တွင် ဖြစ်ပေါ်သည့် နိုင်ငံရေးအပြောင်းအလဲအတွက် မဲစာရင်းအမှားအယွင်းကို တပ်မတော်က အဓိကအကြောင်းပြသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မကျင်းပမီနှင့် ကျင်းပအပြီး ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များတွင်  တပ်မတော်က သိသိသာသာ ပါဝင်လာခဲ့ပြီး ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတို့တွင် အဆိုပါအခြေအနေမျိုး မတွေ့ရပေ။

ရွေးကောက်ပွဲမတိုင်မီကပင် (ယခင်) ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဆောင်ရွက်ချက်အချို့အပေါ် ဝေဖန်မှုရှိခဲ့သော တပ်မတော် သည် ရွေးကောက်ပွဲအပြီးတွင် မဲစာရင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းရန် ဖိအားပေးခဲ့သည်။

မဲစာရင်းများ အမှားအယွင်းရှိသည်ဆိုကာ တပ်မတော်သားများနှင့် ၎င်းတို့မိသားစုဝင်များ မဲပေးခဲ့သည့် မြို့နယ် ၂၁၈ မြို့နယ်မှ ရွေးကောက်ပွဲဖြစ်စဉ်များကို စိစစ်သွားမည်ဟု ထုတ်ပြန်ခဲ့ပြီး အဆိုပါအရေအတွက်သည် ရွေးကောက်ပွဲကျင်းပသည့် မြို့နယ်စုစုပေါင်း၏ သုံးပုံနှစ်ပုံ ဖြစ်သည်။

ယင်းသို့ စိစစ်မှုများအတွက် ကော်မရှင်အဖွဲ့ခွဲများထံမှ လိုအပ်သည့် စာရွက်စာတမ်းများ တောင်းခံမှုရှိခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကော်မရှင်အဖွဲ့ခွဲများကို ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်း၊ အထောက်အထားနှင့် အမှတ်အသားများကို မည်သည့်အဖွဲ့အစည်း၊ မည်သူ့ကိုမျှ ကူးယူခွင့်မပြုရန် ညွှန်ကြားခဲ့သည်။

ရွေးကောက်ပွဲဥပဒေအရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ခွင့်ပြုသော အချက်အလက်များမှအပ အခြားကိစ္စများကို ပေါက်ကြားခြင်းမရှိစေရန် စောင့်ထိန်းရမည်ဆိုသော ပြဋ္ဌာန်းချက်ကို ကိုးကားပြီး ယင်းသို့ ညွှန်ကြားခြင်းဖြစ်သည်။

တပ်မတော်က သက်သေခံဥပဒေပါ ပုဒ်မအချို့ကို ကိုးကားပြီး စာရွက်စာတမ်းကူးယူခွင့်ပြုရန် ဆောင်ရွက်ရာမှ နှစ်ဖက်အဖွဲ့အစည်းကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။

မဲမသမာမှုရှိသည်ဆိုသော စွပ်စွဲချက်များအပေါ် UEC က ပညာရေးဝန်ကြီးဌာနမှ ဆရာ ဆရာမများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်များ ရှေ့မှောက်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းသည်။

ထို့ပြင် ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုများရှိလျှင် ပြဋ္ဌာန်း ဥပဒေများနှင့်အညီသာ ဆောင်ရွက်သွားမည်ဟု တုံ့ပြန်ခဲ့သည်။

သို့သော် ကော်မရှင်၏ အဆိုပါ ထုတ်ပြန်ချက်များက တပ်မတော် မျှော်မှန်းထားသည့် ဖြေရှင်းမှုမျိုး မဟုတ်ခဲ့ပေ။

သို့ရာတွင် တပ်မတော် စွပ်စွဲသည့် မဲစာရင်းမဲမသမာမှုနှင့်သက်ဆိုင်သော မဲစာရင်း ပြုစု၊ ပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲကျင်းပခြင်း၊ မဲ ဆန္ဒနယ် သတ်မှတ်ခြင်းအပါအဝင် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်လာသည့် အငြင်းပွားမှုများအတွက် ဖြေရှင်းဆုံးဖြတ်ပိုင်ခွင့်သည် အခြေခံဥပဒေ ပုဒ်မ ၃၉၉ အရ ကော်မရှင်၏ လုပ်ပိုင်ခွင့်ဖြစ်သည်။

အလားတူ အခြေခံဥပဒေပုဒ်မ ၄၀၂ အရ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများ၊ ရွေးကောက်ပွဲ ခုံအဖွဲ့၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့်စပ်လျဉ်းသော အယူခံမှုများ၊ ပြင်ဆင်မှုများတွင်လည်း ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်သည်သာ အပြီးအပြတ် အတည်ဖြစ်ပြန်သည်။

တပ်မတော်ဘက်ကလည်း ၎င်း၏ ရွေးကောက်ပွဲဖြစ်စဉ်တွင် ပါဝင်မှုကို အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် အစဉ်တစိုက်ပါဝင်စေသည့် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များဖြင့် ပြန်လည်ချေပသည်။

နိုဝင်ဘာ ၅ ရက် ထုတ်ပြန်ချက်တွင် တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်ရန်တာဝန်ရှိပြီး အခြေခံဥပဒေ၊ တည်ဆဲဥပဒေနှင့် မကိုက်ညီသော၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေသော မည်သည့်အဖွဲ့အစည်း၏ လုပ်ဆောင်ချက်ကိုမဆို အသိပေးပြောကြားရန် တာဝန်ရှိသည်ဟု ထည့်သွင်းဖော်ပြခဲ့သည်။

ထိုသို့ အပြန်အလှန်အငြင်းပွားမှုများ ပြင်းထန်လာပြီး ကော်မရှင်ဘက်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်အတိုင်း လွှတ်တော်အစည်းအဝေး ခေါ်ယူရန် လုပ်ဆောင်လာချိန် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတတာဝန်ယူပြီး ၎င်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ နိုင်ငံတော်အာဏာအရပ်ရပ်ကို လွှဲအပ်ခဲ့သည်။

အဆိုပါအကြောင်းအရာများအတွက် ဖေဖော်ဝါရီ ၁ ရက် သမ္မတ ရုံးထုတ်ပြန်ချက်တွင် မဲစာရင်းပြဿနာကို ဖြေရှင်းရန် ငြင်းပယ်ခြင်း၊ လွှတ်တော်အစည်းအဝေးများ ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုကို လက်ခံခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်ရန် ဆောင်ရွက်ခြင်းတို့က အခြေခံဥပဒေပုဒ်မ ၄၁၇ ပါ နိုင်ငံတော်အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့်ရယူရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါပြဿနာကို ဖြေရှင်းခြင်းမပြုပါက နိုင်ငံတော်၏ ဒီမိုကရေစီလျှောက်လှမ်းမှုတွင် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ပြီး ယင်းကို ဥပဒေနှင့်အညီ ဖြေရှင်းရန်လိုအပ်လာ၍ အခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မဲစာရင်းစစ်ဆေးအတည်ပြုခြင်းများနှင့် လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများပြုလုပ်ရန် နိုင်ငံတော်၏ ဥပဒေ၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်ကြောင်း ဆက်လက်ဖော်ပြပါရှိသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်ပြီး အရပ်သားပုဂ္ဂိုလ်အနည်းငယ် ပါဝင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (နစက) ကို ဖွဲ့စည်းသည်။

ယင်းသို့ဖွဲ့စည်းပြီး မရှေးမနှောင်းပင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ပြင်ဆင်ဖွဲ့စည်းကာ မဲစာရင်းစိစစ်မှုများကို လုပ်ဆောင်စေခဲ့သည်။

ပြည်ခိုင်ဖြိုး အစိုးရလက်ထက် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တာဝန်ယူဖူးသူ ဦးသိန်းစိုး အပါအဝင် အဖွဲ့ဝင် ခြောက်ဦးဖြင့် ကော်မရှင်အသစ်ကို စတင်စေသည်။

ယင်းကော်မရှင်က ၂၀၂၀ အ ထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားသည့် မဲဆန္ဒရှင် အရေအတွက် ၁၁ သန်းကျော်ရှိကြောင်း ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်သည်။

မြို့နယ်အလိုက် မဲစာရင်း စိစစ်မှုများကို ဖေဖော်ဝါရီ ၁၆ ရက်မှ ဇူလိုင် ၇ ရက်အထိ ထုတ်ပြန်ခဲ့ရာမှ မြို့နယ်အားလုံး ၃၁၅ ခုစာ တွေ့ရှိချက်ကို ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

နိုင်ငံသားစိစစ်ရေးကတ် မရှိဘဲ မဲစာရင်းတွင်ပါဝင်သူ၊ မဲစာရင်း နှစ်ကြိမ်နှင့် သုံးကြိမ်အထက် ပါဝင်သူ၊ အသက် ၁၀၀ နှင့်အထက် မဲစာရင်းတွင်ပါဝင်သူ၊ အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်းတွင် ပါဝင်နေသူ၊ မြို့နယ်အလိုက် အပြန်အလှန် စစ်ဆေးခြင်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အချင်းချင်း အပြန်အလှန်စစ်ဆေးခြင်း စသည့်ခေါင်းစဉ်ခွဲများကိုရော၍ မဲမသမာမှုဖြစ်ပွားခဲ့သည့် မဲဆန္ဒရှင်အရေအတွက် စုစုပေါင်းဟု ထုတ်ပြန်ချက်တွင် သုံးနှုန်းထားသည်။

အဆိုပါကိစ္စရပ်များအတွက် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးလှသိန်း၊ အဖွဲ့ဝင် ဦးမြင့်နိုင်နှင့် ဦးသန်းဌေးတို့အပါအဝင် ၁၆ ဦးအား တည်ဆဲဥပဒေများဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း လက်ရှိ ဦးသိန်းစိုး ဦးဆောင်သော ကော်မရှင်၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး နိုင်ငံပိုင် ရုပ်သံများတွင် နိုဝင်ဘာ ၁၅ ရက်က ကြေညာခဲ့သည်။

အလားတူ တိုင်းနှင့်ပြည်နယ်များရှိ အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်းများနှင့် အဖွဲ့ဝင်ဟောင်းအချို့ကိုလည်း ရာဇသတ်ကြီးဥပဒေဖြင့် တရားစွဲဆိုရန် တိုင်းနှင့်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အရာရှိများကို ညွှန်ကြားပြန်သည်။

ဦးသိန်းစိုးအနေဖြင့် လာမည့် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ ဖြစ်စေရမည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၂၆ ရက်က ကော်မရှင်အသစ်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံမှုတွင် မဲစာရင်းစစ်ဆေးခြင်းများ ပြီးစီးပါက ယင်းသို့ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးသိန်းစိုး ဦးဆောင်သော ကော်မရှင်သည် မဲစာရင်းစစ်ဆေးခြင်းများ ပြုလုပ်သလို ကျင်းပပြီး စီးခဲ့သည့် ၂၀၂၀ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်း ဇူလိုင်လအတွင်း ကြေညာသည်။

မဲစာရင်းအရေအတွက် များစွာမှားယွင်းခြင်းသည် မတော်တဆ မဟုတ်ဘဲ တမင်ကြိုတင်ကြံစည်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုအဆင့်ဆင့်တွင် NLD ပါတီက အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစားပြု၍ ဝင်ရောက်စွက်ဖက်ခြင်းအပါအဝင် အချက် ၁၁ ချက် ဖော်ပြပြီး လွတ်လပ်တရားမျှတမှု မရှိသော ရွေးကောက်ပွဲဖြစ်သဖြင့် ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသား ပါတီကြီးအချို့က ၎င်းတို့ အနိုင်ရရှိသည့် အနိုင်ရလဒ်များကို အသိအမှတ်ပြုထားဆဲဖြစ်ပြီး ရွေးကောက်ပွဲ ရလဒ်ပယ်ဖျက်မှုကို လက်မခံကြောင်း သဘောထားများ ထုတ်ဖော်ပြောဆိုမှုများ ရှိခဲ့သည်။

ထို့ပြင် ဦးသိန်းစိုး ဦးဆောင်သည့် ရွေးကောက်ပွဲကော်မရှင်အသစ်သည် ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးကို နစကက ဖွဲ့စည်းပေးပြီး မကြာမီအချိန်အတွင်း စတင်ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသော မဲများသူ အနိုင်ရစနစ် (FPTP) အစား အချိုးကျကိုယ်စားပြုစနစ် (PR) ပြောင်းလဲကျင့်သုံးရန် ကော်မရှင်နှင့် နိုဝင်ဘာ ၂၆ ရက်က တွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီအချို့က တင်ပြခဲ့သည်။

PR စနစ်သည် ပါတီများ အနိုင်ရရှိသည့် ရာခိုင်နှုန်းကို အချိုးချ၍ လွှတ်တော်ကိုယ်စားလှယ် ခွဲဝေ ရယူသည့်စနစ်ဖြစ်သည်။

ထိုသို့ ခွဲဝေရရှိခြင်းကြောင့် ပါတီငယ်များနှင့် တိုင်းရင်းသားပါတီများ ကိုယ်စားပြုခွင့် ပိုမိုရရှိပြီး တစ်ပါတီကြီးစိုးမှု လျှော့ချနိုင်မည်ဟု အပြုသဘော ရှုမြင်သူများက ဆိုကြသည်။

ထို့ပြင် PR စနစ်ကို ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ကျင့်သုံးလျက်ရှိပြီး ယင်းစနစ်ကြောင့် မဲအလေအလွင့် နည်းပါးသွားမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက မကြာခဏ ပြောကြားလေ့ရှိသည်။

သို့သော် ပါတီခေါင်းဆောင် အများအပြား ဖမ်းဆီးထိန်းသိမ်း ခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပါတီအချို့က နစက၏ ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်နေသော ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ခြင်းမရှိသည်ကို တွေ့ရသည်။

လွှတ်တော်တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ရှိနေသေးခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်နိုင်သေးခြင်းတို့ကြောင့် လတ်တလောတွင် PR ကို မလိုလားခြင်း ဖြစ်သည်ဟု အဆိုပါ ပါတီတာဝန်ရှိသူများက မီဒီယာအချို့သို့ ဖြေကြားထားသည်။

ဥပဒေပြုရေးတွင် ၂၅ ရာခိုင်နှုန်းနှင့် အုပ်ချုပ်ရေးတွင် အရေးပါသည့် ဝန်ကြီးဌာနသုံးခု၏ ဝန်ကြီးများကို ခန့်အပ်ခွင့်ရှိသောကြောင့် အစိုးရဖွဲ့စည်းရေးတွင်ပါ တပ်မတော်၏ ထောက်ခံမှုက အရေးပါ လာမည့်အခြေအနေရှိကြောင်း ပြည်သူ့ပါတီကလည်း နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်သည်။

သို့တိုင် ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ အပါအဝင် ပါတီ ၆၀ ခန့် တက်ရောက်ဆွေးနွေးမှု၊ ပူးပေါင်းပါဝင်မှုဖြင့် ကော်မရှင်က PR စီမံကိန်းကို ရှေ့ဆက်တိုးလျက်ရှိသည်။

လက်ရှိတွင်လည်း ကော်မရှင်သည် PR စနစ်ပေါ်ပေါက်ရေး လိုလားသည့် နိုင်ငံရေးပါတီများနှင့် ဆွေးနွေးပွဲများကို ဖေဖော်ဝါရီ၊ မေ၊ အောက်တိုဘာနှင့် ဒီဇင်ဘာလများတွင် လေးကြိမ်တိုင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ကော်မရှင် ထုတ်ပြန်သည့် စာရင်းအရ ပထမအကြိမ်မှ တတိယအကြိမ် ဆွေးနွေးပွဲအထိ ပါတီ ၅၀ ကျော် တက်ရောက်ဆွေးနွေးပြီး စတုတ္ထအကြိမ်ဆွေးနွေးပွဲတွင် တက်ရောက်သည့် ပါတီ ၆၂ ပါတီရှိကြောင်း သိရသည်။

အဆိုပါစာရင်းအရ ယခင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲများကို တက်ရောက်ခြင်းမရှိသည့် ပါတီ အချို့ စတုတ္ထအကြိမ် ဆွေးနွေးပွဲသို့ တက်ရောက်သည့် သဘောဖြစ်သည်။

ဖေဖော်ဝါရီ ၂၆ ရက်က ပထမအကြိမ်ဆွေးနွေးပွဲတွင် PR စနစ် ပြောင်းလဲကျင့်သုံးရန် အဆိုကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီက တင်ပြကာ ပါတီသုံးခုခန့်က ထောက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲအပြီး နှစ်ရက်အကြာ ဖေဖော်ဝါရီ ၂၈ ရက်တွင် ကော်မရှင်က PR နှင့်ပတ်သက်၍ လေ့လာချက်နှင့် အကြံပြုချက်များပေးပို့ရန် နိုင်ငံရေးပါတီများထံ အကြောင်းကြားစာပေးပို့ခဲ့သည်။

ယင်းစာတွင် PR စနစ်ကို မည်သည့်အချိန်၊ မည်သည့်လွှတ်တော်တွင် စတင်အသုံးပြုသင့်ကြောင်း အကြံပြုရန်ဆိုသည့်အချက် ပါဝင်သည်။

ဖေဖော်ဝါရီနှင့် မေလက နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမှုတွင် ရွေးကောက်ပွဲစနစ်နှင့်စပ်လျဉ်း၍ သဘောတူခဲ့ပြီး အောက်တိုဘာနှင့် ဒီဇင်ဘာတွင်ကျင်းပသည့် တတိယအကြိမ်နှင့် စတုတ္ထအကြိမ်တို့တွင် မြန်မာနိုင်ငံနှင့်သင့်လျော်မည့် PR ပုံစံကို ဆွေးနွေးကြကြောင်း ကော်မရှင်က ထုတ်ပြန်သည်။

ဆွေးနွေးပွဲရလဒ်များအရ ကော်မရှင်သည် PR စနစ်ကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ကျင့်သုံးရန် ရည်ရွယ်ထားပြီး တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသများတွင်တော့ မဲများသူအနိုင်ရ (FPTP) စနစ်ကို အသုံးပြုမည်ဟု သိရသည်။

တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ဆွေးနွေးပွဲများတွင် တက်ရောက်သည့် နိုင်ငံရေးပါတီများက PR စနစ်ကျင့်သုံးရန် သဘောတူကြောင်း၊ ကျင့်သုံးရာတွင် Close List ပုံစံ ကျင့်သုံးရန်နှင့် မဲဆန္ဒနယ်မြေ သတ်မှတ်ရာတွင် မြို့နယ်ကို အခြေခံတွက်ချက်သင့်ကြောင်း တင်ပြကြသည်ဟု သိရသည်။

ရွေးကောက်ပွဲစနစ်ဆိုင်ရာ စတုတ္ထအကြိမ်ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ပြီး တက်ရောက်သည့် ပါတီ ၆၀ ကျော်ကို အစုအဖွဲ့ ခြောက်ဖွဲ့ခွဲကာ အစုအဖွဲ့အလိုက် ဆွေးနွေးစေပြီး ရရှိလာသောစာတမ်းများကို ဖတ်ကြားစေခဲ့သည်။

ပြည်သူ့လွှတ်တော်အဖွဲ့ (၁)မှ ပြုစုသောစာတမ်းကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့လွှတ်တော်အဖွဲ့ (၂) မှ စာတမ်းကို ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသားလွှတ်တော်အဖွဲ့ (၃) မှ စာတမ်းကို ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားလွှတ်တော် အဖွဲ့(၄) မှ စာတမ်းကို လူထုပါတီ၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်အဖွဲ့ (၅) မှ စာတမ်းကို ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်အဖွဲ့ (၆) မှ စာတမ်းကို ဒီမိုကရေစီပါတီသစ် (ကချင်) တို့မှ ပါတီတာဝန်ရှိသူများက ဖတ်ကြားခဲ့ကြသည်။

Close List ပုံစံသည် ပါတီတစ်ခု၏ လျာထားကိုယ်စားလှယ်လောင်းစာရင်းကို မဲဆန္ဒရှင်က တွေ့မြင်ရခြင်းမရှိဘဲ ပါတီကို အဓိကထား မဲပေးရသည့်ပုံစံဖြစ်ပြီး Open List သည် ကိုယ်စားလှယ်လောင်းအမည်ကို ဖော်ပြပြီး မဲဆန္ဒရှင်က ကိုယ်စားလှယ်လောင်းနှင့် ပါတီကို ချိတ်ဆက်စဉ်းစားနိုင်မည့် ပုံစံဖြစ်သည်။

ပါတီအချို့က မဲဆန္ဒနယ်မြေ သတ်မှတ်ရာတွင် မြို့နယ် အခြေခံတွက်ချက်စေလိုသော်လည်း အချို့ကမူ လူဦးရေကို အခြေခံစေလိုသည်ဟု မှတ်ချက်ပြုကြသည်။

သဘောထားကွဲလွဲမှုအချို့ ရှိသည့်တိုင် ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်သည့် ပါတီအများစုက PR ကို အကောင်အထည်ဖော်စေလိုသည့် ဆန္ဒရှိပြီး ယင်းစနစ်ဖြင့် ရွေးကောက်ပွဲ ကျင်းပရေးမှာ ပွဲတက်ရောက်လေ့ရှိသော ပါတီအများစု၏ တူညီသောရည်မှန်းချက်ဖြစ်သည်။

အခြေခံဥပဒေတွင် မည်သည့်စနစ်ဖြင့် ရွေးကောက်ပွဲပြုလုပ်ရမည်ဟု ဖော်ပြထားခြင်း မရှိသော်လည်း မြို့နယ်အလိုက် ရွေးကောက်ရမည့် လွှတ်တော်ကိုယ်စားလှယ် အရေအတွက် တိကျစွာပြဋ္ဌာန်းထားသည့် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်များတွင် PR စနစ် ကျင့်သုံး၍မရပေ။

ထို့ကြောင့် လွှတ်တော်သုံးရပ်လုံးတွင် PR ကျင့်သုံးမည်ဟု ဦးသိန်းစိုး ပြောကြားထားချက်အရ ဥပဒေ၊ နည်းဥပဒေ ပြင်ဆင်မှုများ မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်ပြီး အခြေခံဥပဒေအထိ ပြင်ဆင်ရဖွယ်ရှိသည်။

ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အာဏာသုံးရပ်ကို ရရှိပြီးဖြစ်သည့်အတွက် ဥပဒေများကို ပြင်ဆင်နိုင်ပြီး နည်းဥပဒေကို ကော်မရှင်က အမိန့်ကြေညာစာနှင့် ပြင်၍ရကြောင်း ပြောကြားဖူးသည်။

ပါလီမန်ခေတ်မှစ၍ မကြာသေးမီက ကျင်းပပြီးစီးသော ၂၀၂၀ အထွေထွေရွေးကောက်ပွဲအထိ မဲများသူ အနိုင်ရစနစ် (FPTP) ကိုသာ အသုံးပြုခဲ့သည်။

သို့သော် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မကျင်းပမီ လွှတ်တော် ကျင်းပနေစဉ်ကာလအတွင်း PR စနစ် ပြောင်းလဲကျင့်သုံးရေး အဆိုတင် ဆွေးနွေးမှုများရှိခဲ့ပြီး မအောင်မြင်ခဲ့ခြင်းကြောင့်သာ မဲများသူ အနိုင်ရစနစ်ဖြင့် ရွေးကောက်ပွဲ ဆက်လက်ကျင်းပခဲ့ခြင်းဖြစ်သည်။

ယခုတွင်မူ နိုင်ငံတော်တာဝန်ယူထားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်က အားလုံးပါဝင်နိုင်ပြီး အချိုးကျ ကိုယ်စားပြုသည့် PR စနစ် ပြောင်းလဲကျင့်သုံးရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု အတိအလင်း ပြောကြားထားသည်။

၂၀၀၈ အခြေခံဥပဒေအရ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ နှစ်ကြိမ်တွင် ပါတီကြီးတစ်ခုတည်းက အစိုးရဖွဲ့စည်းနိုင်သည့် အနိုင်ရလဒ် ရရှိသော်လည်း လက်ရှိဆောင်ရွက်နေသော PR စနစ်ကျင့်သုံးနိုင်လျှင် လွှတ်တော်တွင်း ပါတီအရေအတွက် ယခင်ကထက် ပိုမိုဖောင်းပွဖွယ်ရှိသည်။

ပါတီအများအပြား ကိုယ်စားပြုခွင့်ရရှိခြင်းကြောင့် တစ်ပါတီအစိုးရပုံစံထက် ညွှန့်ပေါင်းအသွင်သဏ္ဌာန် ပေါ်ပေါက်မည်ဖြစ်သည်။

ပါတီတစ်ခု၏ လွှမ်းမိုးမှုမှ ရှောင်ရှားနိုင်ကာ ပါတီစုံလင်ကွဲပြားမှုကို အားပေးသည်ဆိုသော PR တွင် အားသာချက်ရှိသကဲ့သို့ အားနည်းချက်များလည်းရှိကြောင်း ထောက်ပြမှုများရှိသည်။

PR စနစ်သည် FPTP စနစ်ကဲ့သို့ မဲပေးရလွယ်ကူရိုးရှင်းခြင်း မရှိဘဲ ရှုပ်ထွေးမှုများရှိရာ နှစ်ပေါင်းများစွာ FPTP စနစ်ဖြင့် ယဉ်ပါးလာသည့် မြန်မာလူထုအတွက် မဲပေး အသိပညာပေးအစီအစဉ်များ ပိုမိုလိုအပ်မည်ဟု မှတ်ချက်ပြုကြသည်။

ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲခြင်းအပြင် မဲပေးသူဦးရေ မြင့်မားလာစေရေး၊ မဲဆန္ဒရှင်များ၏ မဲပေးမှုအစဉ်အလာ၊ ပါတီမူဝါဒများ၊ စည်းရုံးရေးဗျူဟာများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းတို့၏ ထင်ပေါ်ကျော်ကြားမှုသည်လည်း ရွေးကောက်ပွဲရလဒ်အပေါ် သက်ရောက်မှုရှိကြောင်း ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် ထုတ်ဝေသည့် သံလွင်ပြည်သူ့ရေးရာမူဝါဒအဖွဲ့၏ စာတမ်းတစ်ခုတွင် ဖော်ပြထားသည်။

လမ်းဆုံလမ်းခွက ရွေးကောက်ပွဲစနစ်ဆိုသည့်ခေါင်းစဉ်ဖြင့် အဆိုပါစာတမ်းတွင် စနစ်တစ်ခုချင်းစီသည် နိုင်ငံရေးအပြောင်းအလဲကို ဖြစ်ပေါ်စေနိုင်သလို လူ့အဖွဲ့အစည်း၏ တည်ငြိမ်မှုအပေါ်ကိုလည်း သက်ရောက်မှုရှိသောကြောင့် မှန်ကန်သော ရွေးကောက်ပွဲစနစ်ကို ရွေးချယ်ရန် လွန်စွာအရေးကြီးကြောင်း ဖော်ပြထားသည်။

Most Read

Most Recent