မဲစာရင်းအငြင်းပွားမှုမှ ပြာသာဒ်မီးလောင်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲ

မဲစာရင်းအငြင်းပွားမှုမှ ပြာသာဒ်မီးလောင်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲ
Published 2 January 2022

နေပြည်တော်တွင် ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ပြုလုပ်စဉ်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲပြီးဆုံးခဲ့သော်လည်း ပွဲပြီး မီးမသေခဲ့ပေ။ ရွေးကောက်ပွဲ နောက်ဆက်တွဲအငြင်းပွားမှုအဖြစ် တပ်မတော်နှင့် နိုင်ငံရေးပါတီအချို့က မဲစာရင်း အငြင်းပွားမှုပြဿနာကို ဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။

အမှိုက်ကစ ပြာသာဒ်မီးလောင် ဆိုသလိုပင် မဲစာရင်းအငြင်းပွားမှုက စ၍ နိုင်ငံရေးအကျပ်အတည်းဆီ ဦးတည်လာခဲ့သည်။

တပ်မတော်နှင့် နိုင်ငံရေး ပါတီအချို့က တောင်းဆိုခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ယင်းကိစ္စအပေါ် ဖြေရှင်းပေးခြင်း မရှိသည့်အတွက် နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်လာကြောင်း တပ်မတော်ဘက်က ပြောဆိုမှုများ ရှိခဲ့သည်။

တပ်မတော်၏ ဇန်နဝါရီ ၂၀ ရက် ထုတ်ပြန်ချက်တွင် နိုင်ငံရေးအကျပ်အတည်းဆိုသည့်စကားကို ထည့်သွင်းကြေညာခဲ့သည်။

နိုင်ငံရေးအကျပ်အတည်း စကားလုံးနှင့်ပတ်သက်၍ ရွေးကောက်ပွဲသည် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် မသမာမှု ရှိ မ ရှိ ဒီမိုကရေစီနိုင်ငံရေး ယဉ်ကျေးမှုနှင့်အညီ တပ်မတော်က ဥပဒေအရ ထောက်ပြနေခြင်းဖြစ်ပြီး ဥပဒေနှင့်အညီ မဖြေရှင်းပေးခြင်းသည် နိုင်ငံရေးအကျပ်အတည်းဖြစ်ကြောင်း တပ်မတော်ဘက်က ဆိုသည်။

အာဏာမသိမ်းဟု မှတ်ယူ၍မရ

တပ်မတော်က အထက်ပါကဲ့သို့ ထုတ်ပြန်ပြီးနောက် ဇန်နဝါရီ ၂၆ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ဘက်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်အနေဖြင့် အာဏာမသိမ်းဟု မှတ်ယူ၍မရကြောင်း ပြောကြားခဲ့သည့်အတွက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်မည့် အခြေအနေဆိုက်ရောက်ခဲ့သည်။

တပ်မတော်၏ ဇန်နဝါရီ ၂၀ ရက် ထုတ်ပြန်ချက်တွင် နိုင်ငံရေး အကျပ်အတည်းဆိုသည့် စကားလုံးကို စတင်သုံးစွဲခဲ့ပြီး ဇန်နဝါရီ ၂၆ ရက် သတင်းစာရှင်းလင်းပွဲတွင်မူ အာဏာမသိမ်းဟု မှတ်ယူ၍မရကြောင်း ပြောကြားခဲ့သည့်အတွက် တပ်မတော်အနေဖြင့် အာဏာရယူသွားမည်လားဆိုသည့် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။

ကာချုပ်ပြောစကား

ယင်းအခြေအနေမှာပင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဥပဒေ၏ Mother Law ဖြစ်ပြီး မလိုက်နာပါက ဖွဲ့စည်းပုံအ‌ခြေခံဥပဒေကို ဖျက်ပစ်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားသည်။

တော်လှန်ရေး ကောင်စီခေတ်တွင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်းကောင်း၊ နဝတခေတ် တပ်မတော် တက်လာသည့်အချိန်တွင် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်းကောင်း ဖျက်ပစ်ခဲ့ကြောင်း၊ လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တရားဝင်ရှိနေသည့်ဥပဒေ တည်ဆဲဥပဒေဖြစ်၍ နိုင်ငံရေး၌ အင်မတန်အရေးကြီးသည့် အခြေခံအကြောင်းတစ်ခုဖြစ်သဖြင့် ပြီးပြီးရော လုပ်၍မရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်အနေဖြင့် ဆက် တိုက်ဆိုသလိုပင် ကြေညာချက်များ ဆက်လက်ထုတ်ပြန်မှုများ ရှိခဲ့သည်။

ဇန်နဝါရီ  ၃၀  ရက်က တပ်မတော်၏ထုတ်ပြန်ချက်တွင် ထူးခြားချက်အဖြစ် ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အနေဖြင့် တစ်ပါတီစနစ် (ဆိုရှယ်လစ်စနစ်) ကို ကျင့်သုံးရန် ရည်ရွယ်ထားသဖြင့် ပါလီမန်ဒီမိုကရေစီစနစ်အတွက် ရေးသားပြဋ္ဌာန်းထားသော ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်ကျင့်သုံးရန် မဖြစ်နိုင်သဖြင့် ဖျက်သိမ်းခဲ့ရကြောင်း ဖော်ပြခဲ့သည်။

ထို့အတူ ၁၉၈၈ ခုနှစ်တွင် ပြည် သူတစ်ရပ်လုံး၏ ဆန္ဒနှင့်အညီ နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရန် ရည်ရွယ်ထားသဖြင့် တစ်ပါတီစနစ် (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) အတွက် ရေးသားပြဋ္ဌာန်းထားသော ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်ကျင့်သုံးရန် မဖြစ်နိုင်သဖြင့် ဖျက်သိမ်းခဲ့ရကြောင်းကိုလည်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တပ်မတော်၏ ယင်းသို့ ထုတ်ပြန်မှုများကြောင့် အာဏာရယူမည့် အခြေအနေမှာ ပို၍ထင်ရှားလာပြီး ပြည်သူများ၏ စိုးရိမ်မှုများမှာလည်း ပို၍ မြင့်တက်လာခဲ့သည်။

အရေးပေါ်အခြေအနေ ကြေညာခြင်း

အားလုံး စိုးရိမ်ခဲ့ကြသည့် အခြေအနေက ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ခဲ့သည်။

ယာယီသမ္မတ ဦးမြင့်ဆွေနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော်ခေါင်းဆောင်များပါဝင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်က ကျင်းပခဲ့သည်။

နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာကြောင်းကို ဖေဖော်ဝါရီ ၁ ရက်တွင် သမ္မတရုံးက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၁ ဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက် သမ္မတ  ရုံးထုတ်ပြန်ချက်တွင် မဲစာရင်း ပြဿနာကို ဖြေရှင်းရန် ငြင်းပယ်ခြင်း၊ လွှတ်တော်အစည်းအဝေးများ ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုကို လက်ခံခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်ရန် ဆောင်ရွက်ခြင်းတို့က အခြေခံဥပဒေပုဒ်မ ၄၁၇ ပါ နိုင်ငံတော်အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့်ရယူရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါပြဿနာကို ဖြေရှင်းခြင်းမပြုပါက နိုင်ငံတော်၏ ဒီမိုကရေစီလျှောက်လှမ်းမှုတွင် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ပြီး ယင်းကို ဥပဒေနှင့်အညီ ဖြေရှင်းရန်လိုအပ်လာ၍ အခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒုသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူပြီး မဲစာရင်းများ စစ်ဆေးအတည်ပြုခြင်း အပါအဝင် လိုအပ်သည့်အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၁၈၊ ပုဒ်မခွဲ (က)အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်တာဝန်ပေးလိုက်ပြီး နိုင်ငံ့အရေးပေါ်အခြေအနေကို တစ်နှစ်သတ်မှတ်ခဲ့သည်။

တပ်မတော်အနေဖြင့် မဲစာရင်း မသမာမှုကိစ္စကို ဆောင်ရွက်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံ့အာဏာကို ရယူခဲ့သည့်အပေါ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိကိုမူ နိုင်ငံရေးအသိုင်းအဝိုင်းတွင် ၀ိ၀ါဒကွဲပြားမှုများ ရှိခဲ့သည်။

အရေးပေါ်အခြေအနေပြီးလျှင် ရွေးကောက်ပွဲ ကျင်းပမည်

အရေးပေါ်ကာလ ဆောင်ရွက်ပြီးစီးပါက ရွေးကောက်ပွဲ ပြန်လည် ကျင်းပ၍ အနိုင်ရပါတီအား နိုင်ငံတော်တာဝန်ကို လွှဲအပ်ပေးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း  ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အခြေခံအသုံးပြုခဲ့သော မဲစာရင်းများမှာ ကြီးမားစွာ ကွာခြားချက်များရှိနေသဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပျက်ကွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူ၍ ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သော်လည်း ဆောင်ရွက်ရန် ဆက်လက်ပျက်ကွက်ခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတအား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေး ခေါ်ယူဖြေရှင်းပေးရန် တင်ပြခဲ့သော်လည်း ငြင်းပယ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ အနိုင်ရပါတီအား ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေးအပြောင်းအလဲအပေါ် တောင်းဆိုမှုများ

၂၀၁၀ နောက်ပိုင်း မြန်မာနိုင်ငံတွင် ပါတီစုံ အထွေထွေရွေးကောက်ပွဲများ ကျင်းပခဲ့ပြီး ဒီမိုကရေစီစနစ်ကို စတင်လျှောက်လှမ်းရာ၌ အရပ်သား အစိုးရသက်တမ်း နှစ်ဆက်အပြီး မည်သူမျှ ထင်မှတ်မထားသည့်အချိန်တွင် တပ်မတော်က နိုင်ငံ့အာဏာသုံးရပ်ကို ရယူခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာရယူခဲ့သည့် ဖြစ်စဉ်သုံးကြိမ် ရှိခဲ့ပြီဖြစ်သည်။ ၁၉၆၂ ခုနှစ်က တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်က တစ်ကြိမ်နှင့် လက်ရှိ ၂၀၂၁ ခုနှစ်တွင် တပ်မတော်က နိုင်ငံ့အာဏာကို ရယူခဲ့ခြင်း ဖြစ်သည်။

၁၉၆၂ ခုနှစ် တပ်မတော်က အာဏာသိမ်းမှုတွင် နှစ်ပေါင်း ၂၆ နှစ် ကြာမြင့်ခဲ့ပြီး ၁၉၈၈ ခုနှစ် တပ်မတော် အာဏာသိမ်းမှုတွင် နှစ်ပေါင်း ၂၀ ကျော် ကြာခဲ့သည်။

ထိုသို့သော သမိုင်းအစဉ်အလာ ရှိခဲ့သည့်အတွက် ယခုတစ်ကြိမ် တပ်မတော်က အာဏာရယူမှုအပေါ်တွင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေး လေ့လာသူများနှင့် ပြည်သူများက စိုးရိမ်မှုများ ရှိနေကြခြင်း ဖြစ်သည်။

ယခုတစ်ကြိမ် အာဏာရယူမှုတွင် တပ်မတော်အနေဖြင့် အရေးပေါ်အခြေအနေကို တစ်နှစ် သတ်မှတ်ထားကြောင်း ကြေညာခဲ့သော်လည်း အာဏာရယူပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ် သြဂုတ်လတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။  

လက်ရှိတွင် တပ်မတော်က အာဏာရယူမှုနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာက ကြေညာချက်များ ထုတ်ပြန်၍ တောင်းဆိုနေကြသည်။

တပ်မတော်အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို လက်ခံရန်၊ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသော နိုင်ငံရေးသမားများကို ပြန်လွှတ်ပေးရန်၊ တပ်မတော်နှင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီအနေဖြင့် နိုင်ငံ့အကျပ်အတည်းများကို အဖြေရှာနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးကြရန် တိုက်တွန်းတောင်းဆိုကြခြင်းဖြစ်သည်။

Most Read

Most Recent