ကလပ်များအနေဖြင့် ဘဏ္ဍာရေးထိခိုက်မည်ကိုသာ စိုးရိမ်ပူပန်ပြီး မိမိတို့၏ ကျန်းမာရေးအတွက် စဉ်းစားခြင်းမရှိဟု ပရီးမီးယားလိဂ်ကစားသမားများယူဆ

ကလပ်များအနေဖြင့် ဘဏ္ဍာရေးထိခိုက်မည်ကိုသာ စိုးရိမ်ပူပန်ပြီး မိမိတို့၏ ကျန်းမာရေးအတွက် စဉ်းစားခြင်းမရှိဟု ပရီးမီးယားလိဂ်ကစားသမားများယူဆ
Photo: Premier League
Photo: Premier League
Published 23 December 2021

ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်များကို ရပ်နားခြင်းမရှိဘဲ ပုံမှန်အတိုင်းဆက်လက်ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းအတွက် ပရီးမီးယားလိဂ်ကစားသမားများမှာ ကလပ်အသင်းများအပေါ် စိတ်ခုလျက်ရှိနေကြကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

လက်ရှိတွင် အင်္ဂလန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမှာ ကြောက်ခမန်းလိလိ မြင့်တက်နေပြီး ပရီးမီးယားလိဂ်အသင်းများတွင်လည်း ရောဂါပိုးကူးစက်သူများ အမြောက်အမြားတွေ့ရှိရခြင်းကြောင့် မကြာသေးမီက ပရီးမီးယားလိဂ်(၁၀)ပွဲကို မကစားနိုင်ဘဲ ရွှေ့ဆိုင်းခဲ့ရသည်။

ပြီးခဲ့သည့် တနင်္လာနေ့က ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်များကို ရပ်နားရန် အဆိုပြုချက်အတွက် ပရီးမီးယားလိဂ်ကလပ်အသင်းများမှ တာဝန်ရှိသူများနှင့် ပရီးမီးယားလိဂ်အဖွဲ့ချုပ်တာဝန်ရှိသူများ ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

ယင်းအရေးပေါ်ဆွေးနွေးပွဲတွင် ပွဲများကို မရပ်နားဘဲဆက်ကစားရန် ဆုံးဖြတ်ခဲ့ရာ ပရီးမီးယားလိဂ်ကစားသမားအများစုမှာ အံအားသင့်ခဲ့ကြကြောင်း သိရသည်။

Daily Maily သတင်းစာ၏ ဖော်ပြချက်အရ ပရီးမီးယားလိဂ်အသင်း(၂၀)ထဲတွင် ပွဲဆက်ကစားရန် မဲပေးခဲ့သည့်အသင်းမှာ (၁၅)သင်းအထိရှိခဲ့ကြောင်း သိရှိရသည်။

နားချိန်ပေးရန် ဆန္ဒရှိခဲ့သောအသင်းများထဲတွင် လီဗာပူးလ်၊ အာဆင်နယ်အစရှိသော ပရီးမီးယားလိဂ်အသင်းကြီးများ ပါဝင်ခဲ့ကြောင်း သိရသည်။

ယခုအခါ ပရီးမီးယားလိဂ်ကစားသမားများသာမက နည်းပြအချို့ကပင် ယင်းကဲ့သို့ ပွဲများဆက်ကစားရန်ဆုံးဖြတ်ခဲ့ခြင်းကို စိတ်ဆိုးဒေါသထွက်နေကြပြီး အသင်းဘုတ်အဖွဲ့နှင့် ထိပ်ပိုင်းတာဝန်ရှိသူများအနေဖြင့် (ပွဲများရပ်နားခြင်းကြောင့်) ၎င်းတို့၏ ဘဏ္ဍာရေးထိခိုက်နစ်နာမည်ကို ကစားသမားများ၏ ကျန်းမာရေးထက် ပိုမိုအလေးထားသည်ဟု ယူဆနေကြကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 

Most Read

Most Recent