ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူနှင့် အင်ဒိုနီးရှား လေးသင်းစလုံး ဆီမီးတက်ခြင်းမှာ ဆူဇူကီးပြိုင်ပွဲသမိုင်းတွင် တတိယအကြိမ်ဖြစ်

ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူနှင့် အင်ဒိုနီးရှား လေးသင်းစလုံး ဆီမီးတက်ခြင်းမှာ ဆူဇူကီးပြိုင်ပွဲသမိုင်းတွင် တတိယအကြိမ်ဖြစ်
Photo: Suzuki Cup
Photo: Suzuki Cup
Published 22 December 2021

 

လက်ရှိကျင်းပနေသည့် ၂၀၂၀ အာဆီ ယံ ဆူဇူကီးဖလားပြိုင်ပွဲတွင် ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် စင်ကာပူအသင်း လေးသင်းစလုံး ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခြင်းမှာ ပြိုင်ပွဲသမိုင်းတွင် တတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

ယင်းလေးသင်းသည် ၁၉၉၈ ပြိုင်ပွဲနှင့် ၂၀၀၈ ပြိုင်ပွဲတို့တွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်ဖူးပြီး နှစ်ပေါင်း ၁၃ နှစ်အကြာတွင် လေးသင်းစလုံး ဆီမီးဖိုင်နယ် တစ်ကျော့ပြန် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဆီမီးဖိုင်နယ်အတွဲအဖက်များမှာ ၁၉၉၈ ပြိုင်ပွဲအတိုင်း ယခုပြိုင်ပွဲတွင်လည်း ပြန်လည်တွေ့ဆုံနေပြီး အင်ဒိုနီးရှားနှင့် စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် အသင်းတို့ တွေ့ဆုံလျက်ရှိသည်။ 

၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ပထမအကျော့ကို ဒီဇင်ဘာ ၂၂၊ ၂၃ ရက်၊ ဒုတိယအကျော့ကို ဒီဇင်ဘာ ၂၅၊ ၂၆ ရက် တွင် ပြုလုပ်သွားမည်ဖြစ်သည်။ ယင်းလေးသင်း ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သည့် ၁၉၉၈ ပြိုင်ပွဲတွင် စင်ကာပူအသင်း၊ ၂၀၀၈ ပြိုင်ပွဲတွင် ဗီယက်နမ်အသင်းတို့ ဗိုလ်စွဲခဲ့ပြီး  ဗိုလ်လုပွဲနှစ်ကြိမ်စလုံးတွင် ဗီယက်နမ်နှင့် စင်ကာပူအသင်းတို့သာ တွေ့ဆုံခဲ့ကာ တစ်ကြိမ်စီ အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ဒီဇင်ဘာ ၂၂ ရက် (ယနေ့) မြန်မာစံတော်ချိန်  ည ၇ နာရီတွင် စင်ကာပူအမျိုးသားအား ကစားကွင်း အိမ်ရှင်စင်ကာပူအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ ဆီမီးဖိုင်နယ်တက်ရောက်လာသည့်အသင်းများအနက် ထိုင်းနှင့် ဗီယက်နမ်အသင်းမှာ ၁၁ ကြိမ်စီဖြင့် အကြိမ်အများဆုံး တက်ရောက်ထားပြီး အင်ဒိုနီးရှားအသင်းက ကိုးကြိမ်နှင့် စင်ကာပူအသင်းက ခြောက်ကြိမ် တက်ရောက်ထားသည်။

Most Read

Most Recent