မြိုင်မြို့နယ် ဝက်ပုတ်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်တစ်ပါး သတ်ဖြတ်ခံမှုကြောင့် ပျံလွန်တော်မူ

မြိုင်မြို့နယ် ဝက်ပုတ်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်တစ်ပါး သတ်ဖြတ်ခံမှုကြောင့် ပျံလွန်တော်မူ
Published 21 December 2021

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ဝက်ပုတ်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်တစ်ပါး သတ်ဖြတ်ခံမှုကြောင့် ပျံလွန်တော်မူခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာရှိ ဓမ္မသုခအောင်မြေရတနာ ဘုန်းတော်ကြီးကျောင်း၌ သီတင်းသုံးနေထိုင်သည့် ကျောင်းထိုင်ဆရာတော် ဥူးသုဇာတ (၆၁)နှစ်၊ ၀ါတော်(၁၀)၀ါ(ဘ)ဦးသာပိုသည် အခြားသံဃာတော် နှစ်ပါးနှင့်အတူ ကျိန်းစက်နေစဉ် ဒီဇင်ဘာ ၁၈ ရက် ည ၁၁ နာရီခွဲခန့်တွင် အမည်မသိ လူတစ်စုက မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဆရာတော် ဥူးသုဇာတ တစ်ပါးတည်းကို ကျောင်းရှေ့သို့ ခေါ်ဆောင်၍ မုဒ်ဦးအနီး၌ ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း သိရှိရသည်ဟု နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထပ်မံစစ်ဆေးချက်အရ ပျံလွန်တော်မူခဲ့သည့် ဆရာတော်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ညီအစ်ကိုတော်စပ်သူဖြစ်ပြီး ဆရာတော်အနေဖြင့် လူသတ်လုပ်ရပ်များမှာ လက်ရှိဘဝသာမက နောင်သံသရာအထိပါ အကျိုးယုတ်စေနိုင်ကြောင်း၊ ရွာသူ၊ ရွာသား အချင်းချင်း ယခုကဲ့သို့ စွပ်စွဲသတ်ဖြတ်နေမှုများကြောင့် တစ်ဦးနှင့်တစ်ဦး အမုန်းပွားစေကာ ရပ်ရွာအေးချမ်းမှုကို ပျက်ပြားစေနိုင်ကြောင်း၊ သို့ဖြစ်၍ ဗုဒ္ဓဘာသာကောင်းများ ပီသစွာဖြင့် အကြမ်းဖက်၊ လူသတ်၊ မီးရှို့ အစရှိသည့် လုပ်ရပ်များကို ရပ်တန့်ပြီး ရပ်ရွာအေးချမ်းတည်ငြိမ်မှုရှိစေရေး ကြိုးစားဆောင်ရွက်သင့်ကြောင်းတို့ကို ဘုရားဟောဒေသနာတရားများနှင့်အညီ ခေါ်ယူ၍ ဆိုဆုံးမခဲ့ဖူးကြောင်း၊ ထိုသို့ ခေါ်ယူဆိုဆုံးမ ပြောဆိုမှုများအပေါ် ကျေနပ်မှုမရှိသဖြင့် ယခုကဲ့သို့ လာရောက်၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်ဟု နစက၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အထက်ပါဖြစ်စဉ်တွင် ကျူးလွန်ခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အမြန်ဆုံး ဖမ်းဆီးရမိရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း နစက က ဆိုသည်။

ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးပြ၍ သတ်ဖြတ်ခံရမှုကြောင့် ပျံလွန်တော်မူခဲ့သည့် သံဃာ ၁၇ ပါး ရှိကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေ ၃ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ ခြောက်လအတွင်း သတ်ဖြတ်ခံရမှုကြောင့် သံဃာ ၁၂ ပါး ပျံလွန်တော်မူခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်အရ မိုးမောက်မြို့နယ်တွင် သံဃာတစ်ပါး၊ မိုးညှင်းမြို့နယ်တွင် သံဃာတစ်ပါး၊ မင်းတပ်မြို့နယ်တွင် သံဃာ တစ်ပါး၊ ကနီမြို့နယ်တွင် သံဃာနှစ်ပါး၊ ပုလဲမြို့နယ်တွင် သံဃာတစ်ပါး၊ မင်းကင်းမြို့နယ်တွင် သံဃာနှစ်ပါး၊ ကောလင်းမြို့နယ်တွင် သံဃာတစ်ပါး၊ ကလေးမြို့နယ်တွင် သံဃာ တစ်ပါး၊ မုံရွာမြို့နယ်တွင် သံဃာတစ်ပါး၊ ဝမ်း တွင်းမြို့နယ်တွင် သံဃာတစ်ပါး စုစုပေါင်း သံဃာ ၁၂ ပါး သတ်ဖြတ်ခံခဲ့ရကြောင်း ဖော်ပြပါရှိသည်။

သတ်ဖြတ်ခံခဲ့ရသည့် သံဃာများထဲ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းပေး ဒလန်ဟု စွပ်စွဲခံရသူနှင့် အကြောင်းမဲ့သတ်ဖြတ်ခံရသူများ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတ်ဖြတ်ခံခဲ့ရသည့် သံဃာများထဲတွင် မိုးမောက်မြို့နယ်မှ ဦးကေသရ (၄၅) နှစ်၊ (၁၆) ၀ါ၊ မိုးညှင်းမြို့နယ်မှ ဥူးသုဇာတ (၅၄) နှစ်၊ မင်းတပ်မြို့နယ်မှ ဘဒ္ဒန္တပညာဇောတ (၅၂) နှစ်၊ (၁၆) ၀ါ၊ ကနီမြို့နယ်မှ ဥူးပညာသာ မိ (၃၀)နှစ်နှင့် ဥူးကေလာ (၃၂)နှစ်၊ ပုလဲမြို့ နယ်မှ ဥူးဉာဏိတ(၄၂)နှစ်၊ မင်းကင်းမြို့နယ် မှ ဥူးသုမင်္ဂလ(၆၃)နှစ်နှင့် ဥူးကောဝံသ (၇၄)နှစ်၊ ကောလင်းမြို့နယ်မှ ဥူးကုမာရ (၄၉)နှစ်၊ ကလေးမြို့နယ်မှ အရှင်ဉာဏိန္ဒ (၄၃)နှစ်၊ မုံရွာမြို့နယ်မှ ဥူးဇင်းဒိန်းဒေါင် (၅၀)နှစ်နှင့် ဝမ်းတွင်းမြို့နယ်မှ ဥူးသောမန (၄၈)နှစ်၊ (၂၈)၀ါ တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် သတ်ဖြတ်ခံခဲ့ရသည့် သံ ဃာများမှာ စစ်ကိုင်းတိုင်းဒေသကြီးမှ ရှစ်ပါးဖြင့် အများဆုံးဖြစ်ပြီး  ကချင်ပြည်နယ်မှ နှစ်ပါး၊ ချင်းပြည်နယ်မှ တစ်ပါး၊ မန္တလေးတိုင်းဒေသကြီးမှ တစ်ပါးတို့ ပါဝင်သည်ကို ထုတ်ပြန်ချက်အရ သိရှိရသည်။

Most Read

Most Recent