တာဝန်ပြီးဆုံးသွားသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ နေပြည်တော်ရှိ ရုံးခန်းကို မြန်မာဘက်မှ ဆက်လက်ထားရှိခြင်းမပြုရန် ဆုံးဖြတ်

တာဝန်ပြီးဆုံးသွားသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ နေပြည်တော်ရှိ ရုံးခန်းကို မြန်မာဘက်မှ ဆက်လက်ထားရှိခြင်းမပြုရန် ဆုံးဖြတ်
Published 21 December 2021

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၏ နေပြည်တော်ရှိ ရုံးခန်းကို မြန်မာဘက်မှ ဆက်လက်ထားရှိခြင်းမပြုရန် ဆုံးဖြတ်ကြောင်း ဒီဇင်ဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ၏ ရုံးခန်းကို နေပြည်တော်၌ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတစ်နိုင်ငံအပေါ် ဦးတည်ချမှတ်သည့် အဆိုဆုံးဖြတ်ချက်များမှ ထွက်ပေါ်သည့် လုပ်ပိုင်ခွင့်များကို အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက်ခဲ့သော်လည်း ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြသသည့်အနေဖြင့် Ms. Christine Schraner Burgenerနှင့် ကိစ္စရပ်တစ်ခုချင်းစီအလိုက် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ ၎င်း၏ ရုံးခန်းကို မြန်မာနိုင်ငံ၌ ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် ကုလသမဂ္ဂ၏ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်စွဲပါ သတင်းထုတ်ပြန်ချက်အရ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်သစ် ခန့်အပ်ကြောင်းနှင့် Ms. Christine Schraner Burgener ၏ နေရာတွင် ဆက်ခံမည်ဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ Ms. Christine Schraner Burgener ၏ တာဝန်ပြီးဆုံးပြီဖြစ်ကြောင်း သိရှိရသဖြင့် ၎င်း၏ရုံးခန်းကို မြန်မာနိုင်ငံ၌ ဆက်လက်ထားရှိခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကုလသမဂ္ဂဘက်သို့ ဒီဇင်ဘာ ၂၀ ရက်တွင် အကြောင်းကြားထားရှိပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

Most Read

Most Recent