ဘာစီလိုနာအသင်း၏ ဥက္ကဋ္ဌ လာပေါ်တာသည် လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်နှစ်ဦး ခေါ်ယူပေးမည်ဟု နည်းပြ ဇာဗီကို ကတိပေးထားကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် နည်းပြ ရော်နယ်လ်ကိုးမန်းကို ထုတ်ပယ်ကာ ဇာဗီကို ပြောင်းလဲခန့်အပ်ခဲ့သော်လည်း လက်ရှိအချိန်အထိ ရုန်းကန်နေရဆဲဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှလည်း ထွက်ခွာခဲ့ရပြီဖြစ်သည်။
ထို့ ပြင် ကစားသမားများစွာ ဒဏ်ရာပြ ဿနာနှင့် ရင်ဆိုင်နေရခြင်းကလည်း ဘာစီလိုနာအသင်းအတွက် ထိုးနှက်ချက်ဖြစ်နေပြီး ကစားသမားသစ် မဖြစ်မနေအားဖြည့်ရမည့်အနေအထားလည်းဖြစ်နေသည်။
ထို့ကြောင့် လာပေါ်တာက ကစားသမားသစ်နှစ်ဦး ခေါ်ယူပေးမည်ဟု ကတိပြုခဲ့ခြင်းဖြစ်ပြီး မန်စီးတီးအသင်းမှ စပိန်ကစားသမား ဖယ်ရန်တောရက်စ်နှင့် မန်ယူအသင်းမှ ပြင်သစ်ကစားသမား မာစီယဲလ်တို့ကို ပစ်မှတ်ထားနေကြောင်း Barca Universal က ဖော်ပြခဲ့သည်။
တိုက်စစ်၌ နေရာစုံကစားနိုင်သည့် ဖယ်ရန်တောရက်စ်မှာ ဘာစီလိုနာအသင်း၏ ဦးစားပေးပစ်မှတ် ဖြစ်သော်လည်း မန်စီးတီးအသင်းက ရောင်းထုတ်ရန် အလားအလာနည်းပါးကြောင်း သိရသည်။
မန်ယူအသင်းတွင် နေရာမရသည့် မာစီယဲလ်မှာမူ အသင်းသစ်ရှာဖွေနေခြင်းကြောင့် ဘာစီလိုနာအသင်းသို့ ရောက်ရှိဖွယ်ရှိကြောင်း သိရသည်။
၎င်း၏အေးဂျင့်ကလည်း ပွဲကစားခွင့်ရရန်သာ အဓိကဖြစ်ပြီး ဇန်နဝါရီတွင် အသင်းသစ်ရှာဖွေမည်ဟု အတည်ပြုထားသည်။















