ရီးယဲလ်အသင်းတွင် ကစားသမား(၆)ဦးနှင့် လက်ထော်နည်းပြတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရသည်။
ရီးယဲလ်အသင်းသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကွင်းလယ်ကစားသမား မိုဒရစ်နှင့် နောက်ခံလူ မာဆယ်လိုတို့နှစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ကြေညာခဲ့ပြီး ကြာသပတေးနေ့တွင် နောက်ထပ်ကစားသမား(၄)ဦးနှင့် လက်ထောက်နည်းပြတစ်ဦးတို့ Positive အဖြေ ထွက်ပေါ်ခဲ့ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ထပ်မံ၍ ဗိုင်းရပ်စ်ကူးစက်ခံရသည့် ကစားသမားများမှာ အဆန်စီယို၊ ဂါရတ်ဘေးလ်၊ ရိုဒရီဂိုနှင့် လူနင်တို့ဖြစ်ပြီး လက်ထောက်နည်းပြမှာ နည်းပြ အန်ဆယ်လော့တီ၏သား ဒါဗစ်ဒီဖြစ်ကြောင်း သိရသည်။
ရီးယဲလ်အသင်းသည် ကြာသပတေးနေ့ နံနက်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည့် လေ့ကျင့်ခန်းအစီအစဉ်ကို ညနေပိုင်းသို့ ရွှေ့ဆိုင်းကာ တစ်သင်းလုံး ဗိုင်းရပ်စ်စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်းလည်းသိရသည်။
ရီးယဲလ်အသင်းတွင် ယခုကဲ့သို့ ကိုဗစ်ပြဿနာပေါ်ပေါက်ခဲ့သော်လည်း ကာဒစ်ဇ်နှင့်ပွဲကို ရွှေ့ဆိုင်းဖွယ်မရှိကြောင်း သိရသည်။















