တရုတ်နိုင်ငံသည် GACC တွင် မှတ်ပုံတင်ထားသော လုပ်ငန်းများမှ စားသောက်ကုန်များကိုသာ လာမည့်ဇန်နဝါရီ ၁ ရက်မှစ၍ တရားဝင်တင်သွင်းခွင့်ပြုမည်ဖြစ်သဖြင့် မြန်မာပို့ကုန်လုပ်ငန်းရှင်များ မှတ်ပုံတင်နိုင်ရေး အသိပေး

တရုတ်နိုင်ငံသည် GACC တွင် မှတ်ပုံတင်ထားသော လုပ်ငန်းများမှ စားသောက်ကုန်များကိုသာ လာမည့်ဇန်နဝါရီ ၁ ရက်မှစ၍ တရားဝင်တင်သွင်းခွင့်ပြုမည်ဖြစ်သဖြင့် မြန်မာပို့ကုန်လုပ်ငန်းရှင်များ မှတ်ပုံတင်နိုင်ရေး အသိပေး
တရုတ်နိုင်ငံက ကုန်တင်ယာဉ်များကို တင်းကြပ်မှုကြောင့် မူဆယ်မြို့၌ ကုန်တင်ယာဉ်များ စောင့်ဆိုင်းနေရသည်ကို မေလကုန်ခန့်က တွေ့ရစဉ်
တရုတ်နိုင်ငံက ကုန်တင်ယာဉ်များကို တင်းကြပ်မှုကြောင့် မူဆယ်မြို့၌ ကုန်တင်ယာဉ်များ စောင့်ဆိုင်းနေရသည်ကို မေလကုန်ခန့်က တွေ့ရစဉ်
Published 14 December 2021

လာမည့် ဇန်နဝါရီ ၁ ရက်မှစ၍ တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်ထားသော လုပ်ငန်းများမှ စားသောက်ကုန်များကိုသာ တရားဝင်တင်သွင်းခွင့်ပြုမည်ဖြစ်သဖြင့် မြန်မာပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အစားအသောက်တင်ပို့သည့်လုပ်ငန်းများ မှတ်ပုံတင်ခြင်းနှင့် ထောက်ခံချက်ပေးနိုင်ရေးလုပ်ငန်းအဖွဲ့က အသိပေးချက်ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (The General Adminstration of Customs of China- GACC) မှထုတ်ပြန်ခဲ့သည့် အမိန့်ကြေညာချက်အမှတ်(၂၄၈)၊ (၂၄၉)တို့အရ  တရုတ်နိုင်ငံသည် GACC တွင် မှတ်ပုံတင်ထားသောလုပ်ငန်းများမှ စားသောက်ကုန်များကိုသာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်၍ တရားဝင်တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ စားသောက်ကုန်၊ လယ်ယာထွက်ကုန်နှင့် မွေးမြူရေးထုတ်ကုန်များ တင်ပို့လျက်ရှိသော/ တင်ပို့လိုသော မြန်မာနိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏လုပ်ငန်းများကို တရုတ်နိုင်ငံ (GACC) တွင် လုပ်ငန်းမှတ်ပုံတင်ခြင်းကို ကုန်သည်အသင်းအဖွဲ့များမှတစ်ဆင့်လည်းကောင်း၊ ကုမ္ပဏီများမှ တိုက်ရိုက်လည်းကောင်း ကုန်စည်အုပ်စုအလိုက် ဆက်သွယ်လျှောက်ထားမှုများကို သက်ဆိုင်ရာ (Competent Authority) များမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ မှတ်ပုံတင်ခြင်းကို တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ မှတ်ပုံတင်ကြရမည်ဖြစ်သောကြောင့် မှတ်ပုံတင်ရန် ကျန်ရှိသောပို့ကုန် လုပ်ငန်းရှင်များအနေဖြင့် အချိန်မီမှတ်ပုံတင်နိုင်ရေးအတွက် ကုန်ပစ္စည်းအမျိုးအစားအလိုက် သက်ဆိုင်ရာ (Competent Authurity) များသို့ ဆက်သွယ်ဆောင်ရွက်ကြရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အစားအသောက်တင်ပို့သည့် လုပ်ငန်းများ မှတ်ပုံတင်ခြင်းနှင့် ထောက်ခံချက် ပေးနိုင်ရေးလုပ်ငန်းအဖွဲ့က အသိပေးနှိုးဆော်ထားသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အစားအစာတင်ပို့မည့်၊ တင်ပို့လျက်ရှိသည့် လုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ၌ မှတ်ပုံတင်နိုင်ရေးဆိုင်ရာအချက်အလက်များအား တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပို်င်အဖွဲ့၏ သွင်းကုန်နှင့်ပို့ကုန် အစားအစာဘေးကင်းလုံခြုံမှုဗျူရို-GACC မှ မြန်မာသံရုံး၊ ပေကျင်းမြို့သို့  ယင်းကိစ္စနှင့်ပတ်သက်၍ ပေးပို့အကြောင်းကြားလာကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် မှတ်ပုံတင်ရန် တင်ပြလျှောက်ထားသည့်အချက်အလက်များ မှန်ကန်မှု၊ ဥပဒေနှင့်ကိုက်ညီမှု၊ ပြည့်စုံမှုတို့နှင့်ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ သိုပမဟုတ် အစားအသောက်တင်သွင်းမည့် ထုတ်လုပ်သူများမှ တာဝန်ယူရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပြရန် မှတ်ပုံတင်ထားသည့် လုပ်ငန်းများသည် သက်ဆိုင်ရာ စည်းကမ်းချက်များအား လိုက်နာရန် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့မှ တိကျစွာကြီးကြပ် ဆောင်ရွက်သွားစေလိုကြောင်း၊ အကယ်၍ မှတ်ပုံတင်ထားသည့် လုပ်ငန်းများအနေဖြင့် စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိကြောင်း တွေ့ရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များသည် Registration Regulations ၏ အပိုဒ် ၂၂ တွင် ဖော်ပြထားသည့် သတ်မှတ်ချက်များနှင့်အညီ ထိရောက်သည့် စီမံဆောင်ရွက်မှုများအား ချမှတ်ဆောင်ရွက်သွားစေလိုကြောင်း စသည်တို့ကို ယင်းအကြောင်းကြားချက်များတွင် ဖော်ပြထားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများဆုံး တင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းတွင် တရုတ်နိုင်ငံသို့  ဒေါ်လာ ၄၉၀၅  ဒသမ ၈၀ သန်းဖြင့် အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဒေါ်လာ ၃၁၇၂ဒသမ၂၆ သန်းဖြင့် ဒုတိယအများဆုံး ဖြစ်ကာ အစဉ်လိုက်ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent