မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဖြစ်သူ ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးက ထိုင်းအသင်းနှင့်ပွဲရလဒ်ကို စိတ်ပျက်မိသော်လည်း မိမိကစားသမားများ၏ စွမ်းဆောင်မှုအပေါ် အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။
အန်တွမ်နီဟေးက "ထိုင်းအသင်းနဲ့ပွဲ ရလဒ်ကတော့ ကျွန်တော်တို့အတွက် စိတ်ပျက်စရာကောင်းပါတယ်။ ဒါပေမဲ့ ဒီပွဲမှာကစားသွားတဲ့ ကျွန်တော့်ကစားသမားတွေရဲ့ စွမ်းဆောင်မှုကိုတော့ အသိအမှတ်ပြုပါတယ်။ ကျွန်တော့်ကစားသမားတွေဟာ အခုလို ခက်ခဲတဲ့အချိန်မှာ သူတို့လုပ်နိုင်သလောက် အစွမ်းကုန်ကြိုးစားလုပ်ဆောင်သွားခဲ့တာပါ။ ဒီနေ့ပွဲ (ထိုင်းအသင်း) မှာ ကျွန်တော်တို့အသင်းမှာ ဗဟိုခံစစ်မှူးစစ်စစ် မရှိဘူး။ တိုက်စစ်ကစားသမားဖြစ်တဲ့သူက နောက်တန်းဘယ်အစွန်ကစားသမားအဖြစ် (ဆွမ်လမန်ကိုဆိုလို) ကစားနေရတယ်။ကျွန်တော်တို့မှာ COVID-19 ပြဿနာရှိနေပါတယ်။ ဒါကြောင့် ကျွန်တော့်ကစားသမားတွေဟာ သူတို့ လုပ်နိုင်တဲ့ အခြေအနေကနေ ဖြစ်နိုင်သမျှ ကြိုးစားစွမ်းဆောင်ပေးခဲ့တာပါ။ ကျွန်တော့်ကစားသမားတွေ ကျိန်ဆိုပြီးပြောနိုင်တယ်။ ပယ်နယ်တီပေးရလောက်အောင် မကျူးလွန်ခဲ့ဘူး။ ဒီပယ်နယ်တီက ပွဲရဲ့အလှည့်အပြောင်းပါပဲ။ ဒီပယ်နယ်တီကြောင့် ထိုင်းအသင်း အခုလိုရလဒ်မျိုးနဲ့ ကံကောင်းသွားတယ်ဆိုတာကို ကျွန်တော်ပြောနိုင်တယ်" ဟု ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ပထမပိုင်းအပြီးတွင် ထိုင်းအသင်းကို (ဝ-၁)ဂိုးဖြင့်သာ ရှုံးနိမ့်နေခဲ့သော်လည်း ပွဲကစားချိန် (၅၃) မိနစ်တွင် ပယ်နယ်တီပေးခဲ့ရခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းပယ်နယ်တီပေးလိုက်ရပြီးနောက် (၂)ဂိုး ထပ်မံပေးခဲ့ရကာ ပွဲအပြီးတွင် (၄) ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ထိုင်းလက်ရွေးစင်အသင်းနှင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းက နောက်ဆုံးတွေ့ဆုံထားပြီး ခြေစမ်းပွဲအဖြစ် မန္တလေးမြို့၌ ယှဉ်ပြိုင်ကစားရာ (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ထိုင်းလက်ရွေးစင်အသင်းနှင့် ဆူဇူကီးဖလားပြိုင်ပွဲတွင်မူ ၂၀၁၆ ခုနှစ်က နောက်ဆုံးတွေ့ဆုံခဲ့ပြီး ပထမအကျော့အိမ်ကွင်းတွင် (ဝ-၂) ဂိုး၊ ဒုတိယအကျော့အဝေးကွင်းတွင် (ဝ-၄) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုတွင်း အဓိကပြိုင်ဘက်များဖြစ်သည့် အိမ်ရှင်စင်ကာပူနှင့် ထိုင်းအသင်းတို့ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ရန် အခွင့်အရေးနည်းသွားပြီဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ(ယခင် တိုက်ဂါးဖလားပြိုင်ပွဲ၊ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ) သမိုင်းတစ်လျှောက် (၂) ကြိမ်သာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ဖူးပြီး ယခုအကြိမ်တွင် အုပ်စုမှထွက်ခဲ့ရပါက (၁၁) ကြိမ်မြောက် အုပ်စုအဆင့်မှ ထွက်ရခြင်းအဖြစ် မှတ်တမ်း ဝင်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၀၄ နှင့် ၂၀၁၆ ပြိုင်ပွဲ (၂) ကြိမ်သာ အုပ်စုအဆင့်ကို ကျော်လွန်နိုင်ခဲ့ပြီး ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲ (၂)ခုမှ (၆)ပွဲယှဉ်ပြိုင်ထားရာ (၁)ပွဲသာ အနိုင်ရသေးပြီး (၅)ပွဲရှုံးနိမ့်ထားသည်။















