မော်လမြိုင်မြို့တွင် ကိုဗစ်ကာလအတွင်း အလုပ်အကိုင်နည်းလာခြင်း၊ လက်ဖက်ရည်ဆိုင်သုံးပစ္စည်းများ စျေးမြင့်လာခြင်းကြောင့် လက်ဖက်ရည်ဆိုင်အချို့ အခြားလုပ်ငန်းသို့ပြောင်းရန် စီစဉ်

မော်လမြိုင်မြို့တွင် ကိုဗစ်ကာလအတွင်း အလုပ်အကိုင်နည်းလာခြင်း၊ လက်ဖက်ရည်ဆိုင်သုံးပစ္စည်းများ စျေးမြင့်လာခြင်းကြောင့် လက်ဖက်ရည်ဆိုင်အချို့ အခြားလုပ်ငန်းသို့ပြောင်းရန် စီစဉ်
မော်လမြိုင်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
မော်လမြိုင်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Published 8 December 2021
မောင်မောင်ရွှေမြိုင်

မော်လမြိုင်မြို့တွင် ကိုဗစ်ကာလအတွင်း အလုပ်အကိုင်နည်းလာခြင်း၊ လက်ဖက်ရည်ဆိုင်သုံးပစ္စည်းများ စျေးမြင့်လာခြင်းကြောင့် လက်ဖက်ရည်ဆိုင်အချို့ အခြားလုပ်ငန်းသို့ ပြောင်းရန်စီစဉ်နေကြောင်း၊ မော်လမြိုင်လက်ဖက်ရည်ဆိုင်အချို့သည် ကိုဗစ်မျိုးရိုးဗီဇ ပြောင်းလဲဖြစ်ပေါ်မှုကြောင့် အခြေအနေကောင်းရန် မမြင်သည့်အတွက် အခြားလုပ်ငန်းသို့ပြောင်းရန် စီစဉ်နေကြောင်း သိရသည်။

“ကိုဗစ်တတိယလှိုင်းအဖြစ်နည်းတဲ့တွက် မော်လမြိုင် Stay at Home ကိုလျှော့ချလိုက်ပါတယ်၊ ကိုဗစ်ကာလမှာ အလုပ်အကိုင်နည်းလာတယ်၊ လက်ဖက်ရည်ဆိုင်သုံးပစ္စည်းတွေက စျေးမြင့်လာတယ်၊ အရင်တစ်ခွက် ကျပ်လေးရာကို အခုငါးရာနဲ့ ရောင်းနေရတယ်။ ငါးရာက အခုထမင်းတစ်နပ်စားလို့ရတဲ့အခြေအနေမှာ ကျပ်တည်းတဲ့သူတိုင်းက လက်ဖက်ရည်ဆိုင် အထိုင်နည်းလာတယ်။ အရင်လိုလည်းအုပ်စု၊ အဖွဲ့လိုက်လာ မသောက်ကြတော့ဘူး၊ ကိုဗစ်ကန့်သတ်ထားတာလည်း ပါတယ်။ အခုတစ်ခါ ကိုဗစ်မျိုးရိုးဗီဇပြောင်းတွေက အိမ်နီးချင်း ထိုင်း၊ အိန္ဒိယတွေမှာ တွေ့နေတယ်လို့ ဆိုပါတယ်။ ဒီအတိုင်းဆို ရှေ့ဆက်လက်ဖက်ရည်ဆိုင်တွေ အခြေနေကောင်းဖို့ မမြင်ဘူး၊ ဒါကြောင့်  ၂၀၂၂ ခုနှစ် နှစ်ဆန်းမှာ စတီးအိမ်ဆောက်ပစ္စည်းတွေလုပ်ရောင်းဖို့ အခုစီစဉ်နေပါတယ်” ဟု မော်လမြိုင်ဘိုကုန်းရပ်ရှိ လက်ဖက်ရည်ဆိုင်ရှင်တစ်ဦးက ပြောကြားသည်။

“လက်ဖက်ရည်ဆိုင်ထိုင်ဖို့ တော်တော်လေးစဉ်းစားနေရတယ်၊ လွန်ခဲ့တဲ့အနှစ်ငါးဆယ်ကတည်းက လက်ဖက်ရည်ဆိုင်ကို လွတ်လွတ်လပ်ထိုင်လာခဲ့တယ်၊ စကားဝိုင်းဖွဲ့ကြတယ်၊ စိတ်ကူးတွေဖလှယ်ဖြစ်တယ်၊ လက်ဖက်ရည်တစ်ခွက်ရဲ့တန်ဖိုးက ထမင်းတစ်နပ်စာဖြစ်လာမယ်လို့ မထင်ခဲ့ဘူး။ အခုဆို ကျန်းမာရေးတွက် ဆေးဖိုး၊ မိသားစု စားသောက်ဖို့ကို နှစ်ရက်စာလောက်ရှိတော့မှ ရင်းနှီးတဲ့သူတစ်ယောက်ကို လက်တို့ပြီး ဆိုင်ထိုင်ဖြစ်တယ်၊ လက်ဖက်ရည်သောက်ရင် မုန့်မစားဘူး၊ မုန့်စားရင်းလက်ဖက်ရည်မသောက်ဘူးလို့ဆိုပြီး အသိနဲ့ချွေတာလာကြတယ်၊ ကိုယ်က အလုပ်မရှိကာလ၊ သားသမီးပေးတာနဲ့ စားနေရတော့၊ ဒီလိုပဲပေါ့လေ” ဟု အငြိမ်းစားဝန်ထမ်းတစ်ဦးက ဆိုပါသည်။

မော်လမြိုင်မြို့ပေါ်၂၉ ရပ်ကွက်ကို အဖွဲ့တစ်ဖွဲ့က စစ်တမ်းကောက်ယူခဲ့ရာ အိမ်ဆိုင် ၅၃၇ ဆိုင်၊ စတိုးဆိုင် ၃၆၀၊ မီနီမတ် ၁၁ခု၊ လက်ဖက်ရည်ဆိုင် ၂၄၉ ဆိုင်၊ စားသောက် ဆိုင်၂၈၇ ဆိုင်၊ တာယာပစ္စည်းအရောင်းဆိုင် ၃၉ ဆိုင်၊ ငါးဖမ်းပိုက်ဆိုင် ၁၂ ဆိုင်၊ ဆေးရုံ ၁၁ရုံ၊ ဆေးခန်း ၁၉၁ ခု၊ ဓာတ်ခွဲခန်း ခုနစ်ခု၊ ဆေးဆိုင် ၁၀၇ ဆိုင်ရှိကြောင်း သိရသည်။                        

Most Read

Most Recent