နွေစပါးစိုက်ပျိုးသည့် တောင်သူများကို သွင်းအားစုဓာတ်မြေဩဇာတစ်အိတ်လျှင် ကျပ်တစ်သိန်းခန့်ဖြင့် ရောင်းချပေးကြောင်း သိရသည်။
နိုင်ငံတော်အစိုးရ၏ စီမံခန့်ခွဲမှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ပေါင်းစပ်၍ နွေစပါးစိုက်ပျိုးသည့် တောင်သူများ သွင်းအားစုဓာတ်မြေဩဇာများ အရည်အသွေးမှန်ကန်စွာအသုံးပြုနိုင်စေရန်နှင့် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါး ထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသော နေပြည်တော်ကောင်စီနယ်မြေရှိ ကျေးရွာများသို့ ပုလဲဓာတ်မြေဩဇာတစ်အိတ်လျှင် ကျပ်တစ်သိန်းငါးရာနှုန်း လက်ငင်းငွေချေစနစ်ဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခြင်းကို ဧပြီ ၁၉ ရက်က နေပြည်တော်လယ်ဝေးမြို့နယ် ခရမ်းကိုင်းကျေးရွာ စိုက်ပျိုးရေးနည်းပညာပေးစင်တာ၌ ကျင်းပခဲ့သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က တောင်သူများအနေဖြင့် သွင်းအားစုဓာတ်မြေဩဇာများသုံးစွဲရာတွင် အလေအလွင့်မဖြစ်ပေါ်စေရေးနှင့် သီးနှံသက်တမ်းအလိုက် ထည့်သွင်းရမည့် ပမာဏ၊ ထည့်သွင်းနည်းစနစ်များအတိုင်း သွင်းအားစုများအား မှန်မှန်ကန်ကန်အသုံးပြုပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပြည်တွင်းစားသုံးမှု ဖူလုံပိုလျှံရေးသာမက ပြည်ပသို့ ဆန်တင်ပို့မှုမြှင့်တင်နိုင်ရေး ကြိုးပမ်းကြရန်နှင့် ကမ္ဘာတစ်ဝန်း လက်ရှိဖြစ်ပေါ်နေသော သွင်းအားစု လိုအပ်ချက် အခက်အခဲများကြားမှ နိုင်ငံတော်ကနွေစပါးစိုက်တောင်သူများအတွက် အထူးကြိုးပမ်းပံ့ပိုးဆောင်ရွက်ပေးခြင်းဖြစ်၍ အလွဲသုံးစားမဖြစ်စေဘဲ အသုံးပြုကြရန် ပြောကြားသည်။
ယင်းနောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက တောင်သူများအတွက် လိုအပ်သည့်သွင်းအားစုဓာတ်မြေဩဇာများကို တောင်သူများလက်ဝယ် အချိန်မီရောက်ရှိရေး ဆက်လက်စီမံဆောင်ရွက်ပေးမည့်အခြေအနေနှင့် တောင်သူများဝင်ငွေတိုးပွားရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဝင်တို့သည် မြန်မာ့ဩဘာ ကောမက် G-46 ပုလဲဓာတ်မြေဩဇာ တစ်အိတ်လျှင် ငွေကျပ်တစ်သိန်းငါးရာကျပ်နှုန်းဖြင့် စိုက်ဧကအလိုက် လိုအပ်ချက်အပေါ်မူတည်၍ ရောင်းချပေးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ ကျေးရွာခြောက်ရွာ၌ ဓာတ်မြေဩဇာများ ရောင်းချပေးလျက်ရှိပြီး တိုင်းဒေသကြီး ပြည်နယ်များအတွင်း လက်ရှိစိုက်ပျိုးလျက်ရှိသော နွေစပါးစိုက်ဧကများမှ ထွန်ယက်စိုက်ပျိုးရန် ကျန်ရှိသည့်ဧရိယာ၏ ဓာတ်မြေဩဇာလိုအပ်ချက် ၃၀ ရာခိုင်နှုန်းကို ပထမအသုတ်အဖြစ် သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ မြေပြင်ကွင်းဆင်းစိစစ်ထားသော ထောက်ခံချက်ဖြင့် ရောင်းချပေးလျက်ရှိကြောင်းနှင့် ကျန်ဧရိယာများအတွက်ကိုလည်း အသုံးပြုရမည့် ကာလအမီ နှစ်ကြိမ်ခွဲရောင်းချပေးခြင်းဖြင့် ရာနှုန်းပြည့် ဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















