ပါကစ္စတန်၏ ပြည်ပသို့ပေးရန် ကြွေးမြီ အဖြစ် အမေရိကန်ဒေါ်လာ ၁၄ ဘီလျံကို ယခုဘဏ္ဍာနှစ်ကုန်တွင် မြီရှင်တရုတ်နိုင်ငံသို့ ပေးဆပ်ရမည့်အရေးမှာ တိုင်းပြည်အဖို့ “အကြွေးလည်ပင်းနစ်”နေပြီဟု ဆိုရမည်။ ကြွေးမြီ ထက်ဝက်ခန့်မှာ တရုတ်ကူးသန်းရောင်းဝယ် ရေးဘဏ်များသို့ ပေးဆပ်ရမည်ဖြစ်ပြီး အကြွေးအများစုသည် “ခါးပတ်တစ်ကွင်း လမ်းတစ်စင်း” စီမံကိန်း (Belt and Road Initiative- BRI) နှင့် ပတ်သက်လျက်ရှိသည်။
လေ့လာသူများ၏အဆိုအရ အစ္စလာမ္မာဘတ်သည် တရုတ်ဘဏ္ဍာရေး အာဏာပိုင်များကို ကြွေးမြီကိစ္စနှင့်ပတ်သက်၍ ဖြေလျှော့မှုပြုနိုင်သည့် အစီအစဉ်များ ပြန်လည်ရေးဆွဲပေးရန် တောင်းဆိုရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။ မြီစားဖြစ်သော ပါကစ္စတန်အစိုးရဘဏ်အနေနှင့် ၂၀၂၁ ခုနှစ် အောက်တိုဘာအတွင်း သီးသန့်နိုင်ငံခြားသုံးငွေမှာ အမေရိကန်ဒေါ်လာ ၁၇ ဘီလျံသို့ ထိုးကျနေပြီး တရုတ်သို့ ပေးရန် အကြွေးများအတွက် ဖြေလျှော့မှုပြုနိုင်မှသာလျှင် အပေါင်ဆုံးရန် အလားအလာမှ ရုန်းထွက်နိုင်ဖွယ်ရှိ သည်။
ထိုကဲ့သို့ အချက်ပေးသည့် လက္ခဏာများ ပေါ်ထွက်နေသည်မှာ လပေါင်းများစွာ ကြာခဲ့လေပြီ။ ဧပြီလအတွင်း နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) က ပါကစ္စတန်၏ မူဝါဒရေးရာ ချိန်သားမကိုက်မှုများနှင့် တိုးပွားပြီးရင်း တိုးပွားလာနေသော ပေးဆပ်ရန်တာဝန်များက အစိုးရကြွေးမြီ ပြေလည်စေရေးကိစ္စ ရေရှည်တည်တ့ံဖွံ့ဖြိုးမှုကို အနှောက်အယှက် အဟန့်အတား ဖြစ်လာကြောင်း သတိပေးခဲ့ သည်။
၂၀၂၁ ခု မေလအတွင်း အမေရိကန် ပြည်ထောင်စု၊ နယူးယောက်အခြေစိုက် Fitch Rating ရင်းနှီးမြှုပ်နှံမှုအုပ်စုက ပါကစ္စတန်၏ အားနည်းသော ပြည်သူ့ဘဏ္ဍာရေး၊ ပြည်ပဘဏ္ဍာရေးဆိုင်ရာ ထိခိုက်လွယ်မှုနှင့် အဖွဲ့အစည်းများ၏ နိမ့်ပါးလှသောညွှန်ကိန်း များကြောင့် အတန်းအစားB ဟု သတ်မှတ်ခဲ့၏။ (Bအတန်းအစားဟူသည် ဘဏ္ဍာရေး အခြေအနေသည် မလွဲမသွေ သတိထားရတော့မည့်အခြေအနေ’ကို ရည်ညွှန်းသည်။)
ကမ္ဘာ့ဘဏ်၏ ၂၀၂၁ ခုနှစ် မြီစားအစီ ရင်ခံစာတွင် တောင်အာရှနိုင်ငံများ၏ ကြွေး မြီအခြေအနေကို စိစစ်ခဲ့ရာ ပါကစ္စတန်သည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ထက် အခြေအနေဆိုးပြီး အကြွေးသောက ပူနေရရှာသော သီရိ လင်္ကာနှင့် မနီးရိုးစွဲရှိနေကြောင်း ဖော်ပြခဲ့၏။
အစီရင်ခံစာ၌ အကြွေးနှင့်စုစုပေါင်း တိုင်းပြည်ထွက်ကုန် (Debt-to-GDP) အချိုးရာခိုင်နှုန်း ၈၀ ထက် ကျော်လွန်သော တိုင်းပြည်များတွင် ပါကစ္စတန်က ဒုတိယလိုက်နေကြောင်း၊ သီရိလင်္ကာသည် တိုင်းပြည်ဝင်ငွေ ပေါ်တွင် ပေးနေရသောအတိုး (Interest-to-Revenue) အချိုး အမြင့်ဆုံးဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြခဲ့သည်။ အကယ်၍ တိုင်းပြည်အတွင်းရှိ စီရင်စုများ၏ အချိုးကျထည့်ဝင်ငွေ စာရင်းမပါစေဘဲ ပါကစ္စတန်အစိုးရ၏ အ သားတင်ဝင်ငွေကိုသာ တွက်ချက်ခဲ့သော် ဖော်ပြခဲ့သောအချိုးများသည် သီရိလင်္ကာထက် ပိုမိုမြင့်မားနေသည်။
တူညီသောအချက်မှာ ပါကစ္စတန်နှင့် သီရိလင်္ကာတို့၏ ကြွေးမြီကိစ္စများသည် အချက်ပေးခေါင်းလောင်းသံ မြည်နေပါပြီ။ အချို့သူများကတော့ ပါကစ္စတန် ဂွါဒါဆိပ်ကမ်း နှင့် ၂၀၁၇ ခုနှစ်၊ သီရိလင်္ကာနှင့် တရုတ် အစိုး ရပိုင်ကုမ္ပဏီတို့အကြား ၉၉ နှစ်အငှား စာချုပ်ချခဲ့သော သီရိလင်္ကာဆိပ်ကမ်းသဘောတူ ညီချက်တို့၏ တရုတ်အပေါ် ကြွေးဆပ်ရန် တူညီနေပုံကို ကောက်ချက်ဆွဲပြကြ၏။
မည်သို့သောအချက်များကြောင့် ပါကစ္စတန်သည် အကြွေးထူသည့်ဘဝသို့ ဆိုက်ရောက်သွားရသနည်း။
■ ပါကစ္စတန်သည် ကြွေးဆုံးနိုင်ငံမဟုတ်
ပါကစ္စတန်သည် နိုင်ငံတကာသို့ ပေးဆပ်ရန်ရှိသောအကြွေးများကို ဘယ်သောအခါမှ မပျက်ကွက်ဖူးကြောင်း အစ္စလာမ္မာဘတ်အခြေစိုက် ပါကစ္စတန်နိုင်ငံရေး သိပ္ပံပညာရှင်၊ ဘောဂဗေဒပညာရှင်၊ ဘဏ္ဍာရေး ပိုင်းခြားစိတ်ဖြာသုံးသပ်သူ ဖာရွတ်ဆလင်းက ပြောခဲ့သည်။
ကြွေးဆပ်နိုင်ခြေ ပျက်ကွက်နိုင်ကြောင်း အမျိုးအစားသတ်မှတ်ချက်မှာ ငွေချေးပေးခဲ့သော ကုမ္ပဏီများဘက်က တွန်းအားပေးနေကျ ကိစ္စမျိုးဖြစ်သည်။ အဖွဲ့အစည်းတစ်ခုခုက လူပုဂ္ဂိုလ်တစ်ဦးဦးထံ ငွေချေးလိုက်သည်နှင့် တစ်ပြိုင်နက် ကြွေးဆုံးနိုင်ခြေရှိပြီး ချေးယူသူ အနေနှင့်လည်း ကြွေးဆပ်ရန် ပျက်ကွက်သူ ဖြစ်နိုင်သည်မှာ တရားဥပဒေအရ ပြဋ္ဌာန်းချက်များ ရေးဆွဲပြီးဖြစ်၏။ သို့သော် နိုင်ငံတကာကြွေးမြီကိစ္စတွင်မူ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို ကြွေးပြန်မဆပ်နိုင်သူအဖြစ် ကြေညာလေ့မရှိပါ။ အကြောင်းမှာ ထိုသို့ကြေညာခြင်းဖြင့် သူတို့၏ချေးငွေ လုံးဝ ဆုံးရှုံးသွားနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကြွေးမဆပ်သည့်ကိစ္စမျိုး ပေါ်ပေါက်လာသည့်အခါ ငွေချေးစာချုပ်၏ ချေးယူပုံကို ပြန်လည်ညှိနှိုင်းခြင်း၊ ကြွေးမြီပေးဆပ်ရန် အချိန်သတ်မှတ်ချက် ထပ်တိုးပေးခြင်း၊ အတိုးနှုန်း ပြန်လည်သတ်မှတ်ပေးခြင်းတို့ကို ဆောင် ရွက်လေ့ရှိသည်။
ပါကစ္စတန်အစိုးရ၏ သီးသန့်နိုင်ငံခြား ငွေစာရင်းမှာ နိုင်ငံတကာစာချုပ်များအရ ချေးယူငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလျံ၊ တရုတ်အစိုးရနှင့် ကူးသန်းရောင်း ဝယ်ရေးဘဏ်များသို့ အမေရိကန်ဒေါ်လာ ၉.၁ ဘီလျံ၊ Eurobond /Skuk စာချုပ်များ အမေရိကန်ဒေါ်လာ တစ်ဘီလျံနှင့် IMF သို့ အမေရိကန်ဒေါ်လာ တစ်ဘီလျံကို လာမည့် နှစ် ဇွန်လ၊ အတိုးအရင်း စေ့ရောက်ချိန်တွင် ပေးဆပ်ရန်ကျန်နေသည်။
ပါကစ္စတန်သည် ပဲရစ်ကလပ်သို့ အမေရိကန်ဒေါ်လာ ၁၁.၃ ဘီလျံ၊ နိုင်ငံတကာ အကူအညီများအတွက် အမေရိကန်ဒေါ်လာ ၃၃.၁ ဘီလျံနှင့် Eurobond နှင့် Skuk ဘွန်းစာချုပ်များအတွက် အမေရိကန် ဒေါ်လာ ၁၂ ဘီလျံလည်း ကြွေးတင်နေသည်။
လွန်ခဲ့သောသုံးနှစ်အတွင်း ပါကစ္စတန်၏ မြီစားစာရင်းသည် ရူပီး ၁၆ ထရီလျံ (အ မေရိကန်ဒေါ်လာ ၉၁ ဘီလျံ) တိုးလာခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ဆီးနိတ်သို့ အစီရင်ခံခဲ့သည်။ ဘဏ္ဍာရေးနှင့် စီမံကိန်း ဝန်ကြီးဌာန စာရင်းဇယားအရ တိုင်းပြည်၏ စုစုပေါင်းမြီစားစာရင်းမှာ ၂၀၁၈ ခုနှစ်၊ ဇွန်လ တွင် အမေရိကန်ဒေါ်လာ ၁၄၂ ဘီလျံမှ ၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် ၂၃၃ ဘီလျံထိ ရောက်ရှိသွားကြောင်း ဖော်ပြထားသည်။
ပါကစ္စတန်ဆီးနိတ်က ပြည်တွင်းမြီစား အနေနှင့်လည်း ထိုသုံးနှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၉၁ ဘီလျံမှ ၁၄၈ ဘီလျံ ထိ တိုးလာကြောင်း၊ ချေးငွေအရပ်ရပ်အတွက် အတိုးမှာ ၄၂.၄ ဘီလျံရှိကြောင်း ထုတ်ပြန် ခဲ့သည်။
■ သီးသန့်ရံပုံငွေနှင့် လိုငွေပြဘတ်ဂျက်
အကြွေးပတ်ချာလည်နေသော ယခု အခြေအနေတွင် အစ္စလာမ္မာဘတ်အစိုးရသည် ဘဏ်များ၏ မြုပ်နေသော သီးသန့်ပုံသေငွေကြေးလမ်းကြောင်းနှင့် အစိုးရ၏ လိုငွေပြဘတ်ဂျက်စာရင်းကို ညှိခြင်းမျိုးဖြင့် ခရီး ဆက်လိုသည့်ကုထုံးက အခြေအနေကို ပိုမို ဆိုးဝါးလာစေသည်။ လက်ငင်းဘဏ္ဍာနှစ်တွင် အစိုးရသည် Euro နှင့် Sukuk ဘွန်းစာချုပ် အရောင်းတန်ဖိုးများကို အမေရိကန်ဒေါ်လာ ၅ ဘီလျံထိ မြှင့်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄.၅ ဘီလျံ တန်ဖိုးရှိ ငွေသားအကူအညီနှင့် ရေနံတို့ကို အာမခံထားရန် ဆော်ဒီအစိုးရထံ ချဉ်းကပ်ခဲ့သည်။
မည်သို့ပင် ကုစားသည်ဖြစ်စေ ဤဆောင်ရွက်ချက်များက တိုင်းပြည်၏ လက်ငင်းငွေစာရင်းအပေါ် သက်ရောက်နေသော ဖိအားကို ဖြေရှင်းမပေးနိုင်သကဲ့သို့ ပါကစ္စတန်ရူပီး၏ တန်ဖိုးကျဆင်းမှုကိုလည်း မရပ် တန့်နိုင်ပါ။ ဇွန်လအတွင်း ဒေါ်လာ ၂.၅ ဘီလျံ ကွာဟချက်ရှိခဲ့သော ပါကစ္စတန်၏ လက်ငင်းငွေစာရင်းသည် ဇူလိုင်-စက်တင်ဘာ သုံးလပတ်၌ အမေရိကန်ဒေါ်လာ ၃.၄ ဘီလျံ ထိ လိုငွေပြလျက် ရှိသည်။
■ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်
ပါကစ္စတန်၏ ကြွေးဆပ်ရန်ပြဿနာမှာ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ ( China Pakistan Economic Corridor-CPEC ) အခြေအနေကိုလည်း ထင်ဟပ်နေ၏။ အစ္စလာမ္မာဘတ်သို့ သွားရောက်အခြေစိုက်နေသော တရုတ်ကုမ္ပဏီများက သူတို့ ရင်ဆိုင်ရသည့် အခက်အခဲများကို ဘေဂျင်းထံ ပြန်လည်တင်ပြခဲ့သဖြင့် ရင်းနှီးမြှုပ်နှံမှုများ အရှိန်တန့်ခဲ့သည်။
တရုတ်အစိုးရ ကျောထောက်နောက် ခံပြု Sinsure အာမခံကုမ္ပဏီသည် CPEC ၏ စွမ်းအင်နှင့် အခြေခံအဆောက်အအုံဆိုင်ရာ ပရော့ဂျက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဘီလျံကို ခေတ္တရပ်တန့်ထားသည်။
CPEC စီမံကိန်းအရ Sinosureက ဆောင်ရွက်ကျန်ရှိသော ပါကစ္စတန်ဆိပ်ကမ်း နှင့် အနောက်မြောက်ဒေသကို ဆက်သွယ် မည့် ၁,၇၃၃ ကီလိုမီတာရှည်သော ရထားလမ်းအပါအဝင် စွမ်းအင်အခြေပြု ပရော့ဂျက် ခြောက်ခုမှာ ဇွန်လအတွင်း စတင်ရန်ဖြစ်သော်လည်း ယခုအခါ တုံ့ဆိုင်းသွားခဲ့၏။
ပါကစ္စတန်ဝန်ကြီးချုပ်၏ အထူးလက်ထောက်အရာရှိ ခါလစ်မန်ဆူးက အစ္စလာမ္မာ ဘတ်ရှိ တရုတ်သံအမတ်ကြီးကို Sinosure ကိစ္စနှင့်ပတ်သက်၍ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သတင်းထောက်များကို ပြောခဲ့သည်။ ပါကစ္စတန်အစိုးရအနေနှင့် တရုတ်အာဏာပိုင်များကို ဤကိစ္စ ဆက်လက်ဆောင်ရွက်နိုင်ရေး အတွက် ချဉ်းကပ်သွားမည်ဖြစ်ကြောင်း၊ ရထားလမ်းနှင့် စွမ်းအင်စီမံကိန်းများဖြစ်သောKarrot ၊ Kahahla ၊ Azad Pattan ၊ Thar နှင့် Thal-Nova တို့မှာ ဦးစားပေးအစီအစဉ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။
အစဉ်အလာပြောခဲ့ကြသော ပထဝီနိုင်ငံရေး (Geopolitics) ဟူသည် အပြည်ပြည်ဆိုင်ရာနိုင်ငံရေးတွင် တိုင်းပြည်တစ်ခု၏ ပထဝီတောတောင် ရေမြေသဘာဝတည်ရှိပုံအရ မည်သို့သော ကောင်းကျိုးဆိုးပြစ်များ ဖြစ်ထွန်းပေါ်ပေါက်ပုံကို အထူးပြုလေ့လာ အသုံးချခြင်းဖြစ်သည်။ မျက်မှောက်ကာလ၌ မပါမဖြစ် ထည့်သွင်းတွက်ချက်လာကြသည်မှာ ပထဝီဝင်ဘောဂဗေဒ (Geoeconomics) ဖြစ်သည်။ မိမိတို့ ချိတ်ဆက်လိုသော တိုင်းပြည်၊ စီးပွားရေးကဏ္ဍတို့၏ တည်နေရာနှင့် တတ်သိပညာဆိုင်ရာ အကွာအလှမ်း၊ ရုပ် ပိုင်းဆိုင်ရာ ပကတိတည်ရှိမှုတို့အပေါ်တွင် သယံဇာတအရင်းအမြစ်များကို ဖြန့်ခင်းလျက် မဟာဗျူဟာချကာ လမ်းလျှောက်ကြသော ကာလဖြစ်သည်။ အငြိမ်နှင့် အလှုပ်၊ တရုတ်နှင့်ပါကစ္စတန်တို့၏ ပထဝီဝင်အခြေ ပြု နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ဗျူဟာများမှာ တစ်ဘက်သတ်ဖြစ်မည်လော သို့မဟုတ် သူတင်ကိုယ်တင် နှစ်ဘက်လုံးအနိုင်ရသည် အထိ ကစားသွားနိုင်ကြမည်လော။ တဖန် ပါကစ္စတန်မြေကို မိမိပိုင် စစ်အခြေစိုက်စခန်းဖွယ် နှစ်ရှည်လများ အသုံးချခဲ့သူ ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးအင်အားကြီး အမေရိကန် ပြည်ထောင်စုအနေနှင့် ဤကြွေးမြီအရေးကို အကြောင်းပြုလျက် ပြိုင်ဘက်တရုတ်ထံ “လေ ယူရာတိမ်း ယိမ်းရမည့်” ပါကစ္စတန်ကို မည်သို့ သဘောထားမည်မှာ စိတ်ဝင်စားစွာ စောင့် ကြည့်ကြရမည့် အခင်းအကျင်းသစ်များ ဖြစ်ပါသည်။










