အိုမီခရွန် မျိုးကွဲကိုဗစ်ရဲ့ ဝေဒနာ

အိုမီခရွန် မျိုးကွဲကိုဗစ်ရဲ့ ဝေဒနာ
Photo:AFP
Photo:AFP
Published 5 December 2021
  ဒေါက်တာ လွင်သန့်

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ‌ဆန်းမှာ စတင်ခဲ့တဲ့ အိုမီခရွန်မျိုးကွဲကိုဗစ်ရဲ့ လူတို့အပေါ် ကူးစက်ပျံနှံ့မှုအပေါ် စိုးရိမ်တကြီး ဖြစ်လာပါတယ်။တောင်အာဖရိကမှာ ပထမဆုံးတွေ့ရှိခဲ့ပြီးနောက် ဗီဇပြောင်းလဲမှုအလွန်များတဲ့ အိုမီခရွန် (Omicron) ဟာ သီတင်းလေးပတ်မပြည့်မီ အဆိုပါ နိုင်ငံမှာလွှမ်းမိုးတဲ့ ကိုရိုနာဗိုင်းရပ်အဖြစ် လျင်မြန်စွာဖြစ်လာပြီး အမေရိကန်၊ ဗြိတိန်၊ ဟောင်ကောင် အထိ တွေ့ရှိလာပါတယ်။

ကူးစက်သူဟာ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ ဖျားခြင်း၊ ကိုယ် လက်မအီမသာဖြစ်ခြင်း ဖြစ်ပြီး အနံ့ပျောက်တာမရှိဘူးလို့ သိရပါတယ်။ ယခုချိန်အထိ တောင်အာဖရိက၊ ဗြိတိန်၊ အမေရိကန်၊ စပိန်၊ နယ်သာလင်၊ ကနေဒါ၊ သြစတြီးယား၊ ပေါ်တူဂီ၊ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ အိန္ဒိယ၊ အစ္စရေး၊ စင်ကာပူ၊ မ‌လေး ရှား၊ ပြင်သစ်၊ ဟောင်ကောင်အထိ ပျံ့နှံ့ရောက်ရှိကူးစက်နေပါပြီ။အိုမီခရွန် (Omicron) ဟာ ယခင်ကိုရိုနာမျိုးကွဲဗိုင်းရပ်များထက် ပိုမိုကူးစက်ဖွယ်ရှိတယ်လို့ အစောပိုင်းကူးစက်မှု အရသိရပါတယ်။ ကိုဗစ်အလွန် စီးပွားရေး နာလန်မထူနိုင်ချိန်မှာ ကူးစက်မြန် အိုမီခရွန်ကြောင့် စိုးရိမ် သောကဖြစ်ခဲ့ကြရပါတယ်။

အစောပိုင်းရရှိထားတဲ့ ကူးစက်ရောဂါပြန့်ပွားခြင်းဆိုင်ရာ အချက်အလက်များအရ အိုမီခရွန်ဟာ ရောဂါကာကွယ်နိုင်တဲ့ စွမ်းရည်အချို့ရှောင်ရှားနိုင်တယ်ဆိုပေမဲ့ ကိုဗစ်ပြင်းထန်ရောဂါနဲ့ သေဆုံးမှုတို့ကို ကာကွယ်နိုင်စွမ်းရှိတဲ့ အနေအထားမှာ ရှိပါကြောင်း တောင်အာဖရိကရဲ့ ကူးစက်ရောဂါ ဆိုင်ရာ အမျိုးသားသိပ္ပံက ဆိုပါတယ်။ အမေရိကန်ဖိုင်ဇာဘိုင်အိုတက် (Pfizer Biotech) က အိုမီ ခရွန်ကာကွယ်ဆေးကို ရက်ပေါင်း ၁၀၀ အတွင်းထုတ်လုပ်နိုင်မယ် ဆိုပါတယ်။

လေကြောင်းပျံသန်းမှု ကန့်သတ်ခြင်းများ ဗီယက်နမ်၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်၊ တရုတ်၊ ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်၊ ဥရောပနိုင်ငံများက အာဖရိကခုနစ်နိုင်ငံမှ လေကြောင်းခရီးစဉ်များ ရပ်ဆိုင်းထားကြပြီး ဂျပန်နိုင်ငံက ပညာတော်သင်များ၊ လုပ်ငန်းရှင်များ၊ သံအမတ်များ ခရီးစဉ်ကလွဲရင် ဂျပန်တစ်နိုင်ငံလုံး တင်းကျပ်မှုတွေချ ထားပါပြီ။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း အိုမီခရွန်မျိုးကွဲ ကိုဗစ်ရောဂါအတွက် ထပ်ဆင့်မြှင့်ကာကွယ်ဆေး (Third Dose) ထိုးနှံကြဖို့ ပြည်သူမျာကို နှိုးဆော်ထားသလို ဗြိတိန်နိုင်ငံတစ်ဝန်း ထိုးနှံဖို့ ဖိုင်ဇာ (Pfizer) နဲ့မိုဒါနာ (Moderna)ထုတ် ကာကွယ်ဆေး ၁၁၄ သန်းထပ်မံမှာ ယူထားကြောင်း ဒီဇင်ဘာ ၁ ရက်က ဆိုပါတယ်။ ဗြိတိန်က အသက် ၁၈ နှစ်အထက် အရွယ်ရောက်ပြီးသူ အားလုံး တတိယအကြိမ်ကာကွယ် ဆေးထိုးနှံပေးဖို့ နှစ်လကြာပစ်မှတ် ထားပါတယ်။

တစ်ဖက်မှာချမ်းသာတဲ့ နိုင်ငံတွေက ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံလာချိန်မှာ အာဖရိက၊ အာရှ က လူသားအများစုဟာ ရောဂါဒဏ်ခံနိုင်ဖို့ ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးထားရသေးတာ စိတ်ပျက်ဖွယ် တွေ့နေရပါတယ်။ တရုတ်နိုင်ငံက အာဖရိကပြည်သူတွေအတွက် ကာကွယ်ဆေးတစ်ဘီလျံကျော် လှူဒါန်း သွားဖို့ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။

တကယ်တော့ ကိုဗစ်နောက်ထပ်မျိုးကွဲများအတွက် ချမ်းသာတဲ့ နိုင်ငံများက ထပ်ဆောင်းကာကွယ် ဆေးထိုးနေတာထက် ကမ္ဘာ့တစ်ဝန်းရှိ လူသားအားလုံး ကာကွယ်ဆေးထိုးနှံရေးဟာ အကောင်းဆုံး နည်းလမ်းပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးလွှမ်းခြုံဖို့ ကာကွယ်ဆေးထိုးနှံရေးအတွက် ဒေသတွင်းကာကွယ် ဆေးထုတ်လုပ်နိုင်ရေးအလေးထား ဆောင်ရွက်သွားသင့်တဲ့အပြင် ဆင်းရဲတဲ့နိုင်ငံများအား ကာကွယ် ဆေးထိုးနှံကြဖို့ အခွင့်အလမ်းပေး သင့်ပါတယ်။

ကိုဗစ်ကပ်ရောဂါကာလမှာ ရောဂါကူးစက်ပေါက်ကွဲမှုတွေဟာ မှန်းဆရခက်ပြီး ဆိုးရွားတဲ့အခြေအနေများကို အချိန်အခါမရွေးဖြစ် စေနိုင်ပါတယ်။ လူအများအပြားက ကာကွယ်ဆေးမရသေးချိန် ကူးစက်မြန် အိုမီခရွန် ကိုဗစ်မျိုးကွဲက ကမ္ဘာပတ်နေပြီပဲဖြစ်ပါတယ်။ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူတွေမှာ ကူး စက်ခံရရင်ပဲ အပြင်းအထန် ခံစားရမှု နည်းပါးပါတယ်။ လူများများ ထိုးနှံထားပြီဆိုရင် ထင်သလောက် မပြင်းထန်ဘဲ ထိန်းကွပ်နိုင်မှာဖြစ်ပါတယ်။ ကပ်ရောဂါ ထကြွကနေမှုကို ထိန်းကွပ်ပေးဖို့လိုပါတယ်။ ကာ ကွယ်ဆေးကြောင့်ဖြစ်စေ၊ ကူးစက်ခံရမှုကြောင့် ဖြစ်စေရရှိလာတဲ့ ကိုယ်ခံစွမ်းအားဟာ ဘယ်အချိန်လျော့ သလဲဆိုတာ အတိအကျပြောဖို့ခက်ပေမဲ့ နောက်ထပ် စွမ်းဆောင်ရည်မြင့် ဗိုင်းရပ်မျိုးကွဲသစ်တွေ ထွက် ပေါ်လာနိုင်လို့ ကပ်ရောဂါအဆုံး သတ်ကာလကို မျှော်မှန်းရခက်လှပါတယ်။ အချို့ပညာရှင်တို့က ကိုဗစ် ကပ်ရောဂါဟာ(၄-၅)နှစ်ဆက်ပြီး နေသွားမယ်။နောက်ပိုင်းတုပ်ကွေး ဗိုင်းရပ်လိုနှစ်စဉ်ဖြစ်နိုင်တယ်။ကာ ကွယ်ဆေးနှစ်တိုင်း ထိုးလာရဖို့ရှိတယ်။ လူတွေကခံနိုင်ရည်ရှိသွားရင် သာမန်အအေးမိနှာစေး ရောဂါ လောက်ပဲ သဘောရောက်သွားနိုင် တယ်လို့ မျှတစွာလေ့လာ ပြောဆိုနေကြပါတယ်။

ဒယ်တာမျိုးကွဲဟာ မူရင်းဝူဟန်ကိုဗစ်ပိုးထက် သုံးဆကျော်ကူး စက်မှုမြန်ဆန်ပါတယ်။ ဒယ်တာ မျိုးကွဲဟာနိုင်ငံ အတော်များများကို ကူးစက်ပျံ့နှံ့ပြီးဖြစ်ပါတယ်။ဗြိတိန်နိုင်ငံမှာ ၂၀၂၁ ခုနှစ် မေလကတည်းက အဓိက ပျံ့နှံ့ဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံးအနှံ့ ကူးစက်စေခဲ့ပါတယ်။ တစ်နိုင်ငံလုံးရောဂါကာကွယ်ဆေး အမြင့်ဆုံး ထိုးနှံပြီးဗြိတိန် နိုင်ငံမှာ ကူးစက်မှုဦးရေများပြားလာတာကလည်း ထူးဆန်းနေပြန်ပါတယ်။ သည်တစ်ခါ အိုမီခရွန်မျိုးဗီဇကွဲမှာလည်း ကူးစက်ခံရတာများပါတယ်။

အချို့ပညာရှင်တို့က နောက်ထပ် ကိုဗစ်လှိုင်းတွေ ထပ်လာဦးမယ် လို့ခန့်မှန်းကြပါတယ်။ ကာကွယ် ဆေးတွေဟာ ကူးစက်ခံရတဲ့တိုင်အောင် ဆေးရုံတက်ကုသရမှု၊ အောက်ဆီဂျင် ရှူရမှု၊ အသည်း အသန်လူနာဖြစ်မှုကင်းဝေးစေပြီး ရောဂါပြင်းထန်မှု လျှော့ချနိုင်တာကြောင့် ယခင်ဖြစ်ပွားခဲ့တဲ့ လှိုင်း တွေလောက် မပြင်းထန်နိုင်ကြောင်း သုံးသပ်ကြပါတယ်။ ကိုဗစ်လှိုင်းတွေကြောင့် အသက်ကြီးသူတွေ၊ အသက် ငယ်ရွယ်လွန်းသူတွေနဲ့ နာတာရှည် ရောဂါအခံရှိသူတွေ သေဆုံးနှုန်းကတော့ အတိုင်းအတာတစ်ခုအထိ ပြင်းထန်နိုင်ပါသေးတယ်။ ကိုဗစ် ရောဂါနာကျင်မှုတွေ၊ ကျန်းမာရေးစနစ် ဖရိုဖရဲဖြစ်နိုင်မှုတွေလည်း ရှိ နေနိုင်ပါသေးတယ်။

ဗြိတိန်နိုင်ငံမှာ ဆောင်ရွက်ခဲ့တဲ့ရောဂါ ကိုယ်ခံစွမ်းအားထွက်ရှိမှု လေ့လာမှုစစ်တမ်းတစ်ရပ်မှာ ၉၃ ရာခိုင်နှုန်းဟာ ပဋိပစ္စည်း (Antibody) များထွက်ရှိပြီးဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဗြိတိန်မှာလာမယ့် နွေဦးကာလမှာ ဒယ်တာ ကိုဗစ်လှိုင်းလို အပြင်းအထန် မဖြစ်ပွားလည်း နေရာဒေသတစ်ဝိုက်သာ အိုမီခရွန် ကိုဗစ်လှိုင်း (Endemic Phase)ရောက်ရှိနိုင်တော့မှာဖြစ်ကြောင်း ပညာရှင်တွေသုံးသပ်ထားပါတယ်။

ဗြိတိန်အနေနဲ့ အချက်နှစ်ချက်ဖြစ်တဲ့ ကာကွယ်ဆေးထိုးနှံမှု ရာခိုင်နှုန်းအလွန်မြင့်မားခြင်းနဲ့ ဒယ်တာ မျိုးကွဲ တစ်နိုင်ငံလုံး အတိုင်းအတာ ကူးစက်ခံရခြင်းတွေကြောင့် ကိုဗစ်ရောဂါကို ကပ်ရောဂါအသွင်ကနေ ဒေသတွင်းကူးစက်လေ့ရှိတဲ့ နေရာတစ်ဝိုက်အသွင် အမြန်ဆုံးပြောင်းလဲနိုင်မယ့် နိုင်ငံအဖြစ် ပညာရှင်များ ရှုမြင်နေဆဲဖြစ်ပါတယ်။ ကိုဗစ် ကိုယ်ခံစွမ်းအားကို ကာကွယ်ဆေး ထိုးနှံမှုမှဖြစ်စေ၊ ကူးစက်ခံရမှုမှဖြစ်စေ ရရှိနိုင်တာကြောင့် အကောင်းဘက်က ရှုမြင်ကြပါတယ်။

လူအများအပြား ကူးစက်ခံရမှုတွေ၊ မလွှဲမရှောင်သာ အသက်ဆုံးရှုံးမှုတွေလည်း ရှိနေနိုင်ပါတယ်။အများပြည်သူအတွင်း ဗိုင်းရပ်ကူးစက်မှုတွေ အထိန်းအကွပ်မဲ့ ဖြစ်ပွားနေခြင်းဟာ ဒယ်တာ၊ အိုမီခရွန်ဗီဇမျိုးကွဲတွေ ပေါ်ထွက်လာစေနိုင်တဲ့ အန္တရာယ်လည်းကြီးပါတယ်။ ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးတာတောင် ကိုဗစ်မျိုးကွဲတွေကြောင့် ရောဂါပြင်းထန်မှု ဖြစ်စေတတ်ကြောင်း တွေ့ရှိထားပါတယ်။ ယခု အိုမီခရွန် (Omicron) မျိုးကွဲကြောင့် ဗြိတိန်ကြုံနေရပါပြီ။ ဒယ်တာထက် ကူးစက်မှုပိုမြန်တာ၊ အများပြည်သူမှာ ကိုဗစ်ပိုးပဋိပစ္စည်း (Antibody) ရှိထားတာကြောင့် ဗိုင်းရပ်အပြင်းအထန် ပျံ့နှံ့ကူးစက်မှုကနေ ကင်း လွတ်လာနိုင်ပါတယ်။

မျိုးကွဲသစ်တွေ ထွက်လာမှုက အထူးအဆန်းတော့မဟုတ်ပါဘူး။တုပ်ကွေး (Influenza) ဗိုင်းရပ်ကာ ကွယ်ဆေးကို တစ်နှစ်တစ်ကြိမ်ထိုးနှံ နေရတာဟာ တုပ်ကွေးဗိုင်းရပ်ဗီဇ ပြောင်းလဲသွားလို့ဖြစ်ပါတယ်။ကြာ လာရင် ကိုဗစ်ရောဂါလည်း တုပ်ကွေးလိုလူတွေ ခံနိုင်ရည်ရှိလာပြီး အချို့ရောဂါဖြစ်မှန်းပင်မသိလိုက်၊ ကာကွယ်ဆေးမထိုးလိုက်ရဘဲ ရောဂါကနေ ကျော်လွန်သွားမယ့် သဘောရှိတယ်လို့ သုံးသပ်ကြပါတယ်။ ပုံမှန်ကာကွယ်ဆေးထိုးနှံနိုင်လို့ အကြောင်းမရှိပေမဲ့ ကာကွယ်ဆေးမထိုးနှံတဲ့ နိုင်ငံတွေမှာ ကိုဗစ်ရောဂါ ကသောင်းကနင်းဖြစ်စဉ်လေးတွေ ရှိနေနိုင်ပါသေးတယ်။ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေအပေါ်မှာလည်း ကိုဗစ်ဖိအား ဒဏ်သက်ရောက်နေဦးမှာဖြစ်ပါတယ်။

ကိုဗစ်နဲ့မျိုးကွဲများအန္တရာယ်မှ ကာကွယ်နိုင်ဖို့ လူတိုင်း နှာခေါင်းစည်း (Surgical Mask) တပ်ဆင်ဖို့ လိုပါတယ်။ လက်ကိုဆပ်ပြာ၊ ရေတို့ နဲ့စက္ကန့် ၂၀ ကျော်ကြာပွတ်တိုက် ဆေးကြောဖို့လိုပါတယ်။ လူတစ်ဦး နဲ့တစ်ဦး ပျမ်းမျှလူမှုအကွာအဝေး ခြောက်ပေခြားသင့်ပါတယ်။ လူစုလူဝေးရှောင်သင့်ပါတယ်။ လူတိုင်း ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံ ထားဖို့လိုအပ်ပါတယ်။

ဆိုလိုတာက ကမ္ဘာကြီးမှာ ကနဦး ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ် လူတိုင်းထိုးနှံပြီးစီးမှု အချိုး တိုးတက်လာပြီးမှသာ အားဖြည့်ထိုးနှံခြင်းများ လုပ်ဆောင်သင့်ပါတယ်။ ကမ္ဘာကြီးဟာရွာကြီးတစ် ရွာဖြစ်နေတာ ကူးလူးဆက်ဆံမှုများ လာပါပြီ။ ကြိုတင်ကာကွယ်ဆေးတွေနဲ့ ကိုဗစ်ဗိုင်းရပ် နာလန်မထူ အောင်လုပ်ဖို့နဲ့ ယဉ်ပါးလာစေဖို့ ခက်ခဲနေပါတယ်။ မရေမတွက်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်မလာအောင် မျိုးကွဲဗီဇတိုင်း အတွက် ကိုဗစ်ကြိုတင်ကာကွယ်ဆေး ထုတ်လုပ်လာသင့်သလို တုပ်ကွေးရောဂါလို တစ်နှစ်တစ်ကြိမ် လူတိုင်းထိုးနှံဖို့ လိုအပ်လာမှာဖြစ်ပါတယ်။ ကိုဗစ်ရောဂါဟာ လူသားနဲ့ အတူယှဉ်တွဲ နေထိုင်လာပြီး ယဉ်ပါး လာရင် ကမ္ဘာကြီး ပြန်လည်နာလန် ထူလာမှာဖြစ်ပါတယ်။ ခုတော့ အိုမီခရွန်ကိုဗစ်မျိုးကွဲက ပျံ့နှံ့နေဆဲဖြစ် ပါတယ်။            

Most Read

Most Recent