ကိုဗစ်ကြောင့် ကိုယ့်နိုင်ငံ စီးပွားရေး ကိုယ်တိုင်ဖြေရှင်း၊ ကိုယ့်ပြဿနာ ကိုယ်တာဝန်ယူနည်းနဲ့ စီးပွားရေးကုစားမှု နည်းလမ်းပေါင်းစုံနဲ့ နိုင်ငံအစိုးရတိုင်း ရင်ဆိုင်ဖြေရှင်းနေကြရပါတယ်။ ဒီလိုစီးပွားရေး ကုစားမှုနည်းလမ်းတိုင်းမှာ တူညီချက်ကတော့ ဘတ်ဂျက်လိုငွေကို ဂရုမစိုက်တော့ဘဲ အစိုးရက ငွေစိုက်ထုတ်သုံးစွဲမှု ပိုမိုတိုးမြှင့်မယ်၊ ဖြစ်လာမယ့် အင်ဖလေးရှင်းကို ရဲရဲရင်ဆိုင်မယ့်အချက်ပဲ ဖြစ်ပါတယ်။
အရင်က မြန်မာကိုဗစ်စီးပွားရေးပြန်လည်ထူထောင်မှုနဲ့ပတ်သက်ပြီး ငွေကြေးကဏ္ဍ လှုံ့ဆွမှုလုပ်ငန်းစဉ်ငါးရပ် ထားရှိဆောင်ရွက်မယ်လို့ ကိုဗစ်စီးပွားရေးပလန်မှာ ဖော်ပြထားပါတယ်။ အဲဒါတွေကတော့ (၁) အတိုးနှုန်းချမယ်၊ (၂) သီးသန့်ငွေသားအချိုး လျှော့ချမယ်၊ (၃) ချေးငွေလေလံစနစ် အကောင်အထည် ဖော်မယ်၊ (၄) လိုငွေဖြည့်တင်းဖို့ ဗဟိုဘဏ်ငွေထည့်ဝင်မှု တိုးမြှင့်မယ်၊ (၅) အစိုးရငွေတိုက်စာချုပ်/လက်မှတ် လေလံရောင်းချမှု လျှော့ချမယ်ဆိုတဲ့ အပိုင်းငါးခုကို စီးပွားရေးရည်မှန်းချက် အမှတ်စဉ် (၁) ထဲ ထည့်သွင်းထားတယ်။ ဒီနည်းလမ်းငါးမျိုးစလုံးမှာ ဘယ်နည်းလမ်းတွေကို အကောင်အထည်ဖော်ပြီးပြီလဲ။ ထိရောက်မှု၊ အောင်မြင်မှု၊ ငွေကြေးကဏ္ဍအခြေအနေ ဘယ်အဆင့်ရောက်နေပြီလဲဆိုတာ ဆန်းစစ်ပြီးတော့ စီးပွားရေး ကုစားမှု ရေတိုနည်းလမ်းတွေ ကြံဆဆောင်ရွက်ဖို့ လိုတယ်ဆိုတာ တင်ပြပါရစေ။
(၁) အတိုးနှုန်း လျှော့ချ
ပြီးခဲ့တဲ့ကာလတုန်းက ဗဟိုဘဏ် အတိုးနှုန်း သုံးရာခိုင်နှုန်း လျှော့ချခဲ့ပေမဲ့ စျေးကွက်ကတော့ ကြွတက် မလာခဲ့ဘူး။ လက်ရှိငွေကြေးကဏ္ဍ အခြေအနေအားလုံးအရ အတိုးနှုန်း လက်နက်ဟာ အလုပ်မဖြစ်ဘူးလို့ ယူဆရတယ်။ အတိုးနှုန်းချလိုက်ခြင်းဟာ စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြင့်မယ်၊ ချေးငှားပေါင်နှံပြီး စီးပွားရေးခွင်ထဲ အလုပ်သစ်တွေပေါ်လာမယ်၊ စျေးကွက်ထဲ ငွေတွေ များနေရမယ်၊ ဝယ်လိုအား တက်လာရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ဖြစ်ပါတယ်။ အတိုးနှုန်းချလိုက်မှုဟာ ဘဏ်ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး အကြွေးပိနေတဲ့ NPL အတွက် သီးသန့် ဖြစ်နေသလားဆိုတာတော့ မေးခွန်း ထုတ်စရာဖြစ်ပါတယ်။ အမှန်က NPL တွေကို သက်တမ်း ငါးနှစ်လောက် ကြွေးမြီကင်းလွတ်ခွင့်ပေးလိုက်တာက ပိုကောင်းပါလိမ့်မယ်။ လက်ရှိအချိန်မှာ အတိုးနှုန်းထက် ပေါပေါများများ ချေးငွေထုတ်ယူနိုင်ခွင့်၊ ချေးငွေ ဆိုင်ရာကန့်သတ်ချက် မူဝါဒတချို့ ဖြေလျှော့မှုတို့နဲ့ဆိုင်တဲ့ ချေးငွေတိုးချဲ့မှုလုပ်ငန်းစဉ်တို့ကသာ စျေးကွက်ကြွတက်မှုအတွက် အလုပ် ဖြစ်မယ်ထင်ပါတယ်။
အခုထိ အတိုးနှုန်းချလိုက်ပေမဲ့ ပြည်တွင်းပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအပိုင်းနဲ့ ထုတ်လုပ်မှုအပိုင်းက တက်မလာပါဘူး။ နိုင်ငံရေးအခြေအနေနဲ့ ထပ်မံချည်နှောင်လိုက်တော့ ဘယ်လုပ်ငန်းရှင်ကမှ လုပ်ငန်း မတိုးချဲ့ကြတော့တာကို ရင်ဆိုင်လိုက်ရတယ်။ ဒီကြားထဲ မြို့ပြစီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်း၊ အရောင်းအဝယ်တွေရပ်ဆိုင်း၊ ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်နားလိုက်ရတဲ့အခါ အလုပ်လက်မဲ့ပြဿနာ တစ်ပူပေါ်နှစ်ပူဆင့်၊ အလုပ်လက်မဲ့ကနေ လူထုဝယ်လို အားဘက် မဖန်တီးနိုင်တော့ ထုတ်လုပ်မှုတွေရပ်၊ လုပ်ငန်းတွေဆက်ပြီး ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်ခဲ့ဘူး။ ဒီလိုနဲ့ သံသရာလည်နေသလိုမျိုး။ အဆိုးဘက်ကပြောရရင် ဘတ်ဂျက်ကနေ အသုံးစရိတ်တွေ တိုးမြှင့်သုံးစွဲပြီး အယောင်ပြ မြို့ပြစီမံကိန်းတွေကြောင့် ယိုဖိတ်မှုတွေများ၊ ပိုက်ဆံပိုသုံးရ၊ လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တော့ အခွန်ရငွေတွေ ကျဆင်း၊ ဝင်ငွေနည်းလို့ ဘတ်ဂျက်လိုငွေကို မထိန်းနိုင်၊ အင်ဖလေးရှင်းနဲ့ ငွေလဲနှုန်းကျ၊ စီးပွားရေးရာသီဥတုက မတည်ငြိမ်ဆိုတော့ အတိုးနှုန်းချလိုက်ပေမဲ့ စျေးကွက် ကြွတက်မလာတာ လက်တွေ့ မျက်မြင်ပါပဲ။
(၂) သီးသန့်ငွေသားအချိုး လျှော့ချ
မကြာခင်က ဗဟိုဘဏ်ဟာ သီးသန့်ငွေသားအချိုးလျှော့ချပြီး ငွေကြေးကယ်တင်မှုနည်းလမ်းတစ်ခု စတင်လာပါတယ်။ သီးသန့်ငွေသား လျှော့ချပေးတဲ့နည်းလမ်းဟာ ပုဂ္ဂလိကဘဏ်တွေမှာ ငွေတိုးလာဖို့၊ ငွေများလာဖို့ အဲဒီတိုးလာတဲ့ငွေကနေ လူထုလက်ထဲ ချေးငွေဖန်တီးပြီး ပြန်ထည့်ပေးဖို့ဆိုတဲ့ ခပ်ရိုးရိုးနည်းလို့ သဘောထားရအောင်။ အရင်က ဗဟိုဘဏ်ရဲ့ သီးသန့်ငွေသားအချိုးဟာ ရာခိုင်နှုန်း၂၀ (၁၅/၅) ဖြစ်ပါတယ်။ ပြည်သူက ပုဂ္ဂလိကဘဏ်မှာ ငွေသိန်း ၁၀၀ အပ်မယ်ဆိုရင် ဗဟိုဘဏ်ကို သိန်း ၂၀ ထည့်ပေးရတဲ့သဘောပါ။ ဒီနည်းက အလုပ်ဖြစ်မဖြစ်တော့ မသိ၊ သီးသန့်ငွေသားအချိုး လျှော့ချတဲ့ ရက်သတ္တပတ်ပြီးနောက် ဘဏ်တွေ နဂိုပုံမှန်အတိုင်းပဲ Run နေကြတယ်လို့မြင်တယ်။ ပုဂ္ဂလိကဘဏ်တွေက ထူးပြီး ငွေထုတ်ပေးတာတို့၊ ချေးငွေဖန်တီးတာတို့ မလုပ်နိုင်သေးတာ အထင်းသားမြင်နေရပါတယ်။ လူထုအပ်ထားတဲ့ အရင်ဘဏ် အကောင့်ဟောင်းထဲက ငွေကိုတောင် ကျေနပ်တဲ့အထိ ထုတ်မပေးသေးနိုင်တာ အထင်းသားပါ။ ဒါကြောင့်လည်း အပြင်မှာ ငါးရာခိုင်နှုန်းနှင့် အထက်နဲ့ စီးပွားဖြစ်နေတဲ့ ငွေလွှဲလုပ်ငန်းတွေ ပန်းပန်လျက်ရှိနေတာ ဖြစ်ပါတယ်။
အမှန်က သီးသန့်ငွေသားလက်နက်ဟာ အထိရောက်ဆုံးဖြစ်ပေမဲ့ သီအိုရီအရ စျေးကွက်တုံ့ပြန်မှု အရှိန်နည်းတယ်လို့မြင်တယ်။ သီးသန့်ငွေသားလျှော့ချပေမဲ့ စျေးကွက်အပေါ် သက်ရောက်မှုဟာ ခြောက်လလောက်ကြာမှ သိရတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ ဒါကလည်း သီးသန့်ငွေသား လျှော့ချလိုက်လို့ ဘဏ်ချေးငွေ ဖန်တီးမှုအားကောင်း မကောင်းအပေါ် အခြေတည်တွက်ချက်ရတာပါ။ အခုထိတော့ ဘဏ်တွေ ငွေရွှင်လာမလား စောင့်ကြည့်နေရဆဲဖြစ်ပါတယ်။ ပြဿနာက ဘဏ်ကိုယ်တိုင် ငွေကျပ်မှုနဲ့ အမှန်တကယ်ကြုံနေပြီလား၊ နိုင်ငံရေးကြောင့် ဘဏ်အတွက် Risk များလွန်းလို့ ဘဏ် ဘာမှမလုပ်ဘဲ ထိုင်နေကြတာလား၊ တခြား NPL ကြောင့် ချေးငွေပြန်မဆပ်ကြတဲ့ အကျပ်အတည်းကနေ ဖြစ်နေတဲ့ပြဿနာလား အဖြေရှာရပါလိမ့်မယ်။ သီးသန့်ငွေသားအချိုး လျှော့ချလိုက်ပေမဲ့ ဘဏ်တွေ ချေးငွေဖန်တီးမှု လုံးဝမလုပ်နိုင်ရင်လည်း အချည်းနှီးသာဖြစ်ပါလိမ့်မယ်။ ၂၀၀၈ အမေရိကန်ဘဏ္ဍာရေး အကျပ်အတည်းလိုမျိုး ဆိုရင်တော့ ငွေကြေးလက်နက်က ထိရောက်မယ်မထင်ပါဘူး။ စျေးကွက်ထဲ အစိုးရ ကမကထ လုပ်ပြီး Bailout လုပ်တဲ့နည်းကပဲ ရွေးချယ်စရာလိုမြင်ပါတယ်။
(၃) ချေးငွေလေလံစနစ်
တတိယလက်နက်၊ ချေးငွေ လေလံစနစ် လိုအပ်တယ်လို့ ဆိုထားတယ်။ ချေးငွေလေလံစနစ်ဟာ ဘဏ်တွေနဲ့ ငွေကြေးကဏ္ဍမှာရှိတဲ့ ငွေဖြစ်လွယ်မှု မြင့်တက်လာဖို့အတွက် ဆေးထိုးပေးမယ် (Inject) လို့ ဆိုထားပေမဲ့ လက်တွေ့မြေပြင်မှာ ချေးငွေလေလံအကြောင်း လက်လှမ်းမမီလို့ပဲလားမသိ၊ ဘာမှမကြားမိသေးပါဘူး။ ချေးငွေလေလံစနစ်နဲ့ပတ်သက်ပြီး ပြည်သူတွေ၊ ကုမ္ပဏီလုပ်ငန်းတွေ အကျွမ်းတဝင်ရှိအောင်လည်း ကြိုတင်ဖန်တီးပေးရပါလိမ့်မယ်။ ချေးငွေလေလံစနစ် ဖန်တီးဖို့ဆိုတာ တစ်ဖက်မှာ အရင်းအနှီးစျေးကွက်၊ ငွေကြေးစျေးကွက်က ဖွံ့ဖြိုးမှုအရန်သင့် ရှိနေရလိမ့်မယ်လို့ မြင်ပါတယ်။
အရင်းအနှီးစျေးကွက်၊ စတော့ရှယ်ယာစျေးကွက်၊ ငွေကြေးစျေးကွက်ထဲ သွတ်သွင်းဖို့ မြန်မာ့စီးပွားရေးလုပ်ငန်းတိုင်း မိရိုးဖလားအဆင့်ကနေ ကော်ပိုရိတ်အသွင်ပြောင်းပေးရပါလိမ့်ဦးမယ်။ အများပိုင်လုပ်ငန်း အသွင်ပြောင်းဖို့၊ ကော်ပိုရေးရှင်းအသွင်ပြောင်းဖို့ မြန်မာကုမ္ပဏီတွေ စာရင်းအင်းသဘောတရား၊ ငွေကြေးစီမံခန့်ခွဲမှု၊ တန်ဖိုးတွက်ချက်မှုစတဲ့ နိုင်ငံတကာကုမ္ပဏီကျင့်စဉ်တွေကို ပြောင်းပေးရဦးမှာဖြစ်ပါတယ်။ မြန်မာအများစုရဲ့ ကုမ္ပဏီတိုင်းဟာ မိသားစုပိုင်လုပ်ငန်းအဆင့်ကနေ တက်မလာကြပါ။ မြန်မာကုမ္ပဏီလုပ်ငန်းအများစုဟာ ပို့ကုန်သွင်းကုန်၊ ကုန်သည်ဆန်ဆန် စီးပွားရေး လုပ်ငန်းအများစုသာဖြစ်နေတာကလည်း စတော့ရှယ်ယာတန်ဖိုးတွက်ချက်မှု၊ ကုမ္ပဏီရဲ့တန်ဖိုး စတဲ့ကိစ္စမှာ စကားပြောစရာရှိနေပါတယ်။ ထုတ်လုပ်မှုကို ကိုယ်စားပြုတဲ့ မြန်မာကုမ္ပဏီအဖြစ်ကိုယ်စားမပြုနိုင်သရွေ့၊ တစ်ဖက်မှာ အစိုးရကိုယ်တိုင် ပရောဂျက်ကြီး ကြီးတွေ ဖန်တီးပြီး ပုဂ္ဂလိကအရင်းနဲ့ ဆောင်ရွက်တဲ့နည်းတွေ မလုပ်ဆောင်သေးသရွေ့ မြန်မာကုမ္ပဏီတွေရဲ့အဆင့်ဟာ ကကြီးခခွေးအဆင့်ကနေ တက်လာစရာအကြောင်း မရှိပါဘူး။ ဒါကြောင့် စတော့တွေ၊ ရှယ်ယာတွေကနေ အရင်းအနှီးစျေးကွက်၊ ငွေကြေးစျေးကွက်ထဲ တက်လှမ်းဖို့ အလှမ်းကွာနေဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ချေးငွေလေလံစနစ် တစ်ခုတည်းဟာ မြန်မာကုမ္ပဏီအများစု၊ မြန်မာ့စီးပွားရေးလုပ်ငန်းအများစုနဲ့ အပ်စပ်မလားဆိုတာ ချိန်ဆရပါလိမ့်မယ်။
(၄) လိုငွေဖြည့်တင်းဖို့ ဗဟိုဘဏ်ငွေထည့်ဝင်မှု တိုးမြှင့်မယ်
နံပါတ် (၄) လက်နက်ဖြစ်တဲ့ ဗဟိုဘဏ် ၂၀၂၀ အကုန် ဘတ်ဂျက်လိုငွေဖြည့်ဆည်းမှု အရှိန်မြှင့်မယ်လို့ ဆိုထားတယ်။ ဒီလိုငွေဖြည့်ဆည်းမှု အရှိန်မြှင့်တဲ့နေရာမှာ ငွေကြေးပမာဏနဲ့အတူ အထူးပြုထားတဲ့ကဏ္ဍတွေ တိုးတက်မှုဟာ ဟန်ချက်ညီ ဖြစ်နေစေရမယ်လို့ ဆိုထားတယ်။ ပေါ်လစီအရ ပြောရင် သိပ်ကောင်းတဲ့ အစီအစဉ်ပါ။ ဘတ်ဂျက်လိုငွေဖြည့်ဆည်းမှုအရှိန်မြှင့်မယ်ဆိုတာ အစိုးရလိုငွေပြသလောက် ပိုက်ဆံပိုထုတ်မယ်ဆိုတဲ့ ဥပမာပါပဲ။ ဘတ်ဂျက်လိုငွေကြောင့် ငွေဖြည့်ဆည်းမှုအရှိန်မြင့်သလို အခြားအထူးပြုကဏ္ဍတွေ တိုးတက်မှုဟာ ဟန်ချက်ညီရမယ်ဆိုတာ ဘတ်ဂျက်လိုငွေတိုးသလောက်၊ ငွေဖြည့်ဆည်းမှု အရှိန်မြင့်သလောက် တစ်ဖက်က ကုန်ထုတ်လုပ်မှု တိုးတက်လာရမယ်၊ လမ်းတံတား စတဲ့ အခြေခံအဆောက်အအုံတွေ ပြည့်ဖြိုးလျှံထွက်လာမယ်၊ အလုပ်လက်မဲ့ နည်းလာရမယ်၊ လူထုဝင်ငွေ မြင့်တက်လာရမယ်၊ အဲဒီကနေ ဝယ်လိုအားမြင့်လာရမယ်။ ဝယ်လိုအား မြင့်လို့ ထုတ်လုပ်မှုတိုးလာရမယ်၊ ပို့ကုန် တိုးမြင့်လာရမယ်၊ ရင်းနှီးမြှုပ်နှံမှု တိုးလာရမယ်၊ စုဆောင်းမှု တိုးလာရမယ်၊ ထုတ်လုပ်မှု တိုး၊ ဝယ်လိုအား တိုးလို့ အစိုးရအခွန်ရငွေ တိုးရလာရမယ်ဆိုတဲ့ ဟန်ချက်ညီ စီးပွားရေး ဖြစ်စဉ်ကိုပြောတာ ဖြစ်ပါတယ်။
ဒီနေရာမှာ ဘတ်ဂျက်တိုးတိုင်း၊ လိုငွေကို ဗဟိုဘဏ်က ဖြည့်ဆည်းရတိုင်း အလုပ်မဖြစ်ခဲ့တဲ့ အဓိက ကျောရိုးကတော့ အစိုးရယန္တရား ကိုင်တွယ်ဆောင်ရွက်နေတဲ့ ဗျူရိုကရက် စွမ်းဆောင်ရည်နဲ့ အကျင့်ပျက်ခြစားမှု ဖြစ်စဉ်ပဲဖြစ်ပါတယ်။ ဘတ်ဂျက်လို ငွေတိုးလာတိုင်း အစိုးရအရွယ်အစားကြီးကြီးလာ၊ အစိုးရလက်တံကြီး ကြီးလာပြီး တစ်ဖက်မှာ ဆန့်ကျင်ဘက်အနေနဲ့ ဗျုရိုကရက်စွမ်းဆောင်ရည်ကတော့ ကျဆင်းလာလာ၊ အကျင့်ပျက်မှု တိုးတိုးလာလာ၊ ယိုဖိတ်မှုတွေ တိုးတိုးလာတဲ့ အညမညဖြစ်စဉ်ကို သတိပြုမိစေချင်ပါတယ်။ ငွေပစ်ထည့်ပြီး စီးပွားရေးတိုးတက်အောင် လုပ်ပေမဲ့ ဗျုရိုကရေစီကြောင့် ကျဆုံးသွားရတာကို သတိပြုသင့်ပါတယ်။
ဒါကြောင့်ဘတ်ဂျက်လိုငွေ တိုးတိုင်းတိုးတိုင်း ဗျုရိုကရေစီ ကျစ်လျစ်မှု တိုးတိုးလုပ်ရမယ်။ Good Govermance ကိစ္စ တိုးမြှင့်လုပ်ဆောင်ရပါမယ်။ လိုငွေတိုးသုံး Govermance ပိုလုပ်ဆိုတဲ့သဘောပါ။ ဒီလိုချိန်ခွင်ရဲ့ တစ်ဖက်စီကို တစ်ပြိုင်နက်တည်း ကိုင်တွယ်မှသာ လိုငွေဖြည့်တင်းဖို့ ဗဟိုဘဏ်ငွေထည့်ဝင်မှု တိုးမြှင့်ဆိုတဲ့နည်းက အောင်မြင်ပါလိမ့်မယ်။
(၅) အစိုးရငွေတိုက်စာချုပ်/ လက်မှတ်လေလံ ရောင်းချမှုလျော့ချ
ငွေတိုက်လက်မှတ်ငွေတိုက်စာ ချုပ်လေလံတင်ရောင်းချမှု လုပ်ငန်းစဉ်ကတော့ လက်ရှိအခြေအနေမှာ အလုပ်ဖြစ်စရာအကြောင်း မမြင်တော့ပါဘူး။ များသောအားဖြင့် လေလံရောင်းချတဲ့ပမာဏ တော်တော်များများကို ဗဟိုဘဏ်က ဝယ်ယူရတာများပြီး နောက်ပိုင်းမှ ပုဂ္ဂလိကဘဏ်ဝယ်ယူမှုနဲ့ တစ်ဦးချင်းဝယ်ယူမှု ဖြစ်လာတာ မကြာသေးပါဘူး။ ပုဂ္ဂလိကတစ်ဦးချင်း ငွေတိုက်လက်မှတ် ငွေတိုက်စာချုပ် ဝယ်ယူဖို့ဆိုတာ ဒီလိုကာလမှာ ပိုပြီး အလှမ်းဝေးသွားပါပြီ။ ဘတ်ဂျက်လိုငွေများနေတဲ့ အချိန်၊ အစိုးရ ရငွေလျော့နည်းနေတဲ့ အချိန်မှာ အစိုးရငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ် လေလံရောင်းချမှု လျှော့ချမယ့် လုပ်ငန်းစဉ်ဟာ စီးပွားရေးကျဆင်းနေမှု၊စျေးကွက်ထိုင်းနေမှုဖြစ်နေတဲ့ ဒီလိုအချိန်မှာ ရေနစ်ရာ လှံနဲ့ထိုးသလို ထပ်ဖြစ်လာနိုင်စရာ ရှိပါတယ်။ ပိုက်ဆံ ဘယ်ကရှာမလဲ၊ ဘယ်လိုရှာမလဲ။
လိုငွေဖြည့်ဖို့ တခြားနည်းလမ်း မရှိလို့ ဒီအချိန် ငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ် တိုးချဲ့ထုတ် ရောင်းရမယ်လို့ပဲ မြင်ပါတယ်။ ဘယ်သူတွေကို ရောင်းမှာလဲ၊ ဘယ်လိုနည်းလမ်းနဲ့ ရောင်းမှာလဲဆိုတဲ့နည်းဗျူဟာအပိုင်းက အရေးကြီးလာပါပြီ။ ရောင်းလို့ရနိုင်တဲ့နည်းတစ်ခုတော့ ရှိပါတယ်။ ပုဂ္ဂလိက တချို့လက်ထဲ ဂိုဒေါင်ထဲ အောင်းထားတဲ့ ငွေတွေကနေ အစိုးရငွေတိုက်စာချုပ်ငွေတိုက် လက်မှတ်တွေ မဖြစ်မနေ ဝယ်ယူရအောင် အတင်းအကျပ်စီစဉ်တဲ့ နည်းဖြစ်ပါတယ်။ ပုဂ္ဂလိက ဂိုဒေါင်ထဲ အောင်းနေတဲ့ ငွေသေတွေ စာချုပ်လက်မှတ်အဖြစ် အသွင်ပြောင်းဖို့ အစိုးရကိုယ်တိုင်က အခြားမက်လုံးတွေ စီစဉ်ပေးသင့်ပါတယ်။ စာချုပ်လက်မှတ်ဝယ်ယူသူတွေကို ပရောဂျက်ကြီးတွေချပေးတာမျိုး၊ အခွန်ကင်းလွတ်ခွင့် ကာလတစ်ခုအထိ သတ်မှတ်ပေးတာမျိုး၊ ပြည်တွင်း ပြည်ပ ထွက်ခွာတဲ့နေရာမှာ အထူးအရေးကြီးပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုပေးလိုက်တာမျိုး၊ အစိုးရရဲ့ PPP လုပ်ငန်းတွေမှာ အစုရှယ်ယာဝင်ခိုင်းတာမျိုး၊ ဖော်ထုတ်ပြီးသား မြေလွတ် မြေရိုင်းတွေအပေါ်မှာ စီမံကိန်းအကြီးကြီးတွေ အကောင်အထည် ဖော်ခိုင်းတာမျိုးနဲ့ အပေးအယူ လုပ်မယ်ဆိုရင် ငွေသေတွေဟာ အစိုးရ ငွေတိုက်လက်မှတ်၊ စာချုပ်တွေအဖြစ် အပြင်ထွက်လာပြီး ငွေရှင်တွေ ဖြစ်သွားနိုင်စရာ ရှိပါတယ်။ ငွေသေကနေ စာချုပ်လက်မှတ်အဖြစ် အသွင်ပြောင်း၊ စီမံကိန်းအကြီးကြီးနဲ့ ကုမ္ပဏီတွေကို မက်လုံးပေး၊ ကုမ္ပဏီတွေဟာ စတော့ရှယ်ယာ၊ အများပိုင်အဖြစ် စတော့အိတ်ချိန်းမှာ မှတ်ပုံတင်၊ လူထုက အဲဒီရှယ်ယာတွေ ပြန်ဝယ်၊ ဒီလို လှည့်ပတ်မှုမှန်သွားရင် စီးပွားရေး ထိုးတက်လာမှာ ဖြစ်ပါတယ်။ အစိုးရစိုက်ရမှာက ငွေတိုက် စာချုပ်/လက်မှတ်အတွက် အတိုးနှုန်း ကျခံခြင်းတစ်ခုသာ စိုက်ရမှာပါ။ အချိန်ကာလတစ်ခု ကန့်သတ်ပြီး ငွေသေနဲ့ စာချုပ်လက်မှတ် လဲလိုက်ရင် စျေးကွက်ထဲ ငွေရွှင်လာမယ်၊ ငွေသွက်လာပြီး စျေးကွက်ဟာပြန်လည်ပတ်လာပါလိမ့်မယ်။ စီးပွားရေးပြန်လည်ဦးမော့လာနိုင်ခြေရှိပါတယ်။ ဒါကို ပြတ်ပြတ်သားသားလုပ်ရဲကိုင်ရဲရှိတဲ့လူ လက်ထဲ အပ်လိုက်ရုံပါပဲ။
အကြောက်လွန်ရောဂါ
ကိုဗစ်ကြောင့် တစ်ကမ္ဘာလုံး စီးပွားရေးအကျပ်အတည်းဆိုက်နေကြချိန်မှာ သူလည်းကိုယ့်ကို မကယ်နိုင်၊ ကိုယ်လည်း သူ့ကိုမကယ်နိုင် ဖြစ်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံ စီးပွားရေး ကိုယ့်ဘာသာရှင်း၊ ကိုယ့်ပြဿနာ ကိုယ့်ဘာသာရှင်းဖြစ်နေတဲ့ အချိန်မှာ ပြည်တွင်းအရင်းအနှီးစုစည်းမှုအား တစ်ခုတည်းကသာ စီးပွားရေးကို ဆွဲတင်နိုင်မှာဖြစ်တယ်။ ဒါကြောင့် နိုင်ငံတိုင်းဟာ ဖြစ်လာမယ့် အင်ဖလေးရှင်းတစ္ဆေ အကြောက်လွန်မှုကို တုံ့ပြန်ရင်း စျေးကွက် နှိုးဆွမှုအစီအစဉ်တွေနဲ့ စခန်းသွားနေကြတာကို သတိပြုမိဖို့ လိုအပ်ပါတယ်။










