အမျိုးသားသင်္ကေတ အမှတ်အသားလက္ခဏာ (National Identity)

အမျိုးသားသင်္ကေတ အမှတ်အသားလက္ခဏာ (National Identity)
Published 5 December 2021
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

မိမိတို့ တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားများအနေဖြင့် လူတစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ယှဉ်ပြိုင်ကြရာတွင် အနိုင်ရရှိလိုစိတ် (အနိုင်ရလိုစိတ်) ရှိကြပုံများကို စာရေးသူ ငယ်ရွယ်စဉ် ကလေးဘဝ ကျေးရွာတွင် နေထိုင်လျက်ရှိချိန် အလှူပွဲ၊ ဘုရားပွဲ လူစုတတ်သည့် အချိန်တွင် ကျေးတောသူမကြီး တစ်ဦး ပြေကြားလေ့ရှိသည့် စကားဖြင့် စတင်ပါမည်။

ကျေးတောသူမကြီး ပွင့်ပွင့်လင်းလင်း ပြောကြားလေ့ရှိသည်မှာ “ငါတို့ကတော့ ဘယ်သူက ဘယ်လိုပဲ ထင်ထင် ကိုယ့်ရွာဘောလုံးအသင်းနဲ့ အခြားရွာဘောလုံးအသင်း ယှဉ်ပြိုင်ရင် ကိုယ့်ရွာဘောလုံးအသင်းက အနိုင်ရစေချင်တာပဲ။ နောက်ဆုံး ရွာထဲက ခွေးအချင်းချင်း ကိုက်ခဲ့ရင်တောင် ကိုယ့်ခွေးက အနိုင်ရချင်တာပဲ” ဆိုသည့် ကျေးတောသူမကြီး၏ဆန္ဒကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပြောကြား လေ့ရှိပါသည်။

စာရေးသူအနေဖြင့် လေ့လာသိရှိရသည်မှာ ကျန်လူပုဂ္ဂိုလ်ရွာ သူရွာသားများသည်လည်း ကျေး တောသူမကြီးကဲ့သို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မပြောကြားသော်လည်း သဘောထားမှာ အတူတူပင် ဖြစ်ပြီး ကွာခြားခြင်းမရှိသည်ကို တွေ့ရှိရပါသည်။ စာရေးသူတင်ပြလိုသည့်အချက်မှာ မိမိတို့၏ပြည်သူ ပြည်သားများမှာ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ အလွန်ပြင်းထန်လေ့ရှိပြီး ယှဉ်ပြိုင်ရမည်ဆိုပါက စည်းမျဉ်းစည်းကမ်း၊ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အရည်အချင်း၊ ကြိုးစားအားထုတ်မှု၊ တရားမျှတစွာ ယှဉ်ပြိုင်မှု စသည်တို့အပေါ်တွင် ကြည့်ရှုလေ့လာနိုင်ခြင်း မရှိဘဲ မိမိရပ်တည်လျက်ရှိသည့်ဘက်က အနိုင်ရရှိလိုကြခြင်းပင် ဖြစ်ပါသည်။

အထက်ဖော်ပြပါ စိတ်နေသဘောထားသည် ကျေးရွာအဆင့်တွင်သာမက ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်သို့ပင် ရောက်ရှိနေရာယူလျက်ရှိပါသည်။ အထူးသဖြင့် ပြည်နယ်များမှာ တိုင်းရင်းသားလူမျိုးစုအမည်များကို အခြေခံပြီး ရပ်တည်လျက်ရှိကြသဖြင့် မြေနယ်နိမိတ်ကို အခြေခံသည့်အစွဲနှင့် တိုင်းရင်းသားလူမျိုးစု အမည်ကို အခြေခံသည့်အစွဲများမှာ ကြီးမားကျယ်ပြန့်လျက်ရှိနေပါ သည်။ လူ့အဖွဲ့အစည်းတစ်ရပ် ရှင်သန်ဖွံ့ဖြိုးလာစေရေးအတွက် အထက်တွင်ဖော်ပြခဲ့သည့် အနိုင်ရလိုစိတ်၊ စွဲလမ်းစိတ်များကို ကောင်းမွန်စွာ အသုံးပြုနိုင်လျှင် တိုင်းပြည်နိုင်ငံ ဖွံ့ဖြိုးလာစေရန် အင်အားများအဖြစ် ပေါ်ထွန်းလာစေမည် ဖြစ်သော်လည်း မှန်ကန်စွာ အသုံးမပြုနိုင်ပါက လူ့အသက်များ သေကျေစေခြင်းနှင့် ပစ္စည်းဥစ္စာများ ပျက်စီးစေခြင်းတို့ကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်ပါသည်။

ယနေ့ မိမိတို့၏ တိုင်းပြည်နိုင်ငံသည် လွတ်လပ်ရေးရရှိပြီး ချိန်ကတည်းကပင် ပြည်တွင်းမငြိမ်သက်မှုများ၊ လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပေါ်စေခဲ့ပြီး ယခုအချိန်အထိ တိုင်းရင်းသား ပြည်သူအပေါင်းတို့၏ အသက်၊ သွေး၊ ချွေးတို့ဖြင့် ပေးဆပ်နေကြရသည်ကို တိုင်းပြည်နိုင်ငံတော်တွင် နေထိုင်ကြသူအားလုံး သိမြင်၊ တွေ့ရှိပြီးဖြစ်ကြမည်ဟု မျှော်လင့်ပါသည်။ အထက်ဖော်ပြပါအခြေအနေသည် မည်သည့်အကြောင်းရင်း များကြောင့် ဖြစ်ပေါ်ခဲ့ပါသလဲ။ ထိုကဲ့သို့ ဝမ်းနည်းဖွယ်ရာ အခြေအနေဆိုးများ မဖြစ်ပေါ်စေရန် မည်ကဲ့သို့ ချဉ်းကပ်ဆောင်ရွက်သင့်ပါသလဲ ဆိုသည့်မေးခွန်းများ ပေါ်ပေါက် လာစေပါသည်။ ဖော်ပြပါ မေးခွန်း များအတွက် အဖြေမျိုးစုံတည်ရှိနေမည်ဖြစ်ပါသော်လည်း စာရေးသူအနေဖြင့် အဖြေတစ်ရပ်အတွက် အဆိုပြုတင်ပြပါမည်။

ယနေ့ ရင်ဆိုင်တွေ့ကြုံနေကြရသည့် တိုင်းရင်းသားပြည်သူအပေါင်းတို့၏ လက်နက်ကိုင်ဆန့်ကျင်မှုများ ဖြစ်ပေါ်စေခဲ့ရသည် အထိ အထွေထွေမကျေနပ်မှုများသည် တိုင်းရင်းသားပြည်သူအပေါင်းတို့အား ကိုယ်စား ပြုစေမည့် အမျိုးသားသင်္ကေတ အမှတ်အသားလက္ခဏာ (National Identity) တစ်နည်းအားဖြင့် တိုင်း ပြည်နိုင်ငံတွင် နေထိုင်လျက်ရှိသည့် နိုင်ငံသားများကို ကိုယ်စားပြုစေမည့် အမျိုးသားသင်္ကေတ အမှတ်အသား လက္ခဏာကို စနစ်တကျ တည်ဆောက်ရန် ကြိုးစားအားထုတ်ခြင်း မပြုလုပ်ခဲ့ကြသည့် အကျိုးရလဒ်အဖြစ် စာရေးသူအနေဖြင့် ယုံကြည်လျက်ရှိပါသည်။ တိုင်းပြည်နိုင်ငံတော် ကိုယ်စားပြု အမျိုးသား သင်္ကေတအမှတ်အ သား လက္ခဏာရပ်များကသာ မတူကွဲပြားမှုများကို တူညီလာစေရန် ရင်ကြားစေ့ပေးပါလိမ့်မည်။ စာရေးသူ၏ ယုံကြည်ချက် မှန်ကန်ခြင်း ရှိ၊ မရှိကိုမူ စာဖတ်သူ အပေါင်း၏ သိမြင်၊ နားလည်၊ လက်ခံနိုင်မှု အခြေအနေဖြင့် ဝေဖန်သုံးသပ် ဆုံးဖြတ်ကြစေလိုပါသည်။

စာရေးသူအနေဖြင့် ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ တိုင်းပြည် နိုင်ငံတော်နှင့် ပြည်သူ ပြည်သားများ သို့မဟုတ် နိုင်ငံသားများ ကိုယ်စားပြု အမျိုးသား သင်္ကေတအမှတ် အသား လက္ခဏာသည် တိုင်းပြည် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် မည်ကဲ့သို့ အရေးကြီးပုံကို အဆိုပြုတင်ပြရန်နှင့် မိမိတို့ တိုင်းပြည်နိုင်ငံ၏ အတွေ့အကြုံများအရ တိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားပြုသည့် အမျိုးသားသင်္ကေတ အမှတ်အသား လက္ခဏာရပ်များမှာ အားကောင်းမောင်းသန် တည်ရှိနေပါသော်လည်း ပြည်သူ ပြည်သားများ သို့မဟုတ် နိုင်ငံသားအားလုံးတို့ အား စည်းလုံးညီညွတ်လာစေရန် စွမ်းဆောင်ပေးနိုင်စေမည့် တိုင်းပြည် နိုင်ငံတော် ကိုယ်စားပြု အမျိုးသား သင်္ကေတ အမှတ်အသား လက္ခဏာရပ်များ တည်ဆောက်ရန် ပျက်ကွက်ခဲ့သည့်အတွက် မည်ကဲ့သို့သော အကျိုးဆက်များ ဖြစ်ပေါ်ခဲ့ရသည်ကို ထင်ရှားစွာ သိမြင်လာစေရေးကို ရည်ရွယ်ကာတင်ပြခြင်း ဖြစ်ပါသည်။

ပထမဦးစွာ တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများ သို့မဟုတ် နိုင်ငံသားများကိုယ်စားပြု အမျိုးသားသင်္ကေတ အမှတ်အသား လက္ခဏာရပ်၏ အရေးကြီးပုံကို တင်ပြပါမည်။ တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများ သို့မဟုတ် နိုင်ငံသားများ ကိုယ်စားပြု အမျိုးသား သင်္ကေတအမှတ်အသား လက္ခဏာကို စနစ်တကျ မတည်ဆောက်နိုင်ခဲ့လျှင် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ အခွင့်အရေး တန်းတူညီမျှခြင်း စသည့် လောကပါလတရားများ ထွန်းကားလာနိုင်ခြင်း မရှိသည့်အပြင် ငြိမ်းချမ်းခြင်း နှင့် ဒီမိုကရေစီစနစ် သို့မဟုတ် ဒီမိုကရေစီကျင့်စဉ်ကိုလည်း အောင်မြင်စွာ ကျင့်သုံးလာစေရေး အကောင်အထည်ဖော် ဆောင်ရွက် လာနိုင်စေမည် မဟုတ်ပါ။

ဤနေရာတွင် ကိုယ်စားပြုခြင်းဆိုသည့် စကားရပ်သည် အရေးကြီးလာပါသည်။ တစ်စုံတစ်ဦး၏ကိုယ်စား၊ မိသားစုကိုယ်စား၊ အဖွဲ့အစည်းတစ်ခု၏ကိုယ်စား စသည်ဖြင့် ကိုယ်စားပြုခြင်း သဘောတရားများ တည်ရှိနေသကဲ့သို့ ကိုယ်စားပြုသည့် လူပုဂ္ဂိုလ်အား ခန့်အပ်ရာတွင်လည်း တိုက်ရိုက် တာဝန်ပေးခန့်အပ်ခြင်း (Appointed)၊ အဆိုပြုတင်ပြပြီး အများသဘောတူ ရွေးချယ်ခန့်အပ်ခြင်း (Chosen)၊ ကိုယ်စားပြုလိုပါသည် ဟု ဆန္ဒပြုထားသည့် ပုဂ္ဂိုလ်များထဲမှ မဲပေးရွေးချယ်ပြီး အများသဘောတူခန့်အပ်ခြင်း (Elected/Voted) စသည်ဖြင့် အမျိုးမျိုးကွဲပြားလျက် ရှိနေပါသည်။

သိပ္ပံနည်းကျ သီအိုရီ၊ သဘောတရားများကို အခြေခံပြီး ကိုယ်စားပြုခြင်းကို ရှင်းလင်းတင်ပြရန်အတွက် စာရေးသူ အထူးပြုလေ့လာခဲ့သည့် ကောက်ချက်ချ စာရင်းအင်း ပညာဘာသာရပ်တွင် ပါဝင်သည့် အချက်များဖြင့် တင်ပြလိုပါသည်။ ဘာသာရပ်ဆိုင်ရာများအရ တင်ပြမည်ဆိုပါက ခက်ခဲနက်နဲလှသည့်အတွက် ပေါ့ပေါ့ပါးပါး အလွယ်တကူ နားလည်သိမြင်စေနိုင်စေရေး အတွက်သာ ရှင်းလင်းတင်ပြမည် ဖြစ်ပါသည်။

ကောက်ချက်ချ စာရင်းအင်း ပညာဘာသာရပ်တွင် ဦးရေနှင့် နမူနာဟူ၍ အပိုင်းနှစ်ပိုင်းပါဝင်ပါသည်။ ဦးရေဆိုသည်မှာ လေ့လာလိုသည့်နယ်ပယ်ရှိ ယူနစ်အရေအတွက်ကိုခေါ်ဆိုပြီး နမူနာဆိုသည်မှာ လေ့လာလိုသည့်နယ်ပယ် သို့မဟုတ် ဦးရေ၏အစိတ်အပိုင်း ဖြစ်ပါသည်။ ဦးရေထဲမှ နမူနာကို ကိုယ်စားပြုစေရန် သီအိုရီ၊ သဘောတရားများ အသုံးပြုကောက်ယူပြီး လေ့လာစူးစမ်းဆန်းစစ်ချက်များ ပြုလုပ်ကာ ဦးရေအကြောင်းကို ခန့်မှန်းတင်ပြနိုင်စေရန် နမူနာမှ သတင်းအချက်အလက်များကို ထုတ်ဖော်တင်ပြခြင်းပင် ဖြစ်ပါသည်။

ဤနေရာတွင် နမူနာကို ဦးရေမှ ကောက်ယူရာတွင် နမူနာသည် ဦးရေကို ကိုယ်စားပြုရန် အရေးကြီးလှပါသည်။ အကယ်၍ ကိုယ်စားမပြုခဲ့ပါက ဦးရေအကြောင်းကို မတင်ပြနိုင်တော့ဘဲ နမူနာအပေါ်တွင် အခြေခံသည့် သတင်းအချက်အလက် တစ်နည်းအားဖြင့် နမူနာ၏ သတင်းအချက်အလက်ကိုသာ တင်ပြနိုင်မည်ဖြစ်ပါသည်။ နမူနာတွင် တွေ့ရှိရသည့် ဖြစ်ရပ်ကိုသာလျှင် တင်ပြနိုင်ပါမည်။ ဦးရေ၏အကြောင်းကို ဖော်ပြနိုင်မည် မဟုတ်တော့ပါ။ လေ့လာတင်ပြသည့် အကြောင်းအရာမှာလည်း ဦးရေကို ကိုယ်စားပြုပြီး တင်ပြနိုင် ခြင်းမရှိသည့်အတွက် သတ်မှတ်ထားသည့် ရည်ရွယ်ချက်ကို ရောက်ရှိနိုင်မည် မဟုတ်တော့ပါ။ ထို့ကြောင့် လေ့လာခဲ့သည့် အကြောင်းအရာသည် အချိန်ကုန်၊ ငွေကြေးကုန်၊ လူပန်းဖြစ်ပြီး အကျိုးမရှိသည့် အခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်ပါသည်။

ကိုယ်စားပြုခြင်း၏ ဆိုးကျိုးကို အကျဉ်းချုပ်အနေနှင့် တင်ပြရပါလျှင် ကောက်ချက်ချ စာရင်းအင်း ပညာဘာသာရပ်တွင် “ကိုယ်စားပြုခြင်း”ဆိုသည့် စကားရပ်နှင့် အသုံးပြုမှု အခြေအနေသည် အရေးကြီး လှပါသည်။ ကိုယ်စားပြုခြင်းမရှိဘဲ ကိုယ်စားပြုသည်ဟု ကောက်ချက်ချခဲ့လျှင် မှားယွင်းသော ဆုံးဖြတ်ချက် ဖြစ်စေပြီး လေ့လာသည့် အကြောင်းအရာအပေါ်တွင် မူတည်ကာ ဆိုးကျိုးများကို ရရှိခံစားရမည် ဖြစ်ပါသည်။ တိုင်းပြည် နိုင်ငံတော်ကို ကိုယ်စားပြုစေသည့် အမျိုးသားသင်္ကေတ အမှတ်အသား လက္ခဏာရပ်များအား လွဲမှားစွာ အသုံးပြုခဲ့ပါလျှင် အန္တရာယ်ပေါင်း မြောက်မြားစွာကို ဖိတ်ခေါ် နေသကဲ့သို့ ဖြစ်ပေါ်စေတတ်ပါသည်။

ယခုတင်ပြမည့် တိုင်းပြည် နိုင်ငံတော်နှင့် ပြည်သူပြည်သားများ သို့မဟုတ် နိုင်ငံသားများ ကိုယ်စားပြု အမျိုးသား သင်္ကေတအမှတ်အသား လက္ခဏာရပ်မှာ ကိုယ်စားပြုခြင်း သက်သက်သာမကတော့ဘဲ အကြောင်းအရာပေါ်တွင် သက်ဆိုင်သူအားလုံး၏ သဘောတူညီချက် ရရှိနိုင်စေရေး (Consensus) သည်လည်း အရေးကြီးသည့်အချက် ဖြစ်လာပါသည်။ အမျိုးသား သင်္ကေတ အမှတ်အသား လက္ခဏာသည် မိမိတို့၏ တိုင်းပြည် နိုင်ငံကို ကိုယ်စားပြုခြင်းသည်သာမက၊ တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားများ၊ နိုင်ငံသားအားလုံးတို့က သဘောတူ လက်ခံနိုင်သည့် အခြေအနေလည်း ရှိရမည်ဖြစ်ပါသည်။

တိုင်းပြည် နိုင်ငံတော်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များအား တိုင်းပြည်နိုင်ငံတော်ကို ကိုယ်စားပြုစေမည့် အချက်များ၊ သဘောတရားများကို ရှာဖွေဖော်ထုတ်ခြင်း မပြုဘဲ ဘက်လိုက်ခြင်း၊ ဥပမာအားဖြင့် တိုင်းပြည်နိုင်ငံတော်တွင် နေထိုင်သည့် တိုင်းရင်းသားအားလုံးတို့အား ကိုယ်စားပြုစေမည့်အချက်များကို ရှာဖွေဖော်ထုတ်ခြင်း မပြုဘဲ အင်အားသုံး၊ မဖြစ်မနေ အသုံးပြုစေရန် သတ်မှတ်ခဲ့ခြင်း၊ ထို့ပြင် တိုင်းပြည်နိုင်ငံတော်တွင် နေထိုင်လျက်ရှိကြသည့် တိုင်းရင်းသားများ၊ ပြည်သူပြည်သားများ အားလုံး သဘောတူညီချက်များ ရရှိစေရန် ကြိုးပမ်းအားထုတ်ခြင်း မပြုဘဲ အင်အားအသုံးပြုကာ ဇွတ်အတင်း ပြဋ္ဌာန်းစေခဲ့ခြင်းတို့သည် ယနေ့ မိမိတို့ တိုင်းပြည်နိုင်ငံတော် တွေ့ကြုံခံစားနေရသည့် အခြေအနေဖြစ်ပါသည်။

ဒုတိယအနေဖြင့် အမျိုးသား သင်္ကေတ အမှတ်အသား လက္ခဏာရပ်များ သဘောတရားကို တိုင်းရင်းသား လူမျိုးစုဆိုင်ရာရှုထောင့် နှင့် နိုင်ငံသားဆိုင်ရာရှုထောင့်အရ လေ့လာတင်ပြပါမည်။ ဖော်ပြပါ ရှုထောင့်နှစ်ရပ်အရ ဖြစ်ပေါ်လာစေနိုင်သည့် အခြေအနေများကို ပုံတွင် ဖော်ပြထားပါသည်။ အမှန်တကယ် မိမိတို့၏ တိုင်းပြည်နိုင်ငံ တော်နှင့် ပြည်သူပြည်သားများ၊ နိုင်ငံသားများကို ချစ်မြတ်နိုးသည့် ခေါင်းဆောင်၊ ဦးဆောင်သူများဖြစ်ခဲ့ပါမူ မိမိတို့ တိုင်းပြည်နိုင်ငံတော်တွင် တည်ရှိနေသည့် တိုင်းရင်းသား လူမျိုးစုအားလုံးတို့၏ အမျိုးသား သင်္ကေတ အမှတ်အသား လက္ခဏာရပ်များကို စနစ်တကျစစ်တမ်းများနှင့် ကွင်းဆင်းလေ့လာပြီးလျှင် တွေ့ရှိချက်များကို ပြည်သူပြည်သားအားလုံး သိမြင်နားလည်စေရန် ဖော်ထုတ်ပြီး တိုင်းပြည်နိုင်ငံတော် ကိုယ်စားပြု ပြည်သူပြည် သားများ၊ နိုင်ငံသားများ ကိုယ်စားပြုနိုင်စေမည့် အမျိုးသားသင်္ကေတ အမှတ်အသား လက္ခဏာရပ်များကို ဖော်ထုတ်တင်ပြပြီးလျှင် ပြည်သူ ပြည်သားများ၊ နိုင်ငံသားများအားလုံးတို့က သဘောတူလက်ခံလာစေရန် ကြိုးပမ်းအားထုတ်ဆောင် ရွက်မည် ဖြစ်ပါသည်။

တတိယအနေဖြင့် တိုင်းပြည်နိုင်ငံတော် ကိုယ်စားပြု ပြည်သူပြည်သားများ၊ နိုင်ငံသားများကိုယ်စား ပြုနိုင်စေမည့် အမျိုးသားသင်္ကေတ အမှတ်အသား လက္ခဏာရပ်များကို ဖော်ထုတ်နိုင်စေရေး ကြိုးစားကြရာတွင် တည်ရှိနေသည့် အမျိုးသား သင်္ကေတအမှတ်အသား လက္ခဏာရပ်များထဲမှ ဖော်ထုတ်ရသည်များ ရှိသကဲ့သို့ တိုင်းပြည်နိုင်ငံအတွင်းတွင် ထူးခြားအောင်မြင်စွာ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်စေသည့် ထုတ်ကုန်များကိုလည်း အသုံးပြုလေ့ ရှိကြပါသည်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံ၏ ကားထုတ်လုပ်မှုအနေနှင့် တိုယိုတာ၊ နစ်ဆန်း လျှပ် စစ်ပစ္စည်းအနေဖြင့် မစ်ဆူဘီရှီ စသည်ဖြင့် သော်လည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံ (တောင်ကိုရီး ယားသမ္မတနိုင်ငံ) အနေဖြင့် ကားထုတ်လုပ်မှုအနေဖြင့် အွန်ဒေးလျှပ်စစ်ပစ္စည်းအနေနှင့် ဆန်ဆောင်း စသည်ဖြင့်လည်းကောင်း တွေ့ရှိ နိုင်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများ၊ နိုင်ငံသား များအား ရည်ညွှန်းသော အမျိုးသား သင်္ကေတ အမှတ်အသား လက္ခဏာ (National Identity) ကို သတ်မှတ်ပြဋ္ဌာန်းရာတွင် တိုင်းပြည် နိုင်ငံတော်ကို ကိုယ်စားပြုစေသည့် အချက်သာမက တိုင်းပြည်နိုင်ငံ တော်တွင် နေထိုင်လျက်ရှိကြသည့် တိုင်းရင်းသား ပြည်သူပြည်သား နိုင်ငံသားအားလုံးတို့က သဘောတူ လက်ခံရမည့်အပြင် တိုင်းပြည် နိုင်ငံတော်အတွင်း ထူးခြားစွာစွမ်းစွမ်းတမံ အောင်မြင်စွာထုတ်လုပ် နိုင်သည့် ကုန်ပစ္စည်းအမျိုးအစားများသည်လည်း အလိုအလျောက် သတ်မှတ်ထားသကဲ့သို့ ဖြစ်ပေါ် ရရှိနိုင်ပါကြောင်း ရေးသားတင်ပြ အပ်ပါသည်။

 

Most Read

Most Recent