ရုရှားနိုင်ငံ၏သမိုင်းကို ပြန်ကြည့်လျှင် စိတ်ချလက်ချယုံကြည်စွာ ရပ်တည်ရှင်သန် နေထိုင်နိုင်ခဲ့ရသော တိုင်းပြည်တစ်ပြည် မဟုတ်ကြောင်း တွေ့ရမည်။
ရုရှားနိုင်ငံကို ဂျာမနီသည် ၂၀ ရာစု အတွင်း နှစ်ခါပြန် ကျူးကျော်ခဲ့၏။ ပြင်သစ် သည် ၁၉ ရာစုအတွင်း၊ ဆွီဒင်သည် ၁၈ ရာစု အတွင်း ရုရှားကို တစ်ကြိမ်စီ ကျူးကျော်ခဲ့ကြ ၏။ ဥရောပကျူးကျော်သူတို့၏ ထုံးတမ်းစဉ် လာနှင့်အညီ တိုင်းပြည်တစ်ခုကို နယ်ပယ် အပိုင်းအစပ်မှနေ၍ တတိတိလှိုက်စားခြင်းမျိုး မဟုတ်ဘဲ၊ ရုရှား၏ အချက်အချာနယ်မြေကို နက်နက်ရှိုင်းရှိုင်းထိုးဖောက်ဝင်ရောက်ကာ ထာဝရလက်အောက်ခံအဖြစ် ထားလိုသည့် ပုံစံမျိုးချိုးခဲ့ကြ၏။ ရာစုတစ်ခုချင်းစီမှ သဲကြီး မဲကြီးတိုက်ပွဲတို့သည် ရုရှား၏တည်ရှိမှုအ ပေါ် ခြိမ်းခြောက်ခဲ့ကြသည်။ ထိုအချက်ကို ရုရှားတို့အနေနှင့် မေ့ဖျောက်မရနိုင်ဘဲ နယ် စွန်ပယ်စွန် ပိုင်နက်နယ်မြေ အဖျားအနား ကစ၍ ဂရုတစိုက် ပြုမူလှုပ်ရှားရန် သင်ခန်း စာကို ရယူထား၏။ ရုရှား၏ အစဉ်အဆက် ခေါင်းဆောင်များကို ယခုအတိုင်း တွေးဆ ကောက်ချက်ချရန် သမိုင်းအကြောင်းရင်းခံက သင်ကြားပေးသည့်နှယ် ဖြစ်နေ၏။
ဤသဘောထားကို အခြေခံလာသည့် အတွက် ရုရှားသည် သူ့အိမ်နီးချင်းများကို ခြိမ်းခြောက်လာသည်။ အနောက်တိုင်း၏အ တွေးမှာ ဆိုဗီယက်ယူနီယံပြိုကွဲခြင်းကြောင့် ရုရှားသည် ကျန်နိုင်ငံများကို လွတ်လပ်ရေး လွယ်လွယ်ပေးရသည်ဟု ရှုမြင်ခဲ့၏။ ဆိုဗီ ယက်ပြိုကွဲမှုကို ကြိုတင်တွေးဆ မျှော်မြင်ခဲ့ သည့်တိုင် တကယ်ကြုံလာသောအခါ ရုရှား တို့ မျက်ကလူးဆန်ပြာ ဖြစ်ခဲ့ပါသည်။ မော်စ ကိုသည် အနောက်တိုင်းထံမှ အကောင်းဆုံး အတုခိုးစရာရခဲ့၏။ အသစ်ပေါ်ထွက်လာ သော လွတ်လပ်စ နိုင်ငံသစ်များသည် ကြား နေနိုင်ငံများအဖြစ် အလယ်တည့်တည့်မှ လျှောက်လှမ်းကာ ရုရှားအပေါ် ခြိမ်းခြောက် မှုတစ်စုံတစ်ရာ မပြုကြရန် ဖြစ်သည်။ သို့ သော် သမိုင်းတို့၏ သက်ရောက်မှုအားအင် သည် အစီအစဉ်တကျ ပေါ်ပေါက်ရန် ခဲယဉ်း သည့်ထုံးစံအတိုင်း ယူကရိန်းအစိုးရနှင့် ရုရှား တို့သည် တစ်စထက်တစ်စ နီးကပ်လာခဲ့ကြ သည်။ ဤဖြစ်စဉ်က ဆိုဗီယက်လွန်ခေတ်၌ အနောက်တိုင်း၏ မျှော်မှန်းအမြင်ကို ခြိမ်း ခြောက်ရုံသာမက ယူကရိန်းနိုင်ငံသားအများ စု၏ မျှော်လင့်ချက်ကိုပါ ပျက်ပြယ်စေခဲ့သည်။
ဆိုဗီယက်ယူနီယံပြိုကွဲပြီး ၂၄ နှစ်အ ကြာတွင် ယူကရိန်း၌ ပေါ်ပေါက်ခဲ့သော တော်လှန်ရေးက ရုရှားလိုလားသည့်အစိုးရကို ပြုတ်ကျစေခဲ့သည်။ အနောက်တိုင်း 'အထူးသဖြင့် အမေရိကန်တို့' ၏ ရပ်တည်ချက်မှာ ယူကရိန်းသည် လွတ်လပ်သောနိုင်ငံဖြစ်သည့် အတွက် သူနိုင်ငံ၊ သူ့ကိစ္စမှာ ရုရှားနှင့် လား လားမှ မဆိုင်ဟု သဘောပိုက်၏။ ယူကရိန်း တွင် အကျင့်ပျက်ခြစား၍ ဖိနှိပ်သော အစိုးရ တစ်ရပ် ရှိခဲ့သည့်အတွက် အမေရိကန်တို့၏ ကိုယ်ကျင့်ထုံးစံအရ အဆိုပါအစိုးရမင်းများ အား တော်လှန်သူမှန်သမျှကို ထောက်ပံ့လျက် သူတို့၏ ဒီမိုကရေစီအခွင့်အရေးများ တောင်း ဆိုစေချင်သည်။ ရုရှား၏အမြင်မှာ တစ်မူကွဲ ပြား၏။ သူ့အမြင်အရ နန်းကျသွားသော ယူကရိန်းအစိုးရသည် တရားဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ထားသော အစိုးရ ဖြစ်ပြီး အမေရိကန် (အပါအဝင် အခြားနိုင်ငံ များ) က အနောက်တိုင်းအလိုကျ အစိုးရတစ် ရပ် တက်လာစေရန် ပုံဖော်၍အာဏာသိမ်း စေခဲ့သည်ဟု ရှုမြင်သည်။ ထိုသို့ပြုလုပ်ခြင်း ဖြင့် အမေရိကန်ပြည်ထောင်စုသည် ဆိုဗီ ယက်ယူနီယံ အပြိုအကွဲတွင် ယူကရိန်းကို ရုရှား၏ထီးရိပ်အောက်မှ ကင်းလွတ်စေရန် အကြံကြီးကြံခဲ့သည်။ ခရီးမိုင်အကွာအဝေး အရ ၁၈ ရာစုနှစ်များအတွင်း ဆွီဒင်၏ကျူး ကျော်ခြင်းကို ခံခဲ့ရသော ယူကရိန်းပိုင်နက် ပိုလ်တာဗာနှင့် မော်စကိုမှာ မိုင် ၅၀၀ (၈၀၀ ကီလိုမီတာ) ကွာဝေးပါသည်။ ယူကရိန်း နယ် စပ် အခြားဒေသအများအပြားနှင့် မော်စကို မှာမူ ထိုမျှလောက် မဝေးပါ။
ယူကရိန်းတို့လုပ်ပုံကို အမေရိကန်များ မည်သို့တွေးသည်ဖြစ်စေ ရုရှားတို့ကမူ သူ တို့ကိုခြိမ်းခြောက်ရန်အတွက် ဒီမိုကရေစီကို အကြောင်းပြကာ အသံကောင်းဟစ်ခြင်းဟု ယုံကြည်ပြီး ရုရှားနိုင်ငံ၏ အမျိုးသားလုံခြုံရေး အရ လိုအပ်သလို ထိန်းသိမ်းခွင့်ရှိသည်ဟု မြင်ပါသည်။ အမေရိကန်တို့ ရှုထောင့်အရ ယူကရိန်းသည် မိမိနိုင်ငံအရေးကို မိမိတို့ကိုယ် တိုင် ဆုံးဖြတ်ပြဋ္ဌာန်းခွင့်ရှိသည်။ ရုရှားတို့၏ ရှုထောင့်အရ ထိုနည်းမျိုးဖြင့် ရုရှားကို အပြင် က ပတ်၍ မခြိမ်းခြောက်သင့်။ ပထဝီနိုင်ငံရေး ရှုထောင့်အရကြည့်လျှင် အမေရိကန်တို့၏ အာရုံစူးစိုက်ပုံမှာ ပြဿနာမဟုတ်ပါ။ သို့ သော် ရည်ရွယ်ချက်များ ပြောင်းလာသည် နှင့်အမျှ “အမေရိကန်ကြိုက်ယူကရိန်း”သည် ရုရှား၏ နှစ်ရှည်လများ မလုံခြုံသောအငုံ့ စိတ်ကို ပြန်ဆွပေးခဲ့၏။ ရုရှားသည် ယခင့် ယခင်က ကျူးကျော်ခံရမှုများတွင် ကျူးကျော် သူနှင့် မော်စကိုတို့အကြား ခရီးမိုင်အကွာ အဝေးကို အကြောင်းပြုကာ ရှင်သန်ရန် ရုန်း ကန်ခဲ့ရသည်။ လွန်ခဲ့သော ရာစုနှစ်များအ တွင်း ကျူးကျော်မှုများသည် ရုရှား၏ ပိုင် နက်နယ်မြေ အကျယ်အပြန့်ကို ကျော်ဖြတ် ရန်ခက်ခဲသည်သာမက နွေရာသီကာလ ကျူးကျော်မှုမှာ ရုရှား၏ဆောင်းတွင်းနှင့် တည့်တည့်တိုးကာ မအောင်မမြင် ဖြစ်ခဲ့ကြ သည်။ အမေရိကန်၏ “ရုပ်သေး”ဖြစ်သော ယူကရိန်းအဖို့ ဤနယ်မြေအကွာအဝေးကို မြေကြောရှုံ့ပြီးဖြစ်ကာ ကြားခံဇုန်ပြဿနာ လည်း ဖြေရှင်းရန် မရှိပါ။ နှစ်ရှည်လများ ရုရှားကို “ကာပေး”ခဲ့သောနယ်မြေသည် ယခု အခါ သီးခြားတိုင်းပြည် ဖြစ်သွားခဲ့ပေပြီ။
ဤပကတိတရားသည် ဆိုဗီယက်ခေတ် လွန် ရုရှားအတွက် “အိမ်မြှောင်မြီးပြတ်”ကိစ္စ ဟု ဆိုရမည်။ ယူကရိန်းသည် ရုရှားကာကွယ် ရေးစည်းကြောင်း၏ အရေးကြီးသော အစိတ် အပိုင်းဖြစ်ပြီး ယခုအခါ ထိုအခြေအနေမှ ရွေ့လျောသွားခဲ့၏။ ပြင်သစ်မှ မော်စကိုအထိ ပြန့်ပြူးစွာတည်ရှိနေသော ဥရောပမြောက် ပိုင်းလွင်ပြင်မှ ရုရှားကို ဝင်မည်ဆိုလျှင် ယူ ကရိန်း၏တည်နေရာသည် အဓိကစစ်ထိုးရာ လမ်းကြောင်း ဖြစ်နေသည်။ ဆိုဗီယက် ယူနီ ယံ၏ အနောက်ဘက်နယ်စပ်မှာ ဘယ်လာရုစ် ဖြစ်ပြီး တစ်ထောက်နားရာအရပ် ပိုလန်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပါသည်။
ဒုတိယအချက်မှာ ရုရှားကို ထိုးစစ်ဆင် ရန် ခက်ခဲသောအပိုင်းမှာ ကော့ကေးဆပ် တောင်တန်းကို ဖြတ်ရသည့်ဒေသဖြစ်သည်။ ပထဝီသဘာဝအားဖြင့် ကော့ကေးဆပ် တောင်တန်းများသည် ရုရှားကို တူရကီ၊ အီရန် နှင့် သူ့မဟာမိတ်များက ပိုင်းခြားထားသည်။ ဆိုဗီယက်တို့ ထိန်းချုပ်ခဲ့သော ထူထပ်လှသည့် ကော့ကေးဆပ်မြောက်ပိုင်း တောင်စဉ်တောင် တန်းများတွင် ချေချင်းညာနှင့် ဒါဂျက်စတန် တို့ ပါဝင်သည်။ ရုရှားနိုင်ငံ၏တောင်ဘက်၌ ထိုသို့သော ကြီးမားကျယ်ပြန့်သည့် ပထဝီ အတားအဆီး ရှိနေသည့်အပြင် အစ္စလာမ်စစ်သွေးကြွများကြီးစိုးရာဖြစ်၍ နယ်မြေ မငြိမ်မသက်မှုလည်း အားကောင်းသည်။ ယခင်က ဆိုဗီယက်ယူနီယံ၏ အစိတ်အပိုင်း ဖြစ်ခဲ့သော ကော့ကေးဆပ်တောင်ပိုင်းရှိ အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာနှင့် အာမေးနီးယား တို့သည် အရေးကြီးသည့် ကြားခံနယ်များဖြစ် သည်။
တတိယမြောက် ထိုးစစ်ဆင်လာနိုင်ဖွယ် လမ်းကြောင်းမှာ ဗဟိုအာရှဒေသဖြစ်သည်။ အဆိုပါဒေသတွင်း နိုင်ငံများမှာ ရုရှားကို ခြိမ်းခြောက်ရန် အကြောင်းမရှိ။ သို့သော် အာဖဂန်နစ္စတန်မှ အမေရိကန်တို့ ဆုတ်ခွာ ခြင်းနှင့်အတူ ကန်ရေပြင်ကို လှိုင်းဂယက်ထ စေခဲ့၏။ ကျန်ရစ်ခဲ့သော အစ္စလာမ္မစ်အစွန်း ရောက်များ၏ မငြိမ်သက်မှုက ရုရှားအပေါ် ထိပါးလာနိုင်ခြေ ရှိသကဲ့သို့ အာဖဂန်နစ္စတန် နယ်မြေအတွင်း ကန့်သတ်ပံ့ပိုးမှုပြုရန် အမေ ရိကန်က လေကြောင်းအခြေစိုက်နယ်မြေ ရှာဖွေနေဆဲဖြစ်၏။ ထို့ကြောင့် ရုရှားအ တွက် ဗဟိုအာရှဒေသလုံခြုံရေးသည် အရေး ကြီးလှ သည်။
အရှေ့ဆီ မျှော်ကြည့်လိုက်လျှင် ရုရှား နှင့် တရုတ်တို့ နယ်နိမိတ်ချင်း ထိစပ်ရာဒေသ ဖြစ်၏။ လက်ရှိကာလ၌ အမေရိကန်ကို ဘုံရန် သူအဖြစ်သတ်မှတ်ကာ ရုရှားနှင့် တရုတ်တို့ အကျိုးစီးပွားတူ ဖြစ်နေကြသော်လည်း နှစ် နိုင်ငံအကြား ယုံမှတ်၍ပုံအပ်မရသော သမိုင်း ကြောင်းက နက်နက်ရှိုင်းရှိုင်း တည်ရှိခဲ့၏။ အတိတ်ကာလက ရုရှားတို့သည် တရုတ်နှင့် မန်ချူးရီးယားကို ကျူးကျော်ခဲ့ဖူးသည်။ အမေ ရိကန်နှင့်ပူးပေါင်း၍ တရုတ်၏ နျူကလီးယား လက်နက် ဗဟိုပြုရာ လော့ပ်နားကို ရုရှားတို့ ဗုံးကြဲတိုက်ခိုက်ခဲ့ဖူး၏။ ၁၉၆၀ ပြည့်နှစ်များ အတွင်း တရုတ်နှင့် ဆိုဗီယက်ယူနီယံတို့အ ကြား နယ်စပ်ပဋိပက္ခများ ပေါ်ပေါက်ခဲ့သည် သာမက ဥဆူရီမြစ်ကြောင်းတစ်လျှောက် တိုက်ပွဲများ ဆင်နွှဲခဲ့ကြသည်။ မော်စီတုံးသည် ဆိုဗီယက်ယူနီယံကို အပြင်းအထန် ဆန့်ကျင် ခဲ့၏။ ၁၉၇၀ နှင့် ၁၉၈၀ ဆယ်စုနှစ်များအတွင်း အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့ ချစ်ကြည်ရင်းနှီးမှု၏ အနှစ် သာရမှာ ရုရှားကို ဦးတည်ဆန့်ကျင်ရန် ဖြစ် သည်။ ဤသို့သော သမိုင်းနောက်ခံအရ တရုတ် - ရုရှားနယ်စပ် သည် အကဲဆတ်လှသည့် နယ်မြေဖြစ်သည်။
တည့်တည့်ပြောရလျှင် ရုရှားသည် “အထိမခံ ရွှေပန်းကန်” နယ်စပ်များ ဝန်းရံ ထားသောနိုင်ငံဟု ဆိုနိုင်၏။ သို့ဖြစ်၍ ဤ အကျပ်အတည်းမှ လွန်မြောက်စေခြင်းငှာ သက်ဆိုင်ရာအိမ်နီးချင်းများကို ပါ၀ါအပျော့ ဖြင့် တိုးမြှင့်ချဉ်းကပ်ခဲ့၏။ ဆိုလိုသည်မှာ တပ်မ များ၊ တင့်ကားများ မစေလွှတ်ဘဲ မိမိသြဇာခံ တိုင်းပြည်များ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြဿနာများကို သိမ်သိမ်မွေ့မွေ့ အသုံးချ ခြင်းဖြစ်သည်။ ဤနည်းအားဖြင့် သမ္မတ အလက်ဇန္ဒားလူကာရှန်ကို၏ အုပ်ချုပ်မှု အောက်ဝယ် ဘယ်လာရုစ်နိုင်ငံ မတည်မငြိမ် ဖြစ်လာချိန်တွင် ရုရှား၏ပါ၀ါကို သုံးကာ သြဇာတက်ရန် ဆောင်ရွက်နိုင်ခဲ့သည်သာ မက ပိုလန် - ဘီလာရုစ်နယ်စပ်တစ်လျှောက် ၌ ပဋိပက္ခများ မွေးဖွားခဲ့သည်။ ဗဟိုအာရှ ဒေသရှိ နိုင်ငံအချင်းချင်းအကြား တင်းမာ မှုကိုအကြောင်းပြု၍ စီးပွားရေးဆိုင်ရာ ဆက် ဆံမှုများနှင့်အတူ ရုရှား၏သြဇာကို ချဲ့ထွင် ခဲ့သည်။ ကော့ကေးဆပ်တောင်ပိုင်းတွင် အ ဇာဘိုင်ဂျန်နှင့် အာမေးနီးယားအကြား ယာ ယီစစ်ပြေငြိမ်းနိုင်ရန် ငြိမ်းချမ်းရေးထိန်း သိမ်းမှုတပ်ဖွဲ့များ ချထားလျက် မတူညီသော လမ်းကြောင်းအမျိုးမျိုးဖြင့် ခြေကုပ်ယူထား သည်။ တရုတ်နှင့် ကောင်းမွန်သောဆက်ဆံ ရေးကို ထူထောင်ထားသည့်တိုင် တစ်ဦး၏ခြေကို နောက်တစ်ဦးက သတိရှိရှိ စောင့်ကြည့် လျက်ရှိသည်။
ဥရောပမြောက်ပိုင်းလွင်ပြင်၊ ကော့ကေး ဆပ်တောင်တန်းဒေသ၊ ဗဟိုအာရှနှင့် တရုတ် နယ်စပ်တို့သည် ရုရှားအတွက် အားလုံး အ ရေးပါသည်။ သို့သော် ရုရှားအတွက် အဓိက အရေးအကြီးဆုံးမှာ ယူကရိန်းရေးရာ ဖြစ် သည်။ ယူကရိန်းအရေးသည် အခွင့်အလမ်း ချောင်းနေသော အမေရိကန်အတွက် ကြောင် လက်သည်းဝှက်ထားဘိသကဲ့သို့ ရုရှားက သဘောထားသည်။ ဘီလာရုစ်ကို ရုရှားတို့ ကြိုက်သလို]စီမံ}နိုင်သော်လည်း ယူကရိန်းကို မူ အမေရိကန်၏စွက်ဖက်မှု မြင့်တက်လာမည့် အရေးကြောင့် သူ၏ပါ၀ါအပျော့ကို ထဲထဲ ဝင်ဝင် အသုံးမချနိုင်ပါ။ များမကြာမီ သီတင်း ပတ်များအတွင်း ရုရှားတို့ ယူကရိန်းကို ကျူး ကျော်ဝင်ရောက်လိမ့်မည်ဆိုသော ကောလာ ဟလများ ယခုပေါ်ထွက်နေ သည်။ သို့သော် ကျူးကျော်မှုအစစ်တို့မည်သည် ကြေညာရိုး ထုံးစံ မရှိ။ နောက်တစ်မျိုး တွက်ကြည့်သော် အမှန်တကယ် ကျူးကျော်လိုစိတ် မရှိလျှင် 'ကျူးကျော်လျှင်လည်း အရှုံးပေါ်မည်ဆိုလျှင်' ကြေညာသင့်ပါသည်။ ထိုသို့သော အခင်း အကျင်းမျိုး၌ ဒေသတွင်းအရေးများတွင် ဗီတို ကိုင်ဆောင်ထားသော ရုရှားအတွက် စိတ် ဓာတ်ရေးရာစစ်ဆင်ရေးတိုက်ပွဲ ဆင်နွှဲလာ နိုင်သည်။
မလွဲမသွေ သတိရသင့်သည်မှာ ရုရှား သည် သူ၏နယ်စပ်တစ်လျှောက် ရှုပ်ထွေး၍ အန္တရာယ်များသော စိန်ခေါ်မှုများနှင့် ရင် ဆိုင်နေရသည်။ ထိုအထဲမှ နိုင်ငံတစ်ခုခုသည် ထိန်းသိမ်းထားဆဲ အားမျှခြေအနေအထားမှ အချိန်မရွေး လွတ်ထွက်သွားနိုင်သည်။ အ ခြားသော တိုင်းနိုင်ငံများနည်းတူ ရုရှားတွင် လည်း အချိန်အခါ၊ အတိုင်းအတာ ကန့်သတ် ချက်များ ရှိနေ၏။ မော်စကိုသည် ကိစ္စအား လုံး တစ်ပြိုင်နက် ရှင်းပစ်သည်ထက် အရေး အရာတစ်ရပ်စီကို အချိန်အခါနှင့် အခြေအ နေပေါ်မူတည်လျက် တစ်ကန့်စီ ကြိုးပမ်း လှုပ်ရှားနေကြောင်း ရှင်းလင်းစွာ မြင်သာပါ သည်။ ထိုသို့ဆောင်ရွက်ရန် အတွက် အချိန် လိုအပ်သည်။ အမေရိကန်ပြည်ထောင်စု အနေနှင့် ထိုသို့မဆောင်ရွက်လေလေ၊ အချိန် သည် ရုရှားဘက်၌ ရှိလေလေ ဖြစ်သည်။ သို့သော် ရုရှားသည် အလောတကြီး မဆင် မခြင်ပြုရာမှ ပေါ်ထွက်လာနိုင်သော အ ကြောင်းတရားများကိုလည်း စိုးရွံ့နေသည်။ အရေးကြီးဆုံးမှာ ရန်သူများဝိုင်းနေသော ဒေသတို့ကို စီမံခန့်ခွဲရင်း ပဋိပက္ခတစ်ရပ်ရပ် မခေါ်ပင့်ချီ ရောက်လာပုံမျိုး ဖြစ်သည်။
ရုရှားသည် သူ့အမြင်အရ ဆိုဗီယက် ခေတ်က ခြိမ်းခြောက်မှုများအောက် ပိုမို လျော့ပါးလိုစိတ် ရှိလိမ့်မည်။ ထို့ကြောင့် ရုရှား အပေါ် ဖိအားများကြီးမားသော်လည်း ဖောက်ထွက်နိုင်သည့် အခွင့်အလမ်းများစွာ ရှိနေသည်။ ရုရှားအနေနှင့် ဖြည်းဖြည်းမှန်မှန် ဂရုပြုလှုပ်ရှားသော်လည်း ပကတိမြေပြင် အခြေအနေက ထိုသို့ရွေးချယ်ခွင့် ပေးပုံမရ ပါ။ ဤသို့သောအခြင်းအရာများအကြားမှ ရုရှားကို အမေရိကန်တို့ ကြိုတင်တွက်ချက် နိုင်စွမ်း ရှိမရှိ စောင့်ကြည့်ကြရတော့မည်ဖြစ် သည်။










